News

POST TYPE

EDITORIAL

မဲဆွယ်အပြုံး သရော်စာအမှု တရားခံပြသက်သေ စစစ်၊ သက်သေခံတစ်ခု ထပ်တင်
20-Nov-2018
ထားဝယ်၊ နိုဝင်ဘာ ၁၉

တနင်္သာရီဂျာနယ်တွင် မဲဆွယ်အပြုံး သရော်စာ ဖော်ပြခဲ့သည့်အတွက် တနင်္သာရီတိုင်းအစိုးရက တရားစွဲဆိုထားသည့်အမှုတွင် တရားခံပြသက်သေနှစ်ဦးကို နိုဝင်ဘာလ ၁၉ ရက်က ထားဝယ်မြို့နယ် တရားရုံးတွင် စတင်စစ်ဆေးခဲ့သည်။

တနင်္သာရီဂျာနယ်ဘက်က တရားခံ ပြသက်သေ ၈ ဦး တင်သွင်းထားသည့်အနက် လက်ရှိရုံးချိန်းတွင် တရားခံပြသက်သေ(ခံပြ) နှစ်ဦးကို စတင်စစ်ဆေးခဲ့ကြောင်း တနင်္သာရီဂျာနယ်ဘက်မှ အမှုလိုက်ပါဆောင်ရွက်နေသည့် အထက်တန်းရှေ့နေ ဒေါ်အေးမွန်သူက ဆိုသည်။

တနင်္သာရီ အပတ်စဉ်ဂျာနယ်တွင် ဖော်ပြခဲ့သည့် ကလောင်ရှင် မူးဆေးအိုး၏ မဲဆွယ်အပြုံး ခေါင်းစဉ်ဖြင့် ရေးသားသည့် သရော်စာသည် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟုဆိုကာ အရေးယူပေးရန်အတွက် ၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် တိုင်းအစိုးရအဖွဲ့ရုံးမှ ဒုတိယညွှန်ကြားရေးမှူးက ထားဝယ်မြို့နယ် တရားရုံးတွင် တရားစွဲဆိုခဲ့သည့်အမှုဖြစ်သည်။

ယင်းအပြင် တနင်္သာရီဂျာနယ်တွင် ဖော်ပြပါရှိသည့် စာရေးဆရာ သရဝဏ် (ပြည်)၏ ဆောင်းပါးတစ်ပုဒ်ကို သက်သေခံအဖြစ် တင်သွင်းခဲ့ကြောင်း ၎င်းကပြောသည်။

“သရော်စာကို သရော်စာအဖြစ်သာ ဖတ်စေချင်တယ်ဆိုတဲ့ အဲဒီဆောင်းပါးပေါ့နော်၊ တနင်္သာရီဂျာနယ်ရဲ့ ဆောင်းပါးတစ်ခုကို သက်သေခံအဖြစ် တင်သွင်းခဲ့တယ်”ဟု အထက်တန်းရှေ့နေ ဒေါ်အေးမွန်သူက ဆိုသည်။

လာမည့်ရုံးချိန်းကို ဒီဇင်ဘာလ ၃ ရက်နေ့တွင် ချိန်းဆိုထားပြီး အခြား တရားခံပြသက်သေနှစ်ဦးကို ထပ်မံစစ်ဆေးမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

မဲဆွယ်အပြုံး သရော်စာအမှု၏ ၂၅ ကြိမ်မြောက် ရုံးချိန်းဖြစ်သည့် ယခုနှစ် အောက်တိုဘာလ ၁ ရက်တွင် တနင်္သာရီဂျာနယ် တာဝန်ခံအယ်ဒီတာ ဦးမျိုးအောင်ကို သတင်းမီဒီယာ ဥပဒေပုဒ်မ ၂၅ (ခ) ဖြင့် စွဲချက်တင်ရန် အမိန့်ချခဲ့သည်။

ယင်းနောက် တနင်္သာရီဂျာနယ်၏ တာဝန်ခံအယ်ဒီတာ ဦးမျိုးအောင်ကို နိုဝင်ဘာလ ၉ ရက်က စတင် စစ်ဆေးခဲ့သည်။

မဲဆွယ်အပြုံးသရော်စာ ရေးသားဖော်ပြခြင်းက တရားစွဲဆိုခံရပြီး ပြစ်ဒဏ်ကျခံသင့်သည့်ကိစ္စမဟုတ်ကြောင်းကို ယုံကြည်သည့်အတွက် တရားခံပြသက်သေအဖြစ် လာရောက်ထွက်ဆိုခြင်းဖြစ်ကြောင်း ခံပြသက်သေတစ်ဦးဖြစ်သူ ဦးအောင်လွင်က ဆိုသည်။

“ဒါသည် တရားစွဲဆိုခံရပြီး ပြစ်ဒဏ်ကျခံသင့်တဲ့ကိစ္စရပ်မျိုး မဟုတ်ဘူးပေါ့၊ အဲလိုမျိုး ယုံကြည်တယ်”ဟု ဦးအောင်လွင်ကပြောသည်။

မြို့နယ်တရားရုံးတွင် ၁၅ ကြိမ်မြောက် ရုံးချိန်းစစ်ဆေးပြီးချိန်၌ အမှုပယ်ဖျက်ပေးရန် စွပ်စွဲခံရသည့် တနင်္သာရီဂျာနယ်ဘက်က တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော်ထံလျှောက်ထားခဲ့ရာ တိုင်းတရားရုံးက ဇူလိုင်လ ၃၁ ရက်တွင် အမှုအား မပယ်ဖျက်ရန် “ပလပ်”အမိန့်ချမှတ်ခဲ့သည်။

ထို့အပြင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ထံ ချေဖျက်ပေးရန် ထပ်မံလျှောက်ထားရာ အောက်တိုဘာလ ၂၆ ရက်တွင် လျှောက်ထားမှုကို လက်မခံဘဲ ပလပ်ခဲ့သည်။

Dawei Watch