News

POST TYPE

EDITORIAL

မိတ်ဆွေကောင်းဆိုတာ (Daily,Vol-6/No-219)
23-Dec-2018

ဆင်းရဲတဲ့ဒဏ်ကို ခံနိုင်ရည်ရှိကြပေမယ့် ချမ်းသာတဲ့ဒဏ်ကို ခံနိုင်ရည်မရှိကြဘူး ဆိုတဲ့စကားက ကျွန်တော်တို့ မြန်မာလူ့အဖွဲ့အစည်းမှာ အများစု နားလည်လက်ခံထားသော ဆုံးမဆိုရိုးစကားတစ်ခုလို့ ဆိုရမယ်။

လောကဓံဆိုတာ အဆိုးရော၊ အကောင်းရော ရှိတယ်။ ဆင်းရဲနုံချာတာလည်း လောကဓံဖြစ်သလို ချမ်းသာကြွယ်ဝတာကလည်း လောကဓံပဲ။ ဆင်းရဲလို့ စာရိတ္တဖောက်ပြန်တာ လောကဓံကို မခံနိုင်တာဖြစ်သလို ချမ်းသာလို့ သီလမလုံခြုံတာလည်း လောကဓံကို အန်မတုနိုင်တာပဲ။

သာမန် သူလိုငါလိုဘဝ ဒါမှမဟုတ် မထင်မရှားဘဝမှာတော့ လောကဓံကို ခံနိုင်ရည်ရှိကြပေမယ့် အဆင့်မြင့်တဲ့ ရာထူး၊ အာဏာ၊ ဥစ္စာတစ်ခုခု ပြည့်စုံတဲ့ဘဝရောက်ရှိသွားရင် လောကဓံကို ခံနိုင်ရည်မရှိကြတဲ့သဘောလို့ ထပ်ဆင့်အဓိပ္ပာယ်ဖွင့်နိုင်တယ်။

လူ့သဘာဝအရ သာမန်အခြေအနေတစ်ခုကနေ ရာထူး၊ အာဏာ၊ ဥစ္စာမြင့်မားသွားတဲ့ အနေအထားတစ်ခုခု ရောက်သွားရင် မိတ်ဆွေကောင်း ရှားသွားတတ်တယ်။ အဲလိုအချိန်ဆို အနားမှာ အလိုလိုက်၊ အကြိုက်ဆောင်၊ ပြောသမျှ ခေါင်းညိတ်ထောက်ခံမယ့်သူတွေချည်း ရှိနေတတ်တော့တာကိုး။ 

ပြောရရင် လုပ်ပိုင်ခွင့်၊ ဆုံးဖြတ်ပိုင်ခွင့်၊ အမိန့်ပေးပိုင်ခွင့် အထူးမြင့်မားတဲ့နေရာ ရောက်ရှိသွားပြီဆိုရင် သက်ဦးဆံပိုင် ဘုရင်တွေအပေါ် စိတ်တော်သိ၊ ဗောင်းတော်ညိတ် အမတ်တွေပဲ ခစားသလို ကြံစည်၊ အားထုတ်၊ ပြောဆို၊ လုပ်ကိုင်သမျှ ထောက်ခံပေးသူတွေချည်းပဲ ဝန်းရံနေတတ်တာပေါ့။

ပုထုဇဉ်အဆင့်သာ ရှိနေသေးတဲ့ ကျွန်တော်တို့အပါအဝင် ဘယ်သူမဆို အထက်ဆိုခဲ့တဲ့အတိုင်း “ချမ်းသာ” တဲ့ဒဏ်ကို ခံနိုင်ရည်မရှိတဲ့အတွက် ကျွန်တော်တို့ပြောသမျှ အရာရာ အကြိုက်လိုက်၊ ထောက်ခံ၊ မြှောက်ပင့်၊ ချီးပ၊ အမွှန်းတင်၊ ဦးထိပ်ပန်ဆင် ကြသူတွေကိုပဲ ပစား၊ ချီးမြှောက်၊ နေရာပေး၊ အသုံးချတတ်ကြတာကိုး။

များသောအားဖြင့် အတွင်းပိုင်း အရည်အချင်း အားနည်းသူတွေဆိုတာ အာဏာရှိသူ၊ လုပ်ပိုင်ခွင့်ရှိသူ၊ ဩဇာကြီးသူတွေကို လိုတာထက်ပိုပြီး ခတွား၊ ဦးညွှတ်၊ ဒူးထောက် ဘုရားထူးပြီး သူတို့လိုချင်တဲ့ အခွင့်အရေးတွေရအောင် ဖန်တီးယူလေ့ရှိတတ်တယ်။

အဲလို မြှောက်ပင့်ချီးပတာတွေကို ယစ်မူးသွားတာနဲ့ တစ်ပြိုင်နက် လွဲနေ၊ တိမ်းနေတာတွေ၊ မှားနေတာတွေ၊ လိုအပ်ချက်၊ ချို့ယွင်းချက်ရှိနေတာတွေကို စေတနာနဲ့ ဟန့်တား၊ ထိန်းသိမ်း၊ ဝေဖန်၊ အကြံပြု၊ ထောက်ပြတတ်တဲ့ မိတ်ဆွေကောင်းတွေအပေါ် အလေးမထားတော့ဘဲ လျစ်လျူရှုထားတတ်ကြတယ်။

တကယ်တော့ လူပုဂ္ဂိုလ်တစ်ဦးဖြစ်ဖြစ်၊ အဖွဲ့အစည်းတစ်ရပ်ဖြစ်ဖြစ် ပြောဆိုလုပ်ကိုင်သမျှ ထောက်ခံ၊ ခေါင်းညိတ်၊ လက်ခုပ်တီးပေးတာက တစ်နည်းဆိုရရင် အောက်ခြေလွတ် ဘဝင်မြင့်သွားအောင်၊ အခြေအနေ ပိုဆိုးသွားအောင် အဆင်းကို ဘီးတပ်ပေးသည့်သဘောပဲ။

ခေါင်းညိတ်ထောက်ခံတာတွေကို သာယာယစ်မူးလာတာနဲ့အမျှ မိတ်ဆွေကောင်းတို့ရဲ့ ဘယ်လိုဝေဖန်၊ ထောက်ပြ၊ အကြံပေးချက်ကိုမဆို နားခါးလာတတ်တဲ့အပြင် တချို့ဆိုရင် အဲဒီမိတ်ဆွေကောင်းတွေကို ရန်သူသဖွယ် သဘောထားလာတတ်တယ်။

ပိုဆိုးတာက အသင်းအပင်း၊ အဖွဲ့အစည်းတွေမှာဆိုရင် အရည်အချင်းရှိတဲ့သူ၊ တော်တဲ့သူ၊ မိတ်ဆွေကောင်းပီသတဲ့သူတွေ နေရာမရအောင် အရည်အချင်းနည်းပြီး စိတ်ကောင်းမရှိတဲ့သူတွေက ပုဂ္ဂိုလ်ရေးလုပ်ကြံပြီး ဘေး ရောက်သွားအောင် ကန်ထုတ်တတ်ကြတာပဲ။

အရည်အချင်းရှိတဲ့သူတွေ ဝင်လာရင် ကိုယ့်နေရာဖယ်ပေးရမှာလည်း ကြောက်၊ ကိုယ့်ထက် သူတို့ကို ပိုပြီး ဦးစားပေးမှာလည်းစိုး၊ ကိုယ်အရည်အချင်းမရှိကြောင်း သိပ်ပေါ်လွင်သွားမှာကိုလည်း သောကရောက်နေကြတဲ့အတွက် လူတော်တွေ၊ ထက်မြက်သူတွေ၊ အရည်အချင်းရှိသူတွေ ဝင်မလာအောင် နည်းမျိုးစုံနဲ့ ဟန့်တားတတ်ကြတယ်။

လူပုဂ္ဂိုလ်ပဲဖြစ်ဖြစ်၊ အဖွဲ့အစည်းပဲဖြစ်ဖြစ် အမြင့်ကို ရောက်လာပြီဆိုရင် အိမ်နိမ့်စံဘဝက မိတ်ဆွေကောင်းဖြစ်ခဲ့တဲ့သူတွေ၊ အမြင့်ရောက်တဲ့အခါမှာလည်း စိတ်ထား၊ ခံယူချက်မပြောင်းဘဲ တစ်သမတ်တည်း ကျင့်သုံးတဲ့သူတွေ အနားမကပ်နိုင်တော့ဘူးဆိုရင် လူမှုရေးအရရော၊ နိုင်ငံရေးအရပါ ဆုံးရှုံးမှု သိပ်ကြီးတတ်တယ်။

အထူးသဖြင့် သေးငယ်တဲ့ မိသားစု၊ ကျေးရွာ၊ ရပ်ကွက်၊ မြို့နယ်အဆင့်ကနေ နိုင်ငံတစ်နိုင်ငံ၊ လူ့အဖွဲ့အစည်းတစ်ရပ်အထိ အဆင့်အလိုက်ရှိနေတဲ့ ဥပဒေပြု၊ စီမံခန့်ခွဲအုပ်ချုပ်သူ နေရာရောက်သွားရင် အနားမှာ မိတ်ဆွေကောင်း နည်းသွားတတ်တဲ့အတွက် ကာယကံရှင်တစ်ဦးချင်းအတွက်တင်မက ကိုယ်စားပြု အဖွဲ့အစည်း နယ်ပယ်အထိပါ ဆိုးကျိုးသက်ရောက်စေနိုင်တာကို သတိပြုမိစေ လိုရင်းပါ။

အယ်ဒီတာ (၂၂-၁၂ -၂၀၁၈)

(၂၇-၅-၂၀၁၇ နေ့ထုတ် The Voice Daily သတင်းစာတွင် ဖော်ပြခဲ့ပြီးသော အယ်ဒီတာ့အာဘော်ကို ပြန်လည်ဖော်ပြခြင်း ဖြစ်ပါသည်။)