News

POST TYPE

EDITORIAL

မီဒီယာကို မည်သို့ နားလည်ကြသနည်း၊ ဘာ့ကြောင့်နည်း (Daily, Vol-6/No-199)
29-Nov-2018

ယနေ့ အပြောများနေသော Media Literacy ကို မီဒီယာနှင့်ပတ်သက်သော သိမြင်နားလည်မှု သို့မဟုတ် မီဒီယာအသိရေချိန်ဟု ဆိုနိုင်သည်။ မီဒီယာကို မည်သို့ မည်ပုံ လက်ခံ၊ ဝေဖန်၊ ပိုင်းခြား၊ သုံးသပ်၊ ဆန်းစစ်၊ စားသုံး၊ ဖန်တီးရမည်ကို သိမြင်နားလည်သည့် စွမ်းရည်ဟုလည်း ဖွင့်ဆိုနိုင်သည်။

မီဒီယာခေါင်းစဉ်အောက်တွင် အများပြည်သူသိရှိ၊ ခံစား၊ နားလည်၊ သိမြင်စေရန် အသိပေးသော ကြားခံပစ္စည်း၊ နည်းလမ်းမှန်သမျှ အကျုံးဝင်နေရာ အခြားသော အဓိပ္ပာယ်ဖွင့်ဆိုမှုများလည်း အသီးသီးရှိနေသောကြောင့် ဤနေရာတွင် သတင်းမီဒီယာများကို အဓိက ဇောင်းပေးပြောလိုသည်။

မကြာသေးခင် ရက်ပိုင်းကပင် အသစ်ပြန်လည်ဖွဲ့စည်းလိုက်သည့် သတင်းမီဒီယာ ကောင်စီနှင့် နိုင်ငံတော်အတိုင်ပင်ခံတို့ နေပြည်တော်တွင် တွေ့ဆုံရာတွင် သတင်းမီဒီယာများအပေါ် အတိုင်ပင်ခံ၏ ထင်မြင်ယူဆချက်၊ မေးခွန်းထုတ်မှုများနှင့်ပတ်သက်၍ အမျိုးမျိုးသော အကောက်အယူများ၊ ဖွင့်ဆိုဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။

အထူးသဖြင့် Mainstream Media ခေါ် ပင်မသတင်းမီဒီယာများနှင့် Social Media ခေါ် အွန်လိုင်းလူမှုကွန်ရက်မီဒီယာနှစ်ခု၏ သဘောသဘာဝကို အရောရောအထွေးထွေး ဖြစ်နေပုံရသော သို့မဟုတ် လက်ခံနားလည်မှု လွဲချော်နေပုံရသော နိုင်ငံတော်အတိုင်ပင်ခံ၏ သဘောထားအမြင်အပေါ် ကျယ်ပြန့်သော မှတ်ချက်များ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

Maintream Media သို့မဟုတ် Mass Media သည် သတင်းအတတ်ပညာကို စနစ်တကျ လေ့ကျင့်သင်ကြားပေးထားသော သတင်းထောက်များ၊ အယ်ဒီတာ၊ ထုတ်ဝေသူများဖြင့် တည်နေရာ၊ လိပ်စာ အတည်တကျ ဖွဲ့စည်း၊ ထူထောင်ထားသည့် သတင်းမီဒီယာဌာနများက စနစ်တကျ ဆန်းစစ်၊ သုံးသပ်၊ အတည်ပြု၊ တည်းဖြတ်မှု အဆင့်များကို ကျော်ဖြတ်ကာ တာဝန်သိ၊ တာဝန်ယူ၊ တာဝန်ခံမှုရှိသော သတင်းအချက်အလက်၊ အကြောင်းအရာများကို အများပြည်သူထံ ထုတ်လွှင့်၊ ဖြန့်ချိ အသိပေးသည်။

ထို့ကြောင့် အဆိုပါ Mainstream Media များက ထုတ်လွှင့် ဖော်ပြသော သတင်း၊ သတင်းဆောင်းပါး၊ အကြောင်းအရာများကို ကျေနပ်မှုမရှိပါက သက်ဆိုင်ရာ သတင်းမီဒီယာကို အချိန်မရွေး ကန့်ကွက်၊ စောဒကတက်နိုင်သည့်အပြင် တည်ဆဲဥပဒေများဖြင့် တရားစွဲဆိုနိုင်သည်။ လက်တွေ့အားဖြင့်လည်း အဆိုပါမီဒီယာနှင့် မီဒီယာသမားများ တရားစွဲဆို၊ အရေးယူခံနေကြရသည်။

Social Media ခေါ် Alternative Media များကမူ ပတ်ဝန်းကျင်တွင် ဖြစ်ပျက်နေသော အကြောင်းအရာမှန်သမျှ၊ ကောလာဟလမှန်သမျှကို အတည်ပြု၊ စစ်ဆေးခြင်းမရှိဘဲ အွန်လိုင်းလူမှုကွန်ရက်ပေါ်တွင် တင်ကာ အများပြည်သူကို သိရှိစေခြင်းဖြစ်သည်။

မိုဘိုင်းလ်ဖုန်း ဆင်းကတ်များကို စနစ်တကျ မှတ်ပုံတင်သည့်စနစ်ဖြင့် ရောင်းချထားခြင်းမဟုတ်သော မြန်မာနိုင်ငံတွင် အွန်လိုင်းလူမှုကွန်ရက်ပေါ်မှတစ်ဆင့် အခြေအမြစ်မရှိသော၊ ထင်ယောင်ထင်မှား ဖြစ်စေသော၊ အမုန်းမီးပွားစေသော၊ ရန်ငြိုးသို၊ အမျက်ဒေါသသင့်စေသော၊ နားလည်မှုလွဲစေသော သတင်းအမှားများ၊ အမုန်းစကားများ၊ ရည်ရွယ်ချက်ရှိရှိ အမှန်အမှားရောနှော ပုံဖျက်ထားသော သတင်းများ များစွာရောနှောလျက်ရှိသည်။

ယင်းအချက်များက Mainstream Media နှင့် Social Media တို့အကြား သိသာထင်ရှားလွန်းသည့် ကွာခြားချက်ဖြစ်သည်။ အဆိုပါ မီဒီယာနှစ်ခုအကြား အားပြိုင်မှုရှိနေကြောင်း ကုန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုကပင် ကမ္ဘာနှင့်အဝန်း လက်ခံထားကြသည့်အပြင် နည်းပညာသဘောနှင့် ခေတ်သစ်လူသားတို့၏ ပြောင်းလဲလာသော နေထိုင်စားသုံးမှုပုံစံများအရ မည်သူနိုင်၍ မည်သူရှုံးမည်ဆိုခြင်းမှာ မေးခွန်းတစ်ခုပင် မဟုတ်တော့ချေ။

အဓိကအရေးကြီးသည်မှာ လူ့အဖွဲ့အစည်းတစ်ရပ်အတွက် မည်သည့်မီဒီယာက မည်သည့်တာဝန်ကို ထမ်းဆောင်နေသည်၊ ငြိမ်းချမ်းသော လူ့အဖွဲ့အစည်းအတွက် အနုတ်လက္ခဏာ သို့မဟုတ် အပေါင်းလက္ခဏာဆောင်သည်၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး သို့မဟုတ် ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းတစ်ရပ်အတွက် မည်မျှအသုံးတည့်၊ အရေးပါသည်ဆိုသော အချက်ပင်ဖြစ်သည်။

ထိုအရေးကြီးသောအချက်ကို သိခြင်းသည်ပင်လျှင် Media Literacy ခေါ် မီဒီယာကို သိမြင်နားလည်ခြင်း သို့မဟုတ် မီဒီယာကို ခွဲခြမ်း၊ စိတ်ဖြာ၊ ဆန်းစစ်၊ အသုံးချ၊ ဖန်တီးနိုင်သည့် စွမ်းရည်ရှိခြင်းဟု အဓိပ္ပာယ်ကောက်နိုင်သည်။

ထိုအချက်ကို မသိသေးပါက သို့မဟုတ် သိလျက်နှင့် မိမိပုဂ္ဂလခံစားချက်၊ စိတ်ဒဏ်ရာနှင့်ချိန်၍ အမှတ်အတေး၊ အလိုမကျမှု မျက်မှန်တပ်၍ ကြည့်ပါက မည်သည့်မီဒီယာအပေါ်မဆို အနုတ်လက္ခဏာ၊ အပေါင်းလက္ခဏာသက်သက် မြင်သွားတတ်သည်။ သို့တည်းမဟုတ် မကျေနပ်မှုရောပြွမ်းသော တန်ပြန်မေးခွန်းများဖြင့် ပိတ်မိနေတတ်သည်။

များစွာသေချာသည်မှာ နှစ်ပေါင်းများစွာ အာဏာရှင်စနစ်အောက်တွင် ဖြတ်သန်းလာခဲ့သော မြန်မာလူ့အဖွဲ့အစည်းသည် ဝါဒဖြန့်သတင်းမီဒီယာများနှင့် လူတန်းစားပြဿနာအခြေပြု မီဒီယာများနှင့် ထိတွေ့လာခဲ့သောကြောင့် မီဒီယာအားလုံးအပေါ်တွင်ပါ သိမြင်နားလည်မှု၊ အကောက်အယူ၊ အဓိပ္ပာယ်ဖော်မှုများ ရှိနေကြောင်းပင်ဖြစ်သည်။

ထိုအခြေအနေကို ဖြေရှင်းလိုပါလျှင် ရေတိုအားဖြင့် သတင်းမီဒီယာ၊ အိုင်စီတီလောကမှ တတ်ကျွမ်းနားလည်သူ ပရော်ဖက်ရှင်နယ်များ၊ အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးအဖြေရှာခြင်း၊ နိုင်ငံတော်သမ္မတအပါအဝင် အစိုးရဌာနဆိုင်ရာ အသီးသီးက သတင်းမီဒီယာများနှင့် ပုံမှန်ထိတွေ့ပေးခြင်း၊ ရေတိုအားဖြင့် မျိုးဆက်သစ်များမှစတင်ကာ Media Literacy ကို ကျောင်းသင်ခန်းစာ၊ ပြဋ္ဌာန်းချက်များတွင် အသက်အရွယ်အလိုက်၊ အတန်းအလိုက် တည့်သွင်းသင်ကြားခြင်း၊ လက်တွေ့မီဒီယာလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်စေခြင်းတို့ကို အသုံးပြုနိုင်ကြောင်း အကြံပြုအပ်ပေသည်။

အယ်ဒီတာ (၂၈-၁၁-၂၀၁၈)