News

POST TYPE

EDITORIAL

အရည်အချင်းကိစ္စ (Daily, Vol-6/No-175)
01-Nov-2018

ယနေ့ မြန်မာနိုင်ငံတွင် အစိုးရအဆက်ဆက် အကောင်အထည်ဖော် နေသော လုပ်ငန်းအများစုကိုကြည့်လျှင် အရည်အချင်းထက် အရေအတွက်ကို ဦးတည်သည့်သဘော တွေ့ရသည်။ လူ့စွမ်းအား အရင်းအမြစ် နယ်ပယ်နှင့် အခြေခံ အဆောက်အဦ ကဏ္ဍတို့တွင် ရှိနေသော အင်အား၊ အခြေပစ္စည်းများကို ကြည့်လျှင်လည်း ထိုအတိုင်း တွေ့ရမည်ဖြစ်သည်။

လုပ်ငန်းနယ်ပယ်လေး တစ်ခုချင်းစီကို ကြည့်လျှင်လည်း အရည်အချင်းရှိသူ အနည်းငယ်သာရှိပြီး အများစုမှာ သာမန်အဆင့်၊ အပျော်တမ်းအဆင့်နှင့် ရွက်ကြမ်းရေကျို အဆင့်မျိုးသာ တွေ့ရသည်။ နိုင်ငံတစ်ခုလုံးသည် လုပ်ငန်းနယ်ပယ်တစ်ခုချင်းစီ ပေါင်းရုံးထားသည့် အစုအဖွဲ့ကြီးတစ်ခုဖြစ်သည့်အတွက် အရည်အချင်း နည်းပါးသော နိုင်ငံတစ်ခုဟု သဘောသက်ရောက်သည်။

စင်စစ်အားဖြင့် မြန်မာနိုင်ငံအတွင်း အလားအလာရှိသူ၊ လေ့ကျင့်မြှင့်တင်ပေးလိုက်လျှင် ထက်မြက်ထူးချွန်လာနိုင်ဖွယ်ရှိသူ လူငယ် အများအပြား ရှိနေသည်။ အစမ်းသပ်ခံ ပညာရေးစနစ်၊ လူတော်၊ လူချွန်များကို နေရာမပေးဘဲ ချောင်ထိုး၊ အသုံးမချဘဲ နီးစပ်သူကိုသာ နေရာပေးတတ်သည့် သား၊ တူ၊ ညီ ကောင်းစားရေးဝါဒ နှစ်ပေါင်းများစွာ ကျင့်သုံးလာခြင်းကြောင့် အများအောက်တွင် နောက်ကောက်ကျနေခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသား အများစု အရည်အချင်း မြင့်မားလာစေရန် အဟန့်အတား ဖြစ်နေသည့် အကြောင်းအရင်းအချို့အနက် အုပ်ချုပ်သော အစိုးရများ၏ မူဝါဒအပြင် နိုင်ငံသားတို့၏ ဓလေ့စရိုက်ဆိုးများကလည်း အကြောင်းတစ်ခုဟု ဆိုနိုင်သည်။ ယင်းဓလေ့စရိုက်တို့သည် ကျင့်သုံးသော နိုင်ငံရေးစနစ်၊ ပညာရေး မူဝါဒနှင့် ကျင့်ဝတ်စံနှုန်းတို့အပေါ် အလေးထားမှုတို့နှင့်လည်း ချိတ်ဆက်လျက်ရှိသည်။

များစွာသော မြန်မာနိုင်ငံသားတို့၏ အဆိုးရွားဆုံး စရိုက်သဘာဝမှာ မိမိထက်သာ မနာလိုခြင်းသို့မဟုတ် မိမိထက် အရည်အချင်း သာလွန်သူ၊ တော်၍၊ ထူးချွန်၍ ချီးမြှင့်မြှောက်စားခြင်း ခံရသူအပေါ်၊ မိမိထက် ပိုသာ၊ မြင့်တက်သွားသော လုပ်ဖော်ကိုင်ဖက်အပေါ် မုဒိတာစိတ် နည်းပါးခြင်းဟု ဆိုနိုင်သည်။

အခြားတစ်ဖက်တွင်လည်း ပုဂ္ဂလိကလုပ်ငန်း၊ အများပိုင်လုပ်ငန်း၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများမှသည် အစိုးရအဖွဲ့အစည်းများ၊ သာရေးနာရေး အသင်းများအထိ အရည်အချင်းရှိသူထက် မိမိနှင့်နီးစပ်သူများကိုသာ ခန့်ထားတာဝန်ပေးသည့် စနစ်ဆိုးက လုပ်ရိုးလုပ်စဉ်ကဲ့သို့ ဖြစ်နေခြင်းကလည်း ထိုစရိုက်ဆိုးများ မွေးဖွားပေးလိုက်သကဲ့သို့ ဖြစ်စေသည်။

မနာလိုစိတ်နှင့် မုဒိတာစိတ် နည်းပါးလွန်းသော လုပ်ငန်း၊ နယ်ပယ်၊ ပတ်ဝန်းကျင်၊ လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်လာပါက တစ်ဦးကိုတစ်ဦး ချောက်တွန်း၊ ကုန်းချော၊ ဆွဲချ၊ အဆင်းဘီးတပ်ကာ သူ့ထက် ငါ နေရာရရေး၊ အကြီးအကဲ၏ မျက်နှာအပေးခံရရေး၊ အကြီးအကဲအကြိုက်၊ ဆရာအကြိုက် အသုံးတော်ခံ ဖျော်ဖြေရေး ကိစ္စများဖြင့်သာ လုံးချာလိုက်ကာ အဖွဲ့အစည်း၊ လုပ်ငန်း၊ နယ်ပယ်ဖွံ့ဖြိုးရေးက နောက်တန်းရောက်သွားတော့သည်။

အကျိုးဆက်မှာ အတိုင်အတောများသော၊ အခိုအကပ်များသော၊ အပါးခို၊ ရေသာခို၊ အချောင်လိုက်၊ ဖြတ်လမ်းနည်းကိုသာ စိတ်ဝင်စားသော လူ့အဖွဲ့အစည်း ဖြစ်မှန်းမသိ ဖြစ်သွားတတ်သည်။ ထိုအခြေအနေကို ထိပ်ဆုံးတွင်ရှိသော အစိုးရနှင့် အစိုးရအဖွဲ့ဝန်ကြီးတာဝန်များ ခန့်အပ်တာဝန်ပေးသည့်အဆင့်၊ လွှတ်တော်ကိုယ်စားလှယ် ရွေးချယ်ခြင်းအဆင့်တို့မှစ၍ အရေအတွက်ထက် အရည်အချင်းကို ဦးစားပေးသည့်စနစ်၊ လူမှန်၊ နေရာမှန် ခန့်ထားတာဝန် ပေးသည့်စနစ် လက်တွေ့ စတင်ကျင့်သုံးခြင်းဖြင့်သာ ကုစားပြင်ဆင်နိုင်ကြောင်း သိစေလိုရင်းဖြစ်သည်။

အယ်ဒီတာ (၃၀-၁၀-၂၀၁၈)

(၂၄-၆-၂၀၁၈ နေ့ထုတ် The Voice Daily သတင်းစာတွင် ဖော်ပြခဲ့ပြီးသော အယ်ဒီတာ့အာဘော်ကို ပြန်လည်ဖော်ပြခြင်း ဖြစ်ပါသည်။)