News

POST TYPE

EDITORIAL

ခေါင်းဆောင် (Daily, Vol-4/No-161)
16-Oct-2016
ရပ်ကွက် သာရေး၊ နာရေး၊ ဆွမ်းလောင်း အသင်းလို အဖွဲ့အစည်း အသင်းအပင်း သေးသေးလေးကနေ နိုင်ငံနဲ့ချီတဲ့ ကုမ္ပဏီ၊ လုပ်ငန်း၊ အဖွဲ့အစည်း၊ ပါတီ၊ အင်စတီကျူးရှင်း၊ အစိုးရအဖွဲ့အထိ ခေါင်းဆောင် လုပ်သူတွေရဲ့ အရည်အချင်းက အရေးကြီးတယ်ဆိုတာ အားလုံး သိကြတယ်။

ဒီနေရာမှာ လူသိပ်မသိတာ တစ်ခုက ခေါင်းဆောင်တွေရဲ့ နောက်ကွယ်မှာ အရေးကိစ္စတိုင်း၊ အရာရာတိုင်းကို နယ်ပယ် အသီးသီးအလိုက် ပံ့ပိုးထောက်ကူ ပေးတဲ့ အဖွဲ့ရဲ့အရည်အချင်းနဲ့ စွမ်းဆောင်ရည်ပဲ။

အမေရိကန် သမ္မတ အဆက်ဆက်ကို လေ့လာကြည့်ရင်လည်း သမ္မတ တစ်ဦးချင်းစီရဲ့ နောက်က ပံ့ပိုးတဲ့အဖွဲ့ရဲ့ အရည်အချင်းအပေါ် မူတည်ပြီး သမ္မတတွေရဲ့ အောင်မြင်မှု၊ ထင်ပေါ် ကျော်ကြားမှု၊ တစ်ယောက်နဲ့ တစ်ယောက် မတူကြတာ တွေ့ရတယ်။

ကျွန်တော်တို့ မြန်မာလူ့အဖွဲ့အစည်းမှာတော့ သမိုင်းကြောင်းမှာ ကျော်ဖြတ်ခဲ့တဲ့ ခေတ်အဆက်ဆက်ကို လေ့လာကြည့်ရင် ခေါင်းဆောင်တွေနဲ့ ပတ်သက်ပြီး ခေတ်၊ စနစ် တစ်ခုချင်းစီမှာ ကောင်းတာတွေ ရှိသလို ဆိုးတာတွေလည်း အများကြီး တွေ့ရမယ်။

သမိုင်းကို သေချာ လေ့လာကြည့်ပြီး သမိုင်းကနေ သင်ခန်းစာ ယူတတ်ရင်တောင် ခေါင်းဆောင် လုပ်ခဲ့တဲ့သူတွေ ဘယ်ကိစ္စကို ဆောင်ပြီး ဘယ်ကိစ္စကို ရှောင်ရမလဲဆိုတာ အလွယ်တကူ သိနိုင်ပေမယ့် တော်တော်များများ သမိုင်းကို သင်ခန်းစာအဖြစ် လေ့လာ သင်ယူရကောင်းမှန်း မသိခဲ့ဘူး။

သက်ဦးဆံပိုင် ပဒေသရာဇ်ခေတ်မှာရော၊ ကိုလိုနီလက်အောက် လွတ်လပ်ရေး လှုပ်ရှားမှု ကာလတွေမှာရော၊ ပါလီမန် ဒီမိုကရေစီခေတ်၊ တစ်ပါတီ အာဏာရှင်နဲ့ စစ်အာဏာရှင်ခေတ်တွေမှာပါ ဘယ်လို ပုဂ္ဂိုလ်မျိုးတွေကို ဆည်းကပ်၊ ဖယ်ကြဉ်ခဲ့တဲ့အတွက် ဘယ်လို အဆိုး၊ အကောင်းကိစ္စတွေ ဖြစ်ခဲ့ တယ်ဆိုတာ သိပ်ရှင်းတယ်။


ပြဿနာက ခေါင်းဆောင်တွေရဲ့ အမြော်အမြင်၊ ဉာဏ်ပညာ၊ မိမိ ကိုယ်ကို နှိမ့်ချမှု၊ ရိုးဖြောင့်မှု၊ လူကဲခတ် ပညာတွေအပေါ် မူတည်ပြီး ကိုယ့်ကို စေတနာကောင်း၊ အကြံကောင်းနဲ့ ဝေဖန်ထောက်ပြ၊ အကြံပြုသူလား၊ ကိုယ့်အကြိုက် လိုက်ပြီး မြှောက်ပင့်ချီးပ နေသူလားဆိုတာ ခွဲခြားနိုင်တဲ့ အရည်အချင်း ကွာခြားချက်ပဲ။

ဒီနေ့ခေတ် ဒီမိုကရေစီနိုင်ငံတိုင်းမှာ သမ္မတတို့၊ ဝန်ကြီးချုပ်တို့ မပြောနဲ့ လွှတ်တော်အမတ် တစ်ယောက်ချင်းစီမှာတောင် နိုင်ငံရေး၊ စီးပွားရေး၊ ဥပဒေရေးရာ ကိစ္စအဝဝအတွက် နောက်ကွယ်က ပံ့ပိုးကူညီပေးတဲ့ အဖွဲ့တွေထားပြီး အလုပ် လုပ်နေကြပြီ။

ခေါင်းဆောင်ဆိုတာ စင်ပေါ် ရောက်နေတဲ့သူနဲ့ တူတယ်။ စင်ပေါ်ရောက်တာနဲ့ မီးမောင်းတွေ၊ မီးဆလိုက်တွေကြောင့် အောက်ကို သဲသဲကွဲကွဲ မမြင်ရတော့ဘူး။ ဒါပေမဲ့ မြင်အောင်ကြည့်ပြီး ကိုယ်က အရင်စ လက်ကမ်းပေးတဲ့ ခေါင်းဆောင် အောင်မြင် သွားတတ်ပြီး ကိုယ့်ကို လက်ကမ်းလာမယ့်သူကို စောင့်နေတဲ့ ခေါင်းဆောင်တွေကတော့ မအောင်မြင်တတ်ဘူး။

ကိုယ့်အတွက်၊ ကိုယ်တာဝန် ယူထားတဲ့ နေရာကို ကူညီဖို့အတွက်၊ ဒေသခံပြည်သူနဲ့ နိုင်ငံသား အားလုံးကို အကူအညီ ပေးဖို့အတွက်ဆိုရင် ကူညီမယ့်သူက လက်ကမ်းလာမှာကို စောင့်နေတာထက် သင့်တော်တဲ့သူ ဘယ်သူ့ကိုမဆို ကိုယ်က စပြီး လက်ကမ်းပေးဖို့ အကောင်းဆုံး အချိန်ပဲ။

အယ်ဒီတာ ( ၁၅ - ၁ဝ - ၂ဝ၁၆ )

(လက်ရှိ ဖြစ်ပေါ်နေသော အခြေအနေနှင့် ကိုက်ညီနေသောကြောင့် ၇ - ၅ -၂ဝ၁၆ နေ့ထုတ် The Voice Sunday သတင်းစာတွင် ဖော်ပြခဲ့ပြီးသော အယ်ဒီတာ့အာဘော်ကို ပြန်လည် ဖော်ပြခြင်း ဖြစ်ပါသည်)


  • VIA