News

POST TYPE

EDITORIAL

မြန်မာတွေ ပိုရိုင်းလာကြသလား (Vol-6/No-200)
01-Dec-2018

ဒီဘက်ခေတ်မှာ မြန်မာလူမှုပတ်ဝန်းကျင်ကို လေ့လာကြည့်ရင် ယဉ်ကျေးမှု ရေချိန်နိမ့်သွားသလားလို့ မေးစရာဖြစ်လာတယ်။ အဲလိုမေးရလောက်အောင်လည်း နေ့စဉ် မြင်ကြားတွေ့သိနေရတာတွေက ပံ့ပိုးပေးသလိုဖြစ်နေတယ်။

အနိမ့်ဆုံးအဆင့် လမ်းမှာ တစ်ယောက်နဲ့တစ်ယောက် မတော်တဆ ပခုံးချင်းတိုက်မိရင်တောင် ကန်တော့၊ ဆောရီးပြောတဲ့သူ သိပ်နည်းသွားတယ်။ ဘတ်စ်ကားပေါ်မှာ၊ လေဆိပ်မှာ ဦးစားပေးရမယ့်သူတွေအတွက် ထိုင်ခုံနေရာ ဖယ်မပေးချင်ကြတော့ဘူး။

စကားပြောရင် မယဉ်ကျေးတဲ့ အသုံးအနှုန်းတွေ ပိုများများလာတယ်။ အများစုက မကြားဝံ့မနာသာ စကားလုံးတွေကို ပုံမှန်ပြောနေကျလို ထည်လဲသုံး ပြောလာကြတယ်။ လူကြီးသူမ၊ ဆရာသမား၊ ရဟန်းသံဃာကို ပြောဆိုတဲ့ အခေါ်အဝေါ် ဝေါဟာရ အသုံးအနှုန်းတွေ မသိကြတော့ဘူး။

လူတွေကို ကြည့်တဲ့အခါ ရိုင်းတဲ့ မျက်လုံးမျိုးဖြစ်မသွားအောင်၊ လိုသည်ထက်ပို အချိန်ကြာကြာ မျက်လုံးချင်း တည့်တည့်စိုက်မကြည့်ဖြစ်အောင်၊ ဆောင်းထားတဲ့ ဦးထုပ်ကနေ ဝတ်ထားတဲ့ အဝတ်အစား၊ စီးထားတဲ့ ဖိနပ်အထိ ခြေဆုံး ခေါင်းဆုံး အပြန်ပြန်အလှန်လှန် မကြည့်ဖြစ်အောင်၊ အစားတစ်ခုခု စားနေတဲ့သူကို စိုက်မကြည့်ဖြစ်အောင် မျက်စိကျင့်ဝတ်တွေ လျစ်လျူရှုလာကြတယ်။

ကားမောင်းတဲ့အခါ လမ်းသွယ်ထဲကထွက်ဖို့ စောင့်နေတဲ့ကား၊ ဆန့်ကျင်ဘက်ယာဉ်ကြောကနေ ကိုယ့်ဘက်ယာဉ်ကြောကို ချိုးကွေးဖို့အတွက် လမ်းလယ် ဖြတ်မျဉ်းမှာ စောင့်နေတဲ့ကား၊ ကိုယ့်ရှေ့မှာ အချက်ပြမီးပြပြီး ယာဉ်ကြောပြောင်းဖို့ ကြိုးစားနေတဲ့ကားတွေကို သိသိချည်းနဲ့ ကိုယ့်ရှေ့က အဝင်မခံချင်လို့၊ ရပ်ပြီး လမ်းမပေးဘဲ ရှေ့ကားနောက်က ဇွတ်အတင်းလိုက်ကပ်နေတဲ့ကား၊ ကြက်ခြေခတ်ပုံ မျဉ်းဝါကွက်မှာ ပိတ်ရပ်တဲ့ကား၊ မီးပွိုင့်မှာ အရှိန်မလျှော့ဘဲ အမြန်မောင်းတဲ့ ကားတွေ တစ်နေ့တခြား ပိုများလာတယ်။

အွန်လိုင်းလူမှုကွန်ရက်ပေါ်မှာလည်း ကိုယ့်ရပ်တည်ချက်၊ အယူအဆနဲ့ မတူညီတဲ့ အကြောင်းအရာတွေအပေါ် ကျိုးကြောင်းကျ၊ ယဉ်ယဉ်ကျေးကျေး၊ လူကြီးလူကောင်းဆန်ဆန်၊ သဘောကွဲလွဲ၊ ငြင်းခုံတာမျိုးထက် ကိုယ့်အထင်နဲ့ တံဆိပ်ကပ်၊ စွပ်စွဲ၊ အဆိုးပြော၊ အပြစ်တင်၊ အပုပ်ချ၊ အောက်တန်းကျကျ ဆဲဆိုတိုက်ခိုက်၊ လုပ်ကြံတဲ့သူတွေ ပိုတိုးလာတယ်။

ဖျော်ဖြေရေးအတွက် တင်ဆက်တဲ့ပြိုင်ပွဲပုံစံ ရုပ်သံအစီအစဉ်တွေမှာတောင် ကိုယ်အားပေးတဲ့သူအပေါ် လွန်လွန်ကဲကဲ အမွှမ်းတင်ပြီး ကိုယ်အားပေးတဲ့သူရဲ့ ပြိုင်ဘက်အပေါ်မှာတော့ ဘာမဟုတ်တဲ့ အသေးအဖွဲကအစ အပြစ်ရှာကြံပြီး သေးသိမ်၊ နှိမ့်ချတဲ့ စော်ကားမှုဆန်ဆန် စကားလုံးတွေနဲ့ ပစ်ပေါက်တိုက်ခိုက်နေကြတာ မြင်မကောင်းဘူး။

အခုနောက်ပိုင်း ရဲစခန်းတွေမှာ ကိုယ်ထိလက်ရောက်မှုတွေ၊ တုတ်တစ်ပြက်၊ ဓားတစ်ပြက်မှုတွေ၊ သေနတ်ပစ်မှုတွေ၊ ရိုက်နှက်လုယက်မှုတွေ၊ အဓမ္မကျင့်မှုတွေ၊ ဂိုဏ်းစတားဆန်ဆန် အုပ်စုဖွဲ့ အနိုင်ကျင့်မှုတွေ၊ ဘာမှ မဟုတ်တဲ့ ပြဿနာလေးနဲ့ လူသတ်မှုဖြစ်သွားတာတွေ အတွေ့ရ သိပ်များလာတယ်။

တည့်တည့်ပြောရရင် မြန်မာတွေ အရင်ထက်ပိုပြီး ရိုင်းလာကြသလား ဆိုတာပါ။ ကိုယ့်ပတ်ဝန်းကျင်မှာ နေ့စဉ်ကြုံနေရတာတွေနဲ့ ချိန်စက်ကြည့်ရင် လွန်ခဲ့တဲ့ နှစ်သုံးဆယ်၊ လေးဆယ်ထက်စာရင် ပိုရိုင်းလာတယ်လို့ မလိမ်မညာစတမ်း ဖြေကြရမယ်ထင်တယ်။ ဒါနဲ့ ပတ်သက်ပြီး စစ်တမ်းတစ်ခုလောက် ကောက်ကြည့်ရင်တော့ ခိုင်ခိုင်မာမာ ပိုပြောနိုင်မှာပေါ့။

ကောင်းပြီ။ ဒါဆို မြန်မာတွေ ဘာ့ကြောင့် ဒီလောက် ရိုင်းသွားကြတာလဲ။ ဖြစ်နိုင်ခြေရှိတဲ့ အကြောင်းအရင်းက အမျိုးမျိုးရှိနိုင်တယ်။ သေချာတာကတော့ ကုန်ခဲ့တဲ့ အနှစ်လေးဆယ်အတွင်း ဒီနိုင်ငံကျင့်သုံးခဲ့တဲ့ နိုင်ငံရေးစနစ်၊ စီးပွားရေးအဆင့်အတန်း၊ ပညာရေးမူဝါဒ၊ ဘာသာရေးအခြေခံမူ ဥပဒေစိုးမိုးမှုရေချိန် ဒေါက်တိုင်လေးခုကြောင့်လို့ ပြောရမယ်ထင်တယ်။

အာဏာရှင်စနစ်အောက်မှာ အုပ်ချုပ်သူတွေနဲ့ အုပ်ချုပ်ရေးယန္တရားက အချင်းချင်းအကြားမှာရော ပြည်သူတွေနဲ့ ထိတွေ့တဲ့အခါမှာရော အသက်အရွယ်အရ ဆက်ဆံတာမျိုးထက် ရာထူးကြီးငယ်အလိုက် လက်အောက်ငယ်သားအပေါ်မှာ သိပ်ကိုဖိဖိနှိပ်နှိပ် ဆက်ဆံတဲ့ပုံစံမျိုးဖြစ်ခဲ့တဲ့အတွက် ဒီလိုဆက်ဆံပုံတွေက နိုင်ငံသားတွေစိတ်ထဲ တစ်နည်းမဟုတ်တစ်နည်း ကူးစက်သွားခဲ့တယ်။

ပိုဆိုးတာက ကျောင်းသင်ခန်းစာတွေမှာ ပြည်သူ့နီတိလို နိုင်ငံ့အရေး အရာတွေနဲ့ ကျင့်ဝတ်နီတိ ပြဋ္ဌာန်းချက်တွေထည့်ပြီး သင်ပေးတာမျိုး ခါးဆက်ပြတ်သွားခဲ့တာပဲ။ အကျိုးဆက်က နိုင်ငံတကာမပြောနဲ့ ပြည်တွင်းမှာတောင် အချင်းချင်းအကြား နားလည်မှုတွေ လွဲကုန်တယ်။

တကယ်တော့ ဒီဘက်ခေတ်မှာ မြန်မာတွေ တဖြည်းဖြည်း ယဉ်ကျေးမှု အခြေခံတွေ ကျဆင်းသွားရတာကို သတ္တုချကြည့်ရင် အမှောင်ခေတ်နဲ့တူတဲ့ ကာလဆိုးကြီးတစ်ခုကို ကျော်ဖြတ်လာခဲ့တဲ့ မြန်မာပြည်သူ၊ ပြည်သားတွေရဲ့ ကံဆိုးမှုလို့ ဆိုရမယ်။ ဒီအခြေအနေကို ပြုပြင်ဖို့အတွက် မျိုးဆက်အဟောင်းကို မျှော်လင့်ချက် သိပ်ထားလို့မရတော့ဘူး။ မျိုးဆက်အသစ်ကို လေ့ကျင့် ပြုစုပျိုးထောင်ပေးသွားဖို့ဆိုရင် နောက်ထပ် မျိုးဆက် နှစ်ဆက်လောက် စောင့်ရမယ်။

အဲဒီအတွက် အခုကတည်းက စနစ်တကျ သုတေသနလုပ်၊ စစ်တမ်းကောက်ပြီး ရေတို၊ ရေရှည် စီမံကိန်းတွေနဲ့ ကုစားဖြေရှင်းနည်းတွေ ရှာထားဖို့ လိုမယ်။ အဲလိုမလုပ်ဘဲ ဒီအတိုင်း မျှောလိုက်နေရင် ဒီနိုင်ငံ၊ ဒီလူ့အဖွဲ့အစည်း ယဉ်ကျေးမှုရေချိန်မြင့်လာဖို့ စိတ်ကူးယဉ်ကြည့်စရာတောင် မရှိဖြစ်သွားမယ်ဆိုတာ သတိချပ်ကြစေချင်တယ်။ လောလောဆယ်တော့ ဘယ်သူ့အပေါ်ကိုမဆို၊ ဘယ်ကိစ္စမျိုးကိုမဆို ကိုယ်ကစပြီး ယဉ်ကျေးပြတာက လက်တွေ့အကျဆုံးနဲ့ ဖြစ်နိုင်ခြေအရှိဆုံးလို့ ဆိုပါရစေ။ 

အယ်ဒီတာ (၂-၁၂-၂၀၁၈)
(၂၇-၁၀-၂၀၁၈ နေ့ထုတ် The Voice Daily သတင်းစာတွင် ဖော်ပြခဲ့ပြီးသော အယ်ဒီတာ့အာဘော်ကို ပြန်လည်ဖော်ပြခြင်း ဖြစ်ပါသည်။)