News

POST TYPE

EDITORIAL

မွန်ပါတီ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း အတည်ပြု
26-Nov-2018

မော်လမြိုင်၊ နိုဝင်ဘာ ၂၅

မွန်နိုင်ငံရေးပါတီများနှင့် နိုင်ငံရေး စိတ်ဝင်စားသူများဖြင့် ပေါင်းစပ်ဖွဲ့စည်းထားသည့် မွန်ပါတီ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေမူကြမ်းကို နိုဝင်ဘာလ ၂၄ ရက်နှင့် ၂၅ ရက်နေ့တွင်ပြုလုပ်သည့် ပထမအကြိမ် ပါတီဗဟိုကော်မတီ အစည်းအဝေးတွင် အတည်ပြုနိုင်ခဲ့ကြောင်း မွန်ပါတီ တွဲဖက် အတွင်းရေးမှူး ၁ နိုင်လယီတမက ပြောကြားသည်။

မွန်ပါတီ ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းကို ၅ ဦး ကော်မတီဖွဲ့ကာရေးဆွဲခဲ့ပြီး ဗဟိုကော်မတီ ပထမအကြိမ် အစည်းအဝေးတွင် ဆွေးနွေးခဲ့ပြီးနောက် ယခုကဲ့သို့ အတည်ပြုခြင်းဖြစ်သည်။

“အစည်းအဝေးမှာက ဆွေးနွေးရမယ့် ခေါင်းစဉ်သုံးခုရှိတာ၊ ဒါပေမဲ့ အစည်းအဝေး နှစ်ရက်အတွင်းမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေစည်းမျဉ်းနဲ့တင် အချိန်ကုန်သွားတယ်၊ ဒီဟာတစ်ခုကိုတော့ အတည်ပြုနိုင်ခဲ့တယ်၊ ကျန်နှစ်ခုက ဗဟိုကော်မတီရဲ့ ဆန္ဒအတိုင်း ဗဟိုအလုပ်အမှုဆောင်ကော်မတီကို လွှဲမလား၊ သူတို့က မလွှဲအပ်ဘူးဆိုရင်တော့ နောက်ထပ် ဗဟိုကော်မတီ အစည်းအဝေးခေါ်ပြီး ပြန်ဆွေးနွေးရမယ်”ဟု နိုင်လယီတမက ရှင်းပြသည်။

ပထမအကြိမ် ဗဟိုကော်မတီ အစည်းအဝေးတွင် ပါတီဖွဲ့စည်းပုံအခြေခံစည်းမျဉ်းကို အဓိကထားဆွေးနွေးကာ အတည်ပြုခဲ့ပြီး ဘဏ္ဍာငွေ သုံးစွဲရေးမူဝါဒနှင့် လုပ်ငန်းကော်မတီ၏ လုပ်ငန်းလမ်းညွှန်ရေးဆွဲ အတည်ပြုခြင်းတို့ကို ဆက်လက်ဆွေးနွေးရန်ကျန်ရှိနေကြောင်း မွန်ပါတီဗဟိုကော်မတီဝင်များထံမှ သိရသည်။

မွန်ပါတီဖွဲ့စည်းပုံအခြေခံဥပဒေတွင် အခန်း ၁၅ ခန်းပါရှိကာ ဖွဲ့စည်းပုံ အတည်ပြုပြီးနောက်ပိုင်း ပါတီပေါင်းစည်းခွင့်ကျလာပါက မှတ်ပုံတင်မည့်ကိစ္စကို ဆက်လက် လုပ်ဆောင်မည်ဖြစ်ကြောင်း၊ ပါတီပေါင်းစည်းခွင့်ကို အောက်တိုဘာလ ၂၀ ရက်နေ့တွင် ကော်မရှင်ထံသို့ တင်ပြထားပြီးဖြစ်ကြောင်း ၎င်းတို့က ပြောဆိုသည်။

မွန်ပါတီ၏ ပထမအကြိမ်ဗဟို ကော်မတီ အစည်းအဝေးတွင် ဗဟိုကော်မတီအဖွဲ့ဝင် ၁၄၀ ဦးရှိသည့်အနက် အစည်းအဝေး တက်ရောက်သူ ၆၅ ရာခိုင်နှုန်းရှိကြောင်းလည်း မွန်ပါတီထံမှ သိရသည်။ 

R-21