News

POST TYPE

EDITORIAL

ကိုယ်ကျင့်သိက္ခာမြင့်မားသော ဘာသာရေး ဦးဆောင်သူများ ပေါ်ထွန်းလာရေးကို အလေးပေးရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
22-Nov-2018

နေပြည်တော်၊ နိုဝင်ဘာ ၂၁

ဘာသာရေးပဋိပက္ခများကို ရှောင်ရှားရန်နှင့် ငြိမ်းချမ်းရေးနှင့် လုံခြုံမှုကို တည်ဆောက်ရန်အတွက် ကိုယ်ကျင့်သိက္ခာ မြင့်မားပြည့်ဝသော ဘာသာရေး ဦးဆောင်သူများ ပေါ်ထွန်းလာရေးတို့ကို အလေးပေးကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

နိုဝင်ဘာ ၂၁ ရက်က နေပြည်တော် MICC2 တွင် ကျင်းပနေသည့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးထွန်းကားရန် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲတွင် ၎င်းက အထက်ပါအတိုင်း တက်ရောက် ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဘာသာရေးခေါင်းဆောင်အချို့နဲ့ သင်ကြားရေးဆရာအချို့က မူရင်း အစစ် အမှန်ဒေသနာတော်များကို လွဲမှားစွာ အနက်ဖွင့်ဆိုပြီး နောက်လိုက် ဘာသာဝင်တွေကို လွဲမှားစွာ အသုံးချလိုတာကြောင့် လမ်းမှားကို ဦးဆောင်ညွှန်ပြနေကြတာကို တွေ့ရပါတယ်၊ ဒါကြောင့် တာဝန်ရှိသူ ကျွနု်ပ်တို့အားလုံးက စစ်မှန်သော ဒေသနာတော်များ စုစည်းပေါ်ထွန်းရေးနှင့် ကိုယ်ကျင့်သိက္ခာ မြင့်မားပြည့်ဝသော ဘာသာရေး ဦးဆောင်သူများ ပေါ်ထွန်းလာရေးတို့ကို အလေးပေးကြဖို့ တိုက်တွန်းပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ဒီမိုကရေစီစနစ်သို့ ကူးပြောင်းနေသည့် ယနေ့ကာလတွင် ပဋိပက္ခအခြေအနေမှ ငြိမ်းချမ်းရေးတည်ဆောက်မှုသို့လည်းကောင်း၊ တံခါးပိတ်စီးပွားရေးစနစ်မှ တံခါးဖွင့်စီးပွားရေးစနစ်သို့လည်းကောင်း အရေးပါသောကာလသို့ ရောက်ရှိနေပြီဖြစ်သောကြောင့် မိမိနိုင်ငံအတွင်း လူမှုကိုယ်ကျင့်နှင့် ယဉ်ကျေးမှုဆိုင်ရာ ဖော်ထုတ်နိုင်သည့် တန်ဖိုးများနှင့် ကြွယ်ဝလှသော ဘာသာရေးဓလေ့ထုံးတမ်းများ၏ တာဝန်ယူမှုများကို စူးစမ်းရှာဖွေ ဖော်ထုတ်သွားရမည်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ထပ်လောင်းပြောသည်။

ယင်းသို့ ဆောင်ရွက်ရာတွင် စိတ်စေတနာမပါပါက နည်းလမ်းပေါင်းစုံဖြင့် မည်မျှပင် လုပ်ဆောင်သော်လည်း ပြည်သူများ၏လုံခြုံမှု၊ ငြိမ်းချမ်းမှုနှင် ညီညွှတ်မှုတို့ကို မရနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြသည်။

“ဒီစိတ်စေတနာ မပါဘူးဆိုရင် ဘယ်လိုပဲ နည်းပေါင်းစုံနဲ့ ကြိုးပမ်းအားထုတ်ပါစေ လုံခြုံမှု၊ ငြိမ်းချမ်းမှု၊ ညီညွတ်မှုကို မရရှိနိုင်ပါ၊ အသိဉာဏ် ဦးစီးသော နှလုံးသား စိတ်စေတနာဖြင့် မိမိတို့ရဲ့ စိတ်ကို ဖြူစင်သန့်ရှင်းအောင် ဆေးကြောပြီး နောက်လိုက် လူတန်းစား အားလုံးရဲ့ ဘာသာဝင်များကိုလည်း စံနမူနာကောင်းများပြသလျက် သက်ဆိုင်ရာ ဘာသာတရား အသီးသီး၏ စစ်မှန်သော မူရင်းဒေသနာများကို သင်ကြားပြသစည်းရုံးဦးဆောင်ကြဖို့ တာဝန်ရှိပါတယ်”ဟု ၎င်းကဆိုသည်။

ဆွေးနွေးပွဲ၏ အဓိကရည်ရွယ်ချက်မှာ ဘာသာဝင်အားလုံး၏ တူညီသောအနာဂတ်ကို စူးစမ်းဖော်ထုတ်ရန်ဖြစ်ပြီး ဆင့်ပွားရည်မှန်းချက် ပညာရေး၊ တိုင်းရင်းသားများနှင့် လူနည်းစုအဖွဲ့အစည်းများအတွက် တန်းတူညီတူ အခွင့်အရေး ရရှိရေးနှင့် တာဝန်ယူမှု တာဝန်ခံမှု၊ အမျိုးသမီး အခွင့်အရေး မြှင့်တင်ရေးနှင့် အမျိုးသားများနည်းတူ အရေးအရာများတွင် ပါဝင်ခွင့်ရရှိရေး၊ လူငယ်များနှင့် ထိတွေ့ဆက်ဆံရေးနှင့် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးနှင့် ရခိုင်ပြည်နယ်အတွင်းဖြစ်ပေါ်နေသော ကိုယ်ပိုင်လက္ခဏာ အထောက်အထား၊ မတူကွဲပြားမှုနှင့် သမားရိုးကျ စိန်ခေါ်မှုများဟူ၍ ခေါင်းစဉ်အလိုက်ဆွေးနွေး အဖြေရှာသွားမည်ဖြစ်သည်။

ဆွေးနွေးပွဲသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ဒုတိယသမ္မတများ၊ လွှတ်တော်နှစ်ရပ်မှ အကြီးအကဲများ၊ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓသာသနာပြုတက္ကသိုလ်မှ ဌာနကြီးမှူးဆရာတော် ဒေါက်တာဘဒ္ဒန္တဆေကိန္ဒနှင့် ဆရာတော်များ၊ ပြည်တွင်းပြည်ပမှ သက်ဆိုင်ရာ ဘာသာရေးအဖွဲ့အစည်းများ၏ ခေါင်းဆောင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ သံတမန်များ၊ သက်ဆိုင်ရာ အရပ်ဘက် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

S-01