News

POST TYPE

EDITORIAL

ပရော်ဖက်ရှင်နယ် အရေးကြီးသည် (Daily Vol-6/No-234)
09-Jan-2019
အင်္ဂလိပ်ဘာသာစကား Professional ပရော်ဖက်ရှင်နယ် ဆိုသော ဝေါဟာရကို မြန်မာမှုပြုရာတွင် ‘ကြေးစား’ ဟု အလွယ်တကူ အဓိပ္ပာယ် သတ်မှတ်လိုက်ခြင်းသည် ပရော်ဖက်ရှင်နယ်၏ လေးနက်သော အနက်ကို ပေါ့တန်သွားစေသည်။ 

စင်စစ် ပရော်ဖက်ရှင်နယ် ဆိုသည်မှာ အတတ်ပညာရပ်တစ်ခုကို ပိုင်နိုင်ကျွမ်းကျင်စွာ တတ်မြောက်သူ၊ ဘဝရပ်တည်နိုင်သည်အထိ ယင်းအတတ်ပညာဖြင့် အသက်မွေးဝမ်းကျောင်း ပြုနိုင်သူ၊ မိမိတတ်မြောက်ထားသော ပညာရပ် အပေါ်တွင် လေးစားတန်ဖိုးထား သစ္စာရှိသူဟု ဖွင့်ဆိုနိုင်သည်။

ပရော်ဖက်ရှင်နယ်ဟု ပြောလိုက်သည်နှင့် နယ်ပယ်တိုင်းတွင် သက်ဆိုင်ရာ အတတ်ပညာအလိုက် စိတ်ချယုံကြည်အပ်သူ၊ မျက်နှာလွှဲထားနိုင်သူ၊ မိမိ ပရော်ဖက်ရှင်နယ်မှလွဲ၍ အခြားနယ်ပယ်များကို မစွက်ဖက်တတ်သူ၊ အခြား ပရော်ဖက်ရှင်နယ်များကိုလည်း အပြန်အလှန် လေးစားသူဟု နားလည်နိုင်သည်။

တစ်ပါတီအာဏာရှင်နှင့် စစ်အာဏာရှင်စနစ် ကြီးစိုးခဲ့သည့်အပြင် အစွန်းရောက်သော ကွန်မြူနစ်ဝါဒ ဩဇာကြီးခဲ့သော မြန်မာနိုင်ငံတွင် နယ်ပယ်တိုင်း၌ ပရော်ဖက်ရှင်နယ်များ ရှင်သန်ရပ်တည်ခွင့် နည်းပါးခဲ့သည်။

နှစ်ပေါင်းများစွာ အာဏာရှင်ကြိုက်၊ ခေါင်းဆောင်ကြိုက်၊ လူကြီးကြိုက်၊ ဆရာကြိုက် ခေါင်းညိတ်ထောက်ခံသူများ ကိုသာ နေရာပေးခဲ့သောကြောင့် နယ်ပယ်တိုင်းတွင် ပရော်ဖက်ရှင်နယ်များထက် အပျော်တမ်းသာသာ အဆင့်များ၊ အချောင်သမားများသာ နေရာယူထားခဲ့သည်။

ပိုဆိုးသွားသည်မှာ သီးသန့်ပရော်ဖက်ရှင်နယ် အဖွဲ့အစည်း၊ နယ်ပယ် တစ်ရပ်တွင် တာဝန်ထမ်းဆောင်မည့် မျိုးဆက်သစ်များကို ဘက်စုံနှံ့စပ်ထူးချွန်သူ များအဖြစ် အထင်ရောက်သွားစေရန် အခြား သာမန်ပြည်သူများထက် အရာရာ ပိုသာလွန်ကြောင်း၊ တစ်ချိန်တွင် နိုင်ငံတော်ကို ဦးဆောင်ရမည့်သူများ ဖြစ်ကြောင်း ဦးနှောက်အတွင်း ရိုက်ထည့်ပေးလိုက်သကဲသို့ လေ့ကျင့် သင်ကြားပေးလိုက်ခြင်း ဖြစ်သည်။

ထို့အပြင် ဖိနှိပ်ရက်စက်မှု ဒဏ်ရာဒဏ်ချက် များခဲ့သော အဖွဲ့အစည်းများ အတွင်းတွင်လည်း မိမိတို့ မည်မျှပေးဆပ်ခဲ့သည် ဆိုခြင်းဖြင့် တိုင်းတာကာ ပရော်ဖက်ရှင်နယ်များကို သက်ဆိုင်ရာ ကျွမ်းကျင်မှု နယ်ပယ်အလိုက် နေရာမပေးလိုခြင်း၊ ရန်သူ၊ မိတ်ဆွေ ခွဲခြား ကန့်သတ်ထားခြင်းတို့ ရှိနေခြင်းမှာ ပို၍ ဝမ်းနည်းစရာ ကောင်းပေသည်။

အကျိုးဆက်အားဖြင့် ယနေ့ အစစအရာရာ အခြေခံမှစ၍ တည်ဆောက် ပြုပြင်ရမည့် နိုင်ငံတည်ဆောက်ရေး လုပ်ငန်းများတွင် ပရော်ဖက်ရှင်နယ်များ၏ အင်အားကို အပြည့်အဝမရရှိနိုင်ဘဲ နယ်ပယ်အားလုံးတွင် မိမိတို့ သန်ရာသန်ရာ ရှုထောင့်မှ နားလည်သလို ကြုံသလို တစ်ပွဲထိုးဆန်ဆန် ပြုမူဆောင်ရွက်ခြင်းကြောင့် ခရီးမတွင်ဘဲ ဖြစ်နေပေသည်။

ရှေ့တွင် ရေရှည်ခရီးဆက်ရန် ရှိသေးသည့် ဒီမိုကရေစီပန်းတိုင်သို့ သွားရာလမ်းတွင် မိမိတို့ လေ့လာတတ်မြောက်ထားသည့် ပရော်ဖက်ရှင်နယ် အလိုက် နိုင်ငံတော်၏ နယ်ပယ်အသီးသီးတွင် တာဝန်ထမ်းဆောင်ကြခြင်း အားဖြင့် ပရော်ဖက်ရှင်နယ် ပီသကြောင်း၊ ပရော်ဖက်ရှင်နယ်ကို လေးစားကြောင်း ပြသကြရန် လိုပေသည်။

ပြည်သူ့ဆန္ဒဖြင့် ရွေးကောက် တင်မြှောက်လိုက်သော အာဏာသုံးရပ် အနေနှင့် သက်ဆိုင်ရာ နယ်ပယ်အလိုက် ပရော်ဖက်ရှင်နယ်များ ပေါ်ထွန်းလာစေရေး၊ ပရော်ဖက်ရှင်နယ် ဖွံ့ဖြိုးလာစေရေးအတွက် ယခုအချိန်ကပင် စတင်ပြင်ဆင်ရန် လိုအပ်ပြီး အပျော်တမ်းအဆင့်များ၊ အနားပြာများ၊ စိတ်တော်သိ ဗောင်းတော်ညိတ် များဖြင့်သာ စခန်းသွားပါက ပန်းတိုင်မရောက်မီ လမ်းပျောက်သွားနိုင်ကြောင်း သိစေလိုရင်းဖြစ်သည်။

အယ်ဒီတာ (၈-၁-၂၀၁၉)

(၁၂-၇-၂၀၁၆ နေ့ထုတ် The Voice Daily သတင်းစာတွင် ဖော်ပြခဲ့ပြီးသော အယ်ဒီတာ့အာဘော်ကို ပြန်လည်ဖော်ပြခြင်း ဖြစ်ပါသည်။)