News

POST TYPE

EDITORIAL

အဓိကနှင့် သာမည (Daily,Vol-6/No-228)
03-Jan-2019
မြန်မာ့နိုင်ငံရေး ရှေ့မတိုး နောက်မဆုတ်ဖြစ်နေသော အခြေအနေများကို လေ့လာကြည့်ပါက အရေးကြီးကိစ္စနှင့် သာမန်ကိစ္စ မကွဲပြားဘဲ အချင်းချင်း ငြင်းခုံ၊ စကားနိုင်လုကာ အုပ်စုကွဲ၊ ဂိုဏ်းကွဲကာ အကျိုးရှိသည့် အချိန်များ ဖြုန်းတီးသကဲ့သို့ ဖြစ်သွားခဲ့သည့် သာဓကများ ရှိခဲ့သည်။

တစ်နည်းအားဖြင့် ပြောရလျှင် အဓိကနှင့် သာမည မကွဲပြားခြင်း၊ ခွဲခြားနိုင်စွမ်း မရှိခြင်းတို့ကြောင့် နားလည်မှု အလွဲများ၊ ဘဏ္ဍာငွေ အဟောသိကံ ဖြစ်မှုများ၊ ဟန်ပြ၊ ရုပ်ပြ ဆန်လွန်းခြင်းများ၊ ရေများရာ မိုးရွာဖြစ်စဉ်များ၊ ဆန်စဉ်ရာ ကျည်ပွေ့လိုက် စီမံခန့်ခွဲမှုများဖြင့် ရှေ့သို့သာ သွားရမည့် ခြေလှမ်းများ ခဲဆွဲထားသကဲ့သို့ ဖြစ်နေခဲ့သည်။

အများပြည်သူအကျိုး ဆောင်ရွက်ရန် ဖွဲ့စည်းသည့် အသင်းအဖွဲ့၊ နိုင်ငံ ဖွံ့ဖြိုးရေးအတွက် အကောင်အထည်ဖော်မည့် လုပ်ငန်း၊ စီမံကိန်းများကိုပင်လျှင် မည်သည့်အလုပ်မျှ မစရသေးခင် အမည်နာမ အခေါ်အဝေါ်ကိစ္စတွင် သဘောထား ကွဲလွဲမှုများဖြင့် ရှေ့မတိုး၊ နောက်မဆုတ် ဖြစ်နေပေသည်။

အချို့စီမံကိန်း၊ စီမံချက်၊ လုပ်ငန်းများသည် မလိုအပ်ဘဲ ငွေကုန်ကြေးကျ များသွားခြင်းသာ အဖတ်တင်ပြီး စားဝတ်နေရေး ချို့တဲ့ကာ ပင်ပန်းတကြီး ရုန်းကန်နေရသည့် အခြေခံ ပြည်သူလူထုအတွက် လက်တွေ့ အသုံးမကျသော အပေါ်ယံ ဟန်ပြသက်သက် ဖြစ်နေခြင်းများလည်း တွေ့ရသည်။

အခြားသော ဘာသာရေး၊ လူမှုရေး၊ ပညာရေး၊ စီးပွားရေး နယ်ပယ် အသီးသီးတွင်လည်း ထိုကဲ့သို့ အပေါ်ယံ သာမညကိစ္စများနှင့် အလုပ်ရှုပ်နေခြင်းကြောင့် အရေးကြီး၊ အဓိက ကျသော လုပ်ငန်းကိစ္စများ လျစ်လျူရှု မေ့လျော့ ထားသကဲ့သို့ ဖြစ်နေပေသည်။

နိုင်ငံတော် အင်အား တောင့်တင်းရေးဟုဆိုပါက ရုပ်ပိုင်းဆိုင်ရာ ပစ္စည်းများကို ဦးစွာ စဉ်းစားလေ့ရှိကြပြီး နောက်ဆုံးပေါ် အိုင်တီနည်းပညာ အပါအဝင် အခြားနည်းပညာများကို ကျွမ်းကျင်စွာ ကိုင်တွယ် အသုံးပြုနိုင်သော အတတ်ပညာရှင်များ၊ ကိစ္စရပ်တိုင်းကို ယထာဘူတကျကျ၊ ကျိုးကြောင်း ဆက်စပ်မှုရှိရှိ၊ မှန်မှန်ကန်ကန် ဆင်ခြင်၊ တွေးခေါ်၊ စဉ်းစား၊ သုံးသပ်၊ ဆုံးဖြတ် လုပ်ကိုင်နိုင်သော လူ့စွမ်းအား အရင်းအမြစ်များ လေ့ကျင့်တည်ဆောက်၊ မြှင့်တင်ရေးကိုမူ မြန်ဆန်စွာ ဆောင်ရွက်ရန် လက်တွန့်နေတတ်သည်။

အဓိက နှင့် သာမည ခွဲခြားမမြင်နိုင်ပါက နာမည်နှင့် အခေါ်အဝေါ်များအပေါ်တွင် ခံစားချက်ဖြင့် ငြင်းခုံ၊ ရပ်ခံ၊ ကန့်ကွက်၊ ပြင်ဆင်၊ ပယ်ဖျက်၊ အသစ်ဖြင့် အစားထိုးခြင်းကိုသာ အဓိက ထားနေခြင်းကြောင့် လက်တွေ့ အလုပ်လုပ်ရမည့်ဘက်တွင် အားနည်းချည့်နဲ့သွားသည့် ကိစ္စရပ်များ လတ်တလော ကာလများ အတွင်းပင် ကြုံခဲ့ရပြီးဖြစ်သည်။

လက်ရှိ ကာလသည် မကြာခဏ ပြောဆိုနေကြသလိုပင် အရာရာ ပျက်စီးယိုယွင်း၊ ယိုင်နဲ့နေသော အိမ်အိုကြီးတစ်လုံးကို ပြင်ဆင်ရသည့်အချိန် ဖြစ်နေသောကြောင့် နိုင်ငံကို စီမံခန့်ခွဲရမည့် အစိုးရအဖွဲ့သည် ဘယ်အရာသည် အရေးတကြီး ဆောင်ရွက်ရမည့် အရေးပေါ် ပြဿနာ၊ ဘယ်ကိစ္စသည် တဖြည်းဖြည်း အချိန်ယူ လုပ်ကိုင်ရမည့် သာမန် ပြဿနာ ဟူ၍ ခွဲခြားမြင်နိုင်သူ၊ အရည်အချင်း ရှိသူ၊ လူမှန် နေရာမှန်များ ဖြစ်ရန် အထူး လိုအပ်လှသည်။

သို့မဟုတ်ပါက ပြည်သူလူထုက ကြည်ညိုလေးစားရင်းစွဲ ရှိထားသည့်အတွက် နာမည်ပေးခြင်း၊ မပေးခြင်းက ယင်းသို့ ကြည်ညိုလေးစားခြင်းကို ပြောင်းလဲ မပေးနိုင်မှန်း သိပါလျက်နှင့် ဒေသခံများနှင့် အတိုက်အခံဖြစ်စေမည့် ဗိုလ်ချုပ်အောင်ဆန်း နာမည်ကို တံတားအမည် ပေးခြင်းကဲ့သို့ ပြဿနာမျိုးကို ယင်းထက် အရေးကြီးသည့် ကိစ္စရပ်များစွာ ဆောင်ရွက်ရမည့် ဥပဒေပြု လွှတ်တော်အထိ တင်သွင်းရန်အထိ စဉ်းစားခြင်း၊ တင်သွင်းခြင်း၊ တင်သွင်း ခွင့်ပြုခြင်းတို့မှာ များစွာ နားလည်ရခက်လှသည်။

နိုင်ငံနှင့်ချီ၊ တစ်မျိုးသားလုံးနှင့်ချီ ဆောင်ရွက်စရာ၊ ပြုပြင်စရာ များစွာ ရှိနေသော ကာလမျိုးတွင် တံတားအမည် အငြင်းပွားမှုကို လွှတ်တော်၌ ကန့်ကွက်မိပါက မရည်ရွယ်ဘဲ ဗိုလ်ချုပ်အပေါ် အသိအမှတ်မပြုသည့် သဘောမျိုး သက်ရောက်သွားနိုင်သည့် ပြဿနာမျိုးကို လွှတ်တော်က ဆွေးနွေးရန် လက်ခံလိုက်ခြင်းမှာ အဓိက၊ သာမည ခွဲခြားနိုင်ခြင်း ရှိ၊ မရှိ၊ အမျိုးသား ရင်ကြားစေ့ရေး ဦးတည်ချက်နှင့် ကိုက်ညီခြင်း ရှိ မရှိ စဉ်းစား သုံးသပ်သင့်ကြောင်း ပြောလိုရင်းဖြစ်သည်။

အယ်ဒီတာ (၁-၁-၂၀၁၉)

(၂၈.၈.၂၀၁၄ နေ့ထုတ် The Voice Daily သတင်းစာတွင် ဖော်ပြခဲ့ပြီးသော အယ်ဒီတာ့အာဘော်ကို ပြန်လည်ဖော်ပြလိုက်ခြင်းဖြစ်ပါသည်။)