News

POST TYPE

EDITORIAL

ဟီရိဩတ္တပ္ပ နည်းလာကြသလား (Daily, Vol-6/No-225)
29-Dec-2018

လောကကြီးကို စိုးမိုးအုပ်ချုပ်နေတာက ဟီရိလို့ခေါ်တဲ့ အရှက်တရားနဲ့ ဩတ္တပ္ပလို့ ခေါ်တဲ့ အကြောက်တရား နှစ်ခုပဲရှိပြီး အဲဒီ လောကပါလ တရားနှစ်ပါး မရှိတော့ဘူးဆိုရင် လောကကြီး ပျက်စီးသွားမယ်ဆိုတာ အဘိဓမ္မာမှာရော သုတ္တန်မှာပါ အတိအလင်း ဆိုထားတယ်။

အားလုံး သိကြတဲ့အတိုင်း ဟီရိဩတ္တပ္ပဆိုတာ မကောင်းမှုပြုရမှာကို ရှက်ခြင်းနဲ့ မကောင်းမှုပြုရမှာကို ကြောက်ခြင်းပဲ။ ဒါကို လောကကို စောင့်ကြပ်တဲ့ လောကပါလတရား နှစ်ပါးအဖြစ် သတ်မှတ်ထားကြတယ်။ တစ်နည်းပြောရရင် ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းဖြစ်အောင် ထိန်းသိမ်းကြီးကြပ်ပေးတဲ့ စကြဝဠာလုံးဆိုင်ရာ လူယဉ်ကျေးကျင့်ဝတ်လို့တောင် ပြောနိုင်တယ်။

ဒီကနေ့ ကျွန်တော်တို့ မြန်မာလူ့အဖွဲ့အစည်းမှာရော ဒီလောကပါလ တရားနှစ်ပါးနဲ့ ညီအောင် နေထိုင်ကျင့်ကြံတဲ့သူ ဘယ်လောက်များ ရှိသလဲလို့ မေးစရာ ရှိတယ်။ ကျွန်တော်တို့ ကိုယ်တိုင်နဲ့ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ဒီလောကပါလ တရားနှစ်ပါးနဲ့ ညီတဲ့သူ၊ မညီတဲ့သူ ဘယ်လောက်များ ရှိနေမလဲ ဆန်းစစ်ကြည့်ဖို့ ကောင်းတယ်။

ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော်တို့ မြန်မာလူ့အဖွဲ့အစည်းမှာ ဟိုရှေးခေတ် အချိန်တွေနဲ့ နှိုင်းယှဉ်ကြည့်ရင် တဖြည်းဖြည်းနဲ့ ဟီရိဩတ္တပ္ပတရား အားနည်းလာတာ သတိပြုမိတယ်။ အဲလို အားနည်းလာတဲ့အတွက် မကြားဝံ့ မနာချင်စရာ အမှုအခင်းတွေ၊ ပြဿနာတွေ ပိုများလာတာပေါ့။

လောဘ၊ ဒေါသ၊ မောဟ များပြီး အပြိုင်အဆိုင်၊ အတိုက်အခိုက်တွေ တင်းကြမ်း ပြည့်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး လောကီနယ်ပယ်တွေ မဆိုထားနဲ့ လူ့အဖွဲ့အစည်းရဲ့ ထိပ်ဆုံးကနေ ဆုံးမ၊ ပဲ့ပြင်၊ လမ်းညွှန်ပေးရမယ့် ဘာသာရေးလို နယ်ပယ်မှာတောင် လောကပါလ တရားနဲ့ ချိတ်ဆက်ကြည့်ရင် တချို့ လွတ်ပါ့မလားလို့။ 

လောကပါလ တရားနဲ့ မညီတာတွေ ဘာဖြစ်လို့ အခုနောက်ပိုင်း များလာတာလဲလို့မေးရင် အကျိုးအကြောင်းဆိုတဲ့ လောကနိယာမလို့ပဲ ပြောရမှာပဲ။ ကောင်းမှုကုသိုလ်နဲ့ မကောင်းမှု အကုသိုလ်ကို ခွဲခြားသိနိုင်တဲ့ အသိဉာဏ် အားနည်းသွားရင်လည်း ဟီရိဩတ္တပ္ပ နည်းသွားတတ်တယ်။ ကုသိုလ်နဲ့ အကုသိုလ် ခွဲသိပေမယ့် အကုသိုလ်မှာပဲ ပျော်မွေ့တာ များနေတယ်ဆိုရင်တော့ ဆင်ခြင်ဉာဏ် အားနည်းသွားလို့ဖြစ်မယ်။

ဒီကနေ့ ကျွန်တော်တို့ ပတ်ဝန်းကျင်ကို ကြည့်လိုက်ရင် အသေးအဖွဲလို့ ထင်ရတဲ့ အမှုကိစ္စလေးတွေကအစ လူတော်တော်များများမှာ ဟီရိဩတ္တပ္ပ တရားနဲ့ မညီကြတော့ပဲ အကုသိုလ် မကောင်းမှုကို ထမင်းစား ရေသောက်လို ယဉ်ပါးလာတာ သတိထားမိတယ်။

အကြောင်းကတော့ ခေါင်မိုးမလုံလို့ မိုးယိုတယ်ဆိုတဲ့ ဥပမာလိုပဲ လူ့အဖွဲ့ အစည်းကို ဦးစီးခေါင်းဆောင်တဲ့သူတွေ ကိုယ်တိုင် အဲလို လောကပါလတရားနဲ့အညီ စီမံခန့်ခွဲ အုပ်ချုပ်တာ မဟုတ်လို့ပဲဆိုတဲ့ အဖြေထွက်လာတယ်။ လူတွေကို ယဉ်ကျေးအောင် ဆုံးမပဲ့ပြင် လမ်းညွှန်ပေးရမယ့် သူတွေကိုယ်တိုင် လောကပါလ တရားနဲ့ မညီတော့ဘူးဆိုရင်လည်း ခေါင်က မိုးမလုံတာပဲ။

သာမန် မိသားစုတစ်စုကနေ နိုင်ငံတော်အဆင့်အထိ အဆင့်ဆင့်အလိုက် ရှိနေတဲ့ ခေါင်းဆောင်တွေ ကိုယ်တိုင် ဟီရိဩတ္တပ္ပ ရှိရင် ရှိသလို မရှိရင် မရှိသလို သူတို့နောက်က လူ့အဖွဲ့အစည်းကလည်း ရောင်ပြန်ဟပ်နေတတ်တယ်။ 

ကျွန်တော်တို့ တစ်ဦးချင်းစီရဲ့ နိစ္စဓူဝ ပြောဆို၊ ပြုမူ၊ လှုပ်ရှား၊ ကြံစည်၊ ဆောင်ရွက်သမျှ အမှုကိစ္စ အားလုံးမှာ အရှက်၊ အကြောက် နှစ်ခုနဲ့ ထိန်းနိုင်ရင်ကို အေးချမ်းသာယာတဲ့ ပတ်ဝန်းကျင် ဖြစ်တယ်။ မထိန်းနိုင်ရင်တော့ ဆန့်ကျင်ဘက် ရလဒ် ကြုံရမှာပဲ။ 

ပြောချင်တာက ကျွန်တော်တို့ တစ်ဦးချင်းစီကနေ မိသားစု၊ အလုပ်ခွင်၊ အဖွဲ့အစည်း၊ အသိုင်းအဝိုင်း၊ လူမျိုးစု၊ ဒေသ၊ နိုင်ငံတော်၊ လူ့အဖွဲ့အစည်း တစ်ခုစီအလိုက် ဟီရိဩတ္တပ္ပတရားနဲ့ညီခြင်း မညီခြင်းက ကျွန်တော်တို့ ဒီကနေ့ ရောက်နေတဲ့ ယဉ်ကျေးမှု အဆင့်အတန်းနဲ့ တိုက်ရိုက် အချိုးကျတယ် ဆိုတာကိုပါ။

အယ်ဒီတာ (၂၉-၁၂-၂၀၁၈)
(၂၁-၁-၂၀၁၇ နေ့ထုတ် The Voice Daily သတင်းစာတွင် ဖော်ပြခဲ့ပြီးသော အယ်ဒီတာ့အာဘော်ကို ပြန်လည်ဖော်ပြခြင်း ဖြစ်ပါသည်။)