News

POST TYPE

EDITORIAL

အတ္တ၊ မာနနှင့် ငြိမ်းချမ်းရေး ပန်းတိုင် (Daily,Vol-4/No-162)
16-Oct-2016

ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံ ထူထောင်ရန် စတင် ကြိုးစားနေချိန်ဖြစ်သည့် မြန်မာနိုင်ငံသည် အားလုံး သိကြသည့်အတိုင်း ပြည်တွင်းစစ် အပြီးအတိုင် ရပ်စဲရေးမှာ အရေးအကြီးဆုံး ဖြစ်သည်။ 

ထိုသို့ ထူထောင်ရာတွင် နောက်က လိုက်ရသော နိုင်ငံများ၏ ထုံးစံ မြန်မာနိုင်ငံ၏ အားသာချက်မှာ ကမ္ဘာပေါ်တွင် ဖက်ဒရယ်စနစ် ကျင့်သုံးနေသော အတွေ့အကြုံရင့် နိုင်ငံအချို့ထံမှ ရှောင်ရန်၊ ဆောင်ရန် သင်ခန်းစာများ ကြိုတင် လေ့လာ ပြင်ဆင်ထားနိုင်ခွင့်ဖြစ်သည်။ 

ကမ္ဘာ့နိုင်ငံ အသီးသီး၏ ငြိမ်းချမ်းမှု ဖြစ်စဉ်များကို လေ့လာကြည့်ရာတွင် အောင်မြင်ခြင်း၊ ကျရှုံးရခြင်း၏ အဓိက အကြောင်းအရင်း များစွာ ရှိသည့်အနက် ဆန့်ကျင်ဘက်ဖြစ်နေသော လက်နက်ကိုင် အဖွဲ့အစည်းများ လူမျိုးစုများတွင် ကိုယ်စီ ရှိနေကြသည့် အတ္တ၊ မာနကို အသိအမှတ် ပြုခြင်း၊ မပြုခြင်းကလည်း အဓိက အချက် တစ်ရပ်ဖြစ်နေပေသည်။ 

အတ္တနှင့် မာန ဆိုသည်မှာ ဆင်းရဲ၊ ချမ်းသာ၊ လူမျိုး၊ ဘာသာမရွေး လူတိုင်းတွင် ရှိနေတတ်ပြီး ကမ္ဘာဦး အစကတည်းကပင် လူသား တစ်ဦးချင်းစီ၏ မွေးရာပါ စရိုက်လက္ခဏာလည်း ဖြစ်သည်။ 

ယင်း အတ္တ၊ မာနများ ရှိသင့် ရှိထိုက်သော အတိုင်းအတာထက် များစွာ နိမ့်ပါးနေခြင်း၊ လွန်ကဲနေခြင်းတို့ကပင် မငြိမ်းချမ်းသော ပြဿနာများ၊ စစ်ပွဲများကို ဦးတည်သွားစေခြင်း ဖြစ်သည်။ 

သမိုင်းကြောင်း၊ ဖြတ်သန်းလာသော အတွေ့အကြုံ၊ အဖြစ်အပျက်များအရ မြန်မာနိုင်ငံအတွင်း နေထိုင်နေကြသော တိုင်းရင်းသား လူမျိုးစု အသီးသီးတွင်လည်း မဖြစ်မနေ သတိပြုရမည့် အတ္တ၊ မာနများ ကိုယ်စီ ရှိနေကြသည်။ 

အထူးသဖြင့် ငြိမ်းချမ်းမှု တည်ဆောက်ရေးအတွက် အဓိက တာဝန် အရှိဆုံး အစိုးရနှင့် တပ်မတော်တို့က ယင်းသို့ သဘာဝကျစွာ ရှိနေတတ်သည့် အတ္တ၊ မာနကို လိုအပ်သည့် အတိုင်းအတာ တစ်ခုအထိ အသိအမှတ် ပြုပေးရမည့် တာဝန် ရှိပေသည်။ 

လူမျိုးစု အသီးသီးနှင့် ယင်းလူမျိုးစု အသီးသီးကို အခြေပြု ထူထောင်ထားသော လက်နက်ကိုင် အဖွဲ့များ အနေနှင့်လည်း ငြိမ်းချမ်းမှု ဖြစ်စဉ်ကို အနှောင့်အယှက် ဖြစ်စေမည့် လွန်ကဲသည့် အတ္တ၊ မာနမျိုး မထားမိရန် လိုပေသည်။ 

မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်ကို အပြီးအတိုင် ရပ်စဲကာ ငြိမ်းချမ်းသော ဖက်ဒရယ် ပြည်ထောင်စုကြီးကို ထူထောင်လိုပါက လူမျိုးစု အသီးသီးတွင် ရှိနေသော အတ္တနှင့် မာနတို့ကို အပြန်အလှန် အသိအမှတ်ပြုခြင်း၊ လျှော့ချ၊ မြှင့်တင်ပေးခြင်းတို့ဖြင့် ငြိမ်းချမ်းရေး ပန်းတိုင်ကို ရက်တိုတိုဖြင့် ရောက်နိုင်ကြောင်း သတိပြုမိစေလိုရင်း ဖြစ်သည်။ 

အယ်ဒီတာ(၁၆-၁ဝ-၂ဝ၁၆)



  • VIA