News

POST TYPE

EDITORIAL

မြန်မာတွေ ပိုညံ့လာသလား (Vol-6/No-177)
04-Nov-2018

အတိတ်က မြန်မာတွေနဲ့ ယှဉ်လိုက်ရင် ဒီနေ့ ကျွန်တော်တို့ မျိုးဆက်က မြန်မာတွေ ပိုညံ့လာကြသလားဆိုပြီး မေးစရာ၊ တွေးစရာ ဖြစ်လာတယ်။ အဲဒီလို မေးရလောက်အောင်လည်း ဒီနေ့ခေတ် ကျွန်တော်တို့ သိမီလိုက်တဲ့ မျိုးဆက်တွေက အရင်ထက်စာရင် အရည်အချင်းနဲ့ စွမ်းဆောင်ရည်ပိုင်းမှာ အားမရစရာတွေ များလာတယ်။ 

နိုင်ငံနဲ့ ချီပြောရရင် တစ်ချိန်က ကမ္ဘာပေါ်မှာ ဆန်အများဆုံး တင်ပို့တဲ့နိုင်ငံ၊ အာရှမှာ အလားအလာအရှိဆုံး ဖွံ့ဖြိုးစနိုင်ငံ၊ အာရှအဆင့်ဘောလုံးချန်ပီယံ၊ ကျွန်းဆွယ်ချန်ပီယံ၊ ကမ္ဘာ့အိုလံပစ်ပွဲတော်မှာ အသန့်ရှင်းဆုံး အသင်းဆု ဆွတ်ခူးထားတဲ့နိုင်ငံ၊ အရှေ့တောင်အာရှမှာ အသန့်ရှင်းဆုံးနဲ့ အဖွံ့ဖြိုးဆုံး ရန်ကုန်မြို့တော်၊ အရှေ့တောင် အာရှမှ အဆင့်အမြင့်ဆုံး မင်္ဂလာဒုံအပြည်ပြည်ဆိုင်ရာ လေဆိပ်၊ အရှေ့တောင်အာရှမှာ ခေတ်ရှေ့အပြေးဆုံး မြို့ပတ်ရထားလမ်း၊ မြို့တွင်း ဘတ်စ်ကားစနစ်၊ အာရှအဆင့်အထိ ကျော်ကြားခဲ့တဲ့ ရန်ကုန်တက္ကသိုလ် စသဖြင့် ပြောစရာတွေ အများကြီး။ 

လူပုဂ္ဂိုလ်တစ်ဦးချင်းရဲ့ စွမ်းဆောင်ရည်ဆိုရင်လည်း မြန်မာ့ပထမဆုံး သိပ္ပံစာပေပြုစုသူ ယောမင်းကြီး ဦးဖိုးလှိုင်၊ ဒေသတွင်းနိုင်ငံတွေထဲမှာ ပထမဦးဆုံး အင်ဂျင်နီယာဘွဲ့ရသူတစ်ဦးဖြစ်တဲ့ ဦးရွှေအိုး၊ မီးပုံးပျံ ဦးကျော်ရင်လို လူစွန့်စား၊ ကမ္ဘာတစ်ဝက်လောက်မှာရှိတဲ့ နိုင်ငံသုံးဆယ်ကျော်ကို မော်တော်ဆိုင်ကယ်တစ်စီးနဲ့ ခရီးသွားခဲ့တဲ့ ဒေါ်တင်တင်စိန်နဲ့ ခင်ပွန်း ဦးဘတုတ်၊ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဦးသန့်၊ ဖလောရင့် နိုက်တင်ဂေးဆုရ ဗိုလ်မှူးဒေါ်ခင်အုန်းမြ၊ အာရှမှာ ပထမဦးဆုံး ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် စတဲ့ ထူးချွန်ထင်ရှားသူတွေက မျိုးဆက်အဟောင်းတွေချည်း။

ဒီဘက်ခေတ်မှာ အိုင်စီတီ နည်းပညာကြောင့် ခေတ်ပေါ်ရုပ်ဝတ္ထုပစ္စည်းတွေ၊ ကွန်ပျူတာနဲ့ ဆက်စပ်ပစ္စည်းတွေနဲ့ ပတ်သက်ရင် မျိုးဆက်သစ်တွေက မျိုးဆက်ဟောင်းတွေထက် ပိုတော်ကြတယ်လို့ဆိုပေမယ့် ဒါက ခေတ်ပေါ်နည်းပညာအသစ်တွေကြောင့် ဖြစ်တဲ့အတွက် တစ်ဦးချင်းရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့တော့ တိုက်ရိုက် မသက်ဆိုင်လှဘူး။

ပြောမယ်ဆိုရင် အရင်နှစ်ပေါင်း လေးဆယ်၊ ငါးဆယ်မတိုင်ခင်က မြန်မာပြည်၊ မြန်မာနိုင်ငံသားတွေရဲ့ အခြေအနေ၊ အဆင့်အတန်းက အိမ်နီးချင်းနိုင်ငံတွေမပြောနဲ့ ကမ္ဘာမှာတောင် တင့်တင့်တယ်တယ်၊ ထွန်းထွန်းတောက်တောက်ရှိခဲ့တယ်လို့ ပြောနိုင်တယ်။ ဒုတိယကမ္ဘာစစ်အပြီး ပါလီမန်ဒီမိုကရေစီခေတ်တစ်လျှောက်လုံး ပြည်တွင်း ပြဿနာတွေ ဘယ်လိုရှိရှိ မြန်မာပြည်ဆိုရင် ကမ္ဘာ့အသိုင်းအဝိုင်းက လေးစားခံ့ညားခဲ့တယ်။ 

အဲဒီနောက်ပိုင်းမှာတော့ အရင်ခေတ်နဲ့ ပြောင်းပြန် နာမည်ကြီးတယ်လို့ ပြောရမယ်။ ကမ္ဘာပေါ်မှာ အာဏာရှင်စနစ် အရှည်ကြာဆုံး၊ ပြည်တွင်းစစ် အရှည်ကြာဆုံး၊ အာရှတိုက်ရဲ့ ထိပ်တန်း၊ အရှေ့တောင်အာရှရဲ့ အချမ်းသာဆုံးနိုင်ငံအဖြစ်ကနေ အနိမ့်ကျဆုံး၊ အဆင်းရဲဆုံး၊ ဖွံ့ဖြိုးမှုမရှိဆုံး နိုင်ငံစာရင်းထဲ ရောက်သွားခဲ့တယ်။ 

တစ်နေ့ကပဲ ကမ္ဘာ့ဘဏ်က ထုတ်ပြန်တဲ့ စီးပွားရေးလုပ်ရကိုင်ရတာ ဘယ်လောက်လွယ်ကူသလဲဆိုတဲ့ အဆင့်သတ်မှတ်ချက်တွေ ထွက်လာတယ်။ အဲဒီမှာ မြန်မာပြည်က နိုင်ငံပေါင်း ၁၉၀ ထဲမှာ ၁၇၁ ဖြစ်နေတယ်။ အာဆီယံနိုင်ငံတွေထဲမှာ အနိမ့်ဆုံး။ တခြားနိုင်ငံတွေမပြောနဲ့ လာအိုက ၁၅၄ နဲ့ ကမ္ဘောဒီးယားက ၁၃၈ ဆိုတဲ့အဆင့်တွေကိုပဲကြည့်။ 

လူ့အခွင့်အရေး၊ သတင်းလွတ်လပ်ခွင့်၊ အကျင့်ပျက်လာဘ်စားမှု၊ ဆင်းရဲ ချမ်းသာကွာဟမှု၊ အစိုးရတွေရဲ့ စီမံခန့်ခွဲအုပ်ချုပ်မှုစွမ်းဆောင်ရည်၊ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာရေးရေချိန်၊ အားကစားအဆင့်အတန်း၊ နိုင်ငံသားတွေရဲ့ လျှပ်စစ်စွမ်းအား ရယူသုံးစွဲနိုင်မှု၊ နိုင်ငံသားတစ်ဦးချင်းရဲ့ ပျမ်းမျှဝင်ငွေ၊ တိုင်းပြည်တစ်ခုလုံးရဲ့ စီးပွားရေးညွှန်းကိန်း စတာတွေမှာလည်း နှိုင်းယှဉ်ကြည့်လိုက်ရင် တော်တော်များများက ဒေသတွင်းနိုင်ငံတွေအကြားမှာ အနိမ့်ဆုံးရောက်နေတယ်။

ထစ်ခနဲရှိရင် ဘယ်နိုင်ငံသွားလည်တာ စိတ်အချမ်းသာဆုံး၊ ဘယ်နိုင်ငံသွားကုတာ စိတ်အချရဆုံး၊ ဘယ်နိုင်ငံ သွားကျောင်းတက်ရင် အနာဂတ် အသေချာဆုံး၊ ဘယ်နိုင်ငံက ဘဏ်မှာ အကောင့်သွားဖွင့်ထားရရင် စိတ်အအေးရဆုံး၊ ဘယ်နိုင်ငံသွားပြီး ဝယ်ရင် ဈေးအသက်သာဆုံးနဲ့ ပစ္စည်းအမှန်ဆုံး၊ ဘယ်နိုင်ငံက အစားအစာက ဓာတုဆေးဝါးအကင်းဆုံး၊ ဘယ်နိုင်ငံက စက်သုံးဆီဆိုင်တွေကမှ အခြင်အတွယ်၊ အရည်အသွေး၊ ဈေးနှုန်းအမှန်ဆုံး၊ ဘယ်နိုင်ငံကမှ ဘယ်ကိစ္စမဆို ဝန်ဆောင်မှု အကောင်းဆုံး၊ ဒီမှာ ဘာမှစိတ်ချရတာ မရှိဘူးဆိုတဲ့ အသံတွေ တစ်နေ့တခြား ညံ့ညံ့လာတာ ကောင်းတဲ့လက္ခဏာ မဟုတ်ဘူး။

အောက်ခြေအဆင့်က အကြမ်းစားအလုပ်တွေတောင် အိမ်နီးချင်းနိုင်ငံတွေက လုပ်သားတွေ ထောင်နဲ့ချီဝင်လာပြီး ကိုယ့်ထက် လုပ်ခသုံးဆလောက်ယူနေတာကို ကြည်ကြည်ဖြူဖြူပေးပြီး ပြည်တွင်းလုပ်သားတွေက အဲဒီနိုင်ငံခြားသား လုပ်သား ရဲ့ လက်တိုလက်တောင်းအဆင့်ရောက်နေတာ လက်ရှိ ပကတိအခြေအနေပဲ။ 

တကယ်တော့ ကျွန်တော်တို့မှာ သူများထက်သာတာ ဘာရှိသလဲ၊ ဘယ်လောက်သာသလဲ၊ အဲဒါက တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဘယ်လောက်အထောက်အကူ ဖြစ်သလဲ၊ တစ်ဦးချင်း၊ တစ်ဖွဲ့ချင်း၊ တစ်ဌာနချင်း၊ နယ်ပယ်တစ်ခုချင်းမှာ အိမ်နီးချင်း၊ ဒေသတွင်းနိုင်ငံတွေအပေါ်မှာ အပြတ်အသတ် အသာစီးရနိုင်တာ ဘာရှိသလဲ၊ သူများထက်သာအောင်၊ ကောင်းအောင်ဘယ်သူတွေ၊ ဘယ်အဖွဲ့အစည်းတွေက တာဝန်သိစိတ်နဲ့ တာဝန်ယူ၊ တာဝန်ခံပြီး လုပ်နေကြသလဲဆိုတာ ကိုယ့်ကိုယ်ကိုယ် မလိမ်မညာစတမ်း ပြန်မေး၊ ပြန်ဖြေကြည့်ကြဖို့လိုပြီ။ 

စနစ်ကြောင့် ကျွန်တော်တို့ ညံ့သွားတာပါလို့ဆိုရင် စနစ်ကောင်းသွားအောင်၊ ကျွန်တော်တို့ မျိုးဆက်တွေ ပိုတော်လာအောင်၊ ကျွန်တော်တို့ အဖွဲ့အစည်း၊ နယ်ပယ်အသီးသီးနဲ့ တိုင်းပြည်တစ်ခုလုံး ပိုကောင်းလာအောင် စနစ်ကိုချည်း အပြစ်တင်နေလို့မရဘူး။ ကျွန်တော်တို့ တစ်ဦးချင်း၊ တစ်ဖွဲ့ချင်း၊ နယ်ပယ်အလိုက်၊ ကဏ္ဍအလိုက်၊ နိုင်ငံအလိုက်၊ လူ့အဖွဲ့အစည်းအလိုက် တိုးတက်အောင်၊ ပိုကောင်းလာအောင် နည်းမျိုးစုံနဲ့ အားထုတ်ကြိုးစားနေဖို့လိုမယ်။

ကိုယ့်အခြေအနေကို အမှန်အတိုင်းသိအောင်မလုပ်ဘဲ အောက်မှာ ဖြစ်ပျက်နေတဲ့ ပကတိအခြေအနေတွေကို ပြင်ဆင်မွမ်းမံခြယ်သ ဖုံးကွယ်တင်ပြတာကိုပဲ မျက်စိမှိတ်ယုံ၊ ကိုယ့်ကို မြှောက်ပင့်ချီးပပြီး ကိုယ့်အကြိုက် အသုံးတော်ခံတာကိုပဲသာယာ၊ ကိုယ့်စိတ်ခံစားချက်ရှိတဲ့အတိုင်း တော်၊ မတော်၊ သင့်၊ မသင့်၊ လက်တွေ့ ကျ၊ မကျ မစဉ်းစား၊ မသုံးသပ်၊ ပညာရှင်၊ ပညာရှိတွေရဲ့ အကြံပေးစကား နားမထောင်ဘဲ ထင်ရာလုပ်သလို ဖြစ်နေရင် ဘယ်သူမဆို၊ ဘယ်အဖွဲ့အစည်းမဆို၊ ဘယ်နိုင်ငံ၊ ဘယ်လူ့အဖွဲ့အစည်းမဆို တဖြည်းဖြည်း ကျရှုံးတဲ့ဘက်ကို ဦးတည်သွားမယ်ဆိုတာ သတိပြုမိစေချင်လို့ပါ။

 အယ်ဒီတာ (၃-၁၁-၂၀၁၈ )