News

POST TYPE

EDITORIAL

သူရဲကောင်း၊ သူပုန်နှင့် ရယ်ဒီကယ် (Daily, Vol-6/No-222)
25-Dec-2018
မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက် အုပ်ချုပ်သူလူတန်းစား သို့မဟုတ် အာဏာလက်ဝယ်ရှိနေသူများ၏ စီမံခန့်ခွဲအုပ်ချုပ်မှုနှင့် ပြဿနာဖြေရှင်းနည်း ဖြေရှင်းပုံတို့သည် နိုင်ငံကို ပို၍ကောင်းမွန်သော အဆင့်အတန်းသို့ တင်ပေးနိုင်ခြင်း၊ ပြဿနာများ လျော့ပါးပြေလည်သွားခြင်းထက် အခြေအနေ ပိုဆိုးသွားစေရန် မီးထိုးပေးသကဲ့သို့ ဖြစ်နေတတ်သည်ကို ယနေ့အချိန်အထိ သတိပြုမိပုံမရပေ။ 

အထူးသဖြင့် တစ်ချက်လွှတ်အာဏာကို ကိုင်ထားသော သက်ဦးဆံပိုင်ဘုရင်များ၏ အကျင့်စရိုက်အများစုမှာ တိုင်းနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးထက် မိမိ၏ရာဇပလ္လင်ကို ကာကွယ်ရေးကိစ္စဘက်တွင် ပို၍ အရေးစိုက်ဆောင်ရွက်ခဲ့ကြသည်က များပေသည်။ 

သက်ဦးဆံပိုင်ပဒေသရာဇ်စနစ် သက်ဆိုးရှည်ကြာခဲ့သည့်အပြင် ကိုလိုနီစနစ်၊ ဖက်ဆစ်စနစ်၊ တစ်ပါတီအာဏာရှင်စနစ်နှင့် စစ်အာဏာရှင်စနစ်များဖြင့်သာ တောက်လျှောက်နီးပါး ဖြတ်သန်းလာခဲ့သော မြန်မာနိုင်ငံတွင် အုပ်ချုပ်ရေးအာဏာကို ဆက်ခံသူအားလုံးလိုလိုအပေါ်တွင် သက်ဦးဆံပိုင်ရှင်ဘုရင်များ၏ စရိုက်သဘာဝ တစ်နည်းမဟုတ်တစ်နည်း ဩဇာသက်ရောက်မှုရှိနေသည်။ 

ထို့ကြောင့် ပြဿနာများကို ချဉ်းကပ်၊ သုံးသပ်၊ ဆုံးဖြတ်၊ ဖြေရှင်းသည့် ပုံစံ၊ နည်းနာများမှာလည်း ဆင်တူနေခြင်းဖြစ်သည်။ သေးနေသည့် ဖိနပ်နှင့်မတော်သည့် ခြေဖနောင့်ကို ဖြတ်သည့်ပမာ တစ်စုံတစ်ရာ ပြဿနာပေါ်တိုင်း ပြဿနာ၏ နောက်ဆုံးမြင်နေရသည့် အပိုင်းကိုသာကြည့်၍ အရေးယူ၊ အပြစ်ပေးသည့် နည်းလမ်းဖြင့် ဖြေရှင်းသည်က များနေခြင်းမျိုးဖြစ်သည်။ 

ထိုကဲ့သို့နည်းလမ်းမျိုးဖြင့် ဖြေရှင်းခဲ့သောကြောင့် မူလက ရည်ရွယ်၊ မျှော်မှန်းမထားသော်ငြား ဖိအားနှင့် အရေးယူမှုများကို ခံရသောကြောင့်သော်လည်းကောင်း၊ မခံနိုင်လွန်း၍သော်လည်းကောင်း သူရဲကောင်းများ၊ သူပုန်များ၊ အစွန်းရောက်ဆန့်ကျင်သူများအဖြစ် အသွင်ပြောင်းသွားကြခြင်းဖြစ်သည်။ 

အနီးစပ်ဆုံးအားဖြင့် ၈၈ အရေးတော်ပုံကို အကြမ်းနည်းသုံး ဖြိုခွင်းပြီးနောက်ပိုင်း အများပြည်သူက လေးစားကြည်ညိုသွားသော သူရဲကောင်းများ၊ မခံချင်စိတ်ကြောင့် သူပုန်စိတ်ကိန်းအောင်းသွားသူများ၊ အဆုံးစွန်အထိ ဖိအားပေးခံရခြင်းကြောင့် အပြီးတိုင်ချေမှုန်းတိုက်ခိုက်လိုစိတ်ဝင်သွားသူ ရယ်ဒီကယ်သမားများ တစ်ဦးပြီးတစ်ဦး၊ တစ်ယောက်ပြီးတစ်ယောက်၊ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ပေါ်ပေါက်လာခဲ့ခြင်းက သက်သေဖြစ်သည်။ 

အချို့ကိစ္စများ၊ ပြဿနာများသည် လျစ်လျူရှုပေယျာလကန် ပြုထားခြင်းဖြင့်သော်လည်းကောင်း၊ နှစ်ကိုယ်ကြားဆွေးနွေးညှိနှိုင်း၊ အပေးအယူ၊ အလျှော့အတင်းလုပ် ချွေးသိပ်၍သော်လည်းကောင်း၊ မည်သည့် တုံ့ပြန်မှုမျှမလုပ်ဘဲ သည်းခံခွင့်လွှတ်ပေးခြင်းဖြင့်သော်လည်းကောင်း သူ့အလိုလို အသံတိုး၊ အသံတိတ်၊ ပျောက်ကွယ်သွား၊ ပြေလည်အေးချမ်းသွားတတ်သည်။ လယ်တီဆရာတော်ကြီး မိန့်ကြားခဲ့သလို “နွားထက်မိုက်၍ ရိုက်သောသူ၊ ရိုက်သူလည်းနွား၊ နွားလည်း နွား” ဆိုသကဲ့သို့ တစ်ခါတစ်ရံ မိုက်ရိုင်းစော်ကားသူကို တုံ့ပြန်သည့်နည်းလမ်းသည် ၎င်း၏ အဆင့်အတန်းနှင့် မိမိကိုယ်ကို တန်းတူဖြစ်စေရန် လျှော့ချလိုက်သကဲ့သို့ ဖြစ်သွားတတ်ခြင်းကို သတိချပ်ရမည်ဖြစ်သည်။ 

သို့ရာတွင် လုပ်ပိုင်ခွင့်အာဏာရှိခြင်း၊ ယင်းကိုမူတည်ကာ လာဘ်လာဘ ပေါများခြင်း၊ နောက်ဆက်တွဲ စည်းစိမ်ဥစ္စာ တိုးပွားလာခြင်းကဲ့သို့သော လောကဓံကို ခံနိုင်ရည်မရှိသူများက ယင်းအရာများကို ပိုင်ဆိုင်ရယူရန်၊ ကာကွယ်ရန်သာ စဉ်းစားကြသောကြောင့် မိမိအဆင့်အတန်းကို မိမိပြန်ချသကဲ့သို့ ဖြစ်သွားခြင်းကို သတိမမူမိကြပေ။ 

ထိုသို့ သတိမမူမိစေရန်လည်း အတုအယောင် ရွှေရည်စိမ် ညစ်မည်းစွန်းပေ ဒဿနများ၊ မြှောက်ပင့် ချီးပမှု အချိုသကာအုပ်ထားသော အဆိပ်လူးဆေးခါးများ၊ အရိပ်ယောင်ပေါင်းများစွာဖြင့် ဆပွားဖန်တီးထားသော နှစ်ဖက်ချွန်ဓားသွား လက်ခုပ်သံများက ပံ့ပိုးထောက်ကူကာ လမ်းမှားကို လမ်းမှားမှန်းမသိစေရန် ကာဆီးဖုံးအုပ်ပေးထားတတ်သည်။ 

အာဏာကို ဆုပ်ကိုင်မိလိုက်သည်နှင့် အာဏာ၏ အမှောင်ခြမ်းဘက်ကိုသာ အာရုံကျသွားတတ်သွားသူ ဉာဏ်ရည်နိမ့်၊ စေတနာမွဲ အာဏာရှင်များသာ မွေးဖွားပေးသကဲသို့ ဖြစ်နေသော လူ့အဖွဲ့အစည်းမျိုးတွင် လက်ရှိ မိမိရောက်ရှိနေသည့် အဆင့်အတန်း၊ နေရာဌာန၏ ဂုဏ်သရေကို နားလည်သဘောပေါက်နိုင်စွမ်း နိမ့်ပါးနေသမျှ သူရဲကောင်း၊ သူပုန်နှင့် ရယ်ဒီကယ်များကိုသာ မွေးဖွားပေးနေဦးမည်ဖြစ်ကြောင်း သိစေလိုရင်းဖြစ်သည်။ 

အယ်ဒီတာ (၂၅-၁၂-၂၀၁၈)

(၂၅ - ၉ -၂၀၁၈ နေ့ထုတ် The Voice Daily သတင်းစာတွင် ဖော်ပြခဲ့ ပြီးသော အယ်ဒီတာ့အာဘော်ကို ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။)