News

POST TYPE

EDITORIAL

အချုပ်အခြာ အာဏာကို ထိပါးခြင်း(Weekly,Vol-12/No-38)
15-Oct-2016

ရခိုင်ပြည်နယ် ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် ရဲတပ်ဖွဲ့ဝင်များ သာမက တပ်မတော်သားများပါ ကျဆုံးနေသော စီးနင်းမှုများ၊ တိုက်ပွဲများ ဖြစ်ပေါ်နေခြင်းမှာ ရခိုင်ပြည်နယ် ဒေသခံများအတွက် သာမက နိုင်ငံတော်နှင့် နိုင်ငံသား အားလုံး၏ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ထိပါးနှောင့်ယှက်ခြင်း ဖြစ်သည်။

 

ထို့အပြင် ယင်းပြဿနာသည် ဒေသဆိုင်ရာ လုံခြုံရေး တာဝန်ရှိသူများ၊ ပြည်ထောင်စုအဆင့်က ပေးအပ်ရမည့် ကာကွယ်စောင့်ရှောက်မှုများ များစွာ ချည့်နဲ့ အားနည်းနေကြောင်း၊ ဒေသတွင် တာဝန်ကျနေသူများ များစွာ ပေါ့ဆကြောင်း မီးမောင်းထိုးပြ လိုက်ခြင်းလည်း ဖြစ်သည်။

 

အခြားတစ်ဖက်တွင်လည်း ယင်းအခြေအနေကို အကြောင်းပြုကာ ဘာသာရေး၊ လူမျိုးရေး ဗန်းတင်ပြောဆို၊ ဆွေးနွေး၊ လှုံ့ဆော်၊ သွေးထိုးမှုများ မပေါ်ပေါက်စေရန်လည်း အထူး ဂရုစိုက်ရမည် ဖြစ်သည်။

 

ရခိုင်ပြည်နယ် ပြဿနာသည် နှစ်ပေါင်း များစွာ နယ်စပ် လုံခြုံရေး အားနည်းချက်ကြောင့် လူဦးရေ ပေါက်ကွဲနေသော ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ရွှေ့ပြောင်း နေထိုင်သူများ အလုံးအရင်းဖြင့် ဝင်ရောက်နေသော ပြဿနာ ဖြစ်သည့်အတွက် ဘာသာရေး၊  လူမျိုးရေးမှ ဖယ်ခွာကြည့်ရန် အထူး လိုအပ်ပေသည်။

 

လူ့အခွင့်အရေးကို ကိုယ်ကျိုး၊ အဖွဲ့အစည်းအကျိုးနှင့် ရောယှက် ဗန်းတင်ကာ ထိလွယ်၊ ခိုက်လွယ်သော ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခ အသွင်မျိုး ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းအချို့က ပုံဖော်ရန် ကြိုးစားနေသော ပြည်နယ် ဖြစ်သည့်အတွက် အထူး ဂရုစိုက်ရန် လိုအပ်ခြင်းဖြစ်သည်။

 

ဥပဒေနှင့်အညီ ဖွဲ့စည်းထားသော နယ်ခြားစောင့် ရဲတပ်ဖွဲ့ကို ဝင်ရောက် စီးနင်းခဲ့သည့်အပြင် နယ်မြေ ရှင်းလင်းသော တပ်မတော်သားများကိုလည်း တိုက်ခိုက် သတ်ဖြတ်ခြင်းမှာ နိုင်ငံတော်၏ အချုပ်အခြာ အာဏာကို အတိအလင်း စိန်ခေါ် ထိပါးခြင်း ဖြစ်သည်။

 

ထို့ကြောင့် ရခိုင်ပြည်နယ်ရှိ ဒေသခံများအပြင် နိုင်ငံတော်နှင့် နိုင်ငံသားများ ဘေးကင်း လုံခြုံရေး၊ အေးချမ်း တည်ငြိမ်ရေး၊ အချုပ်အခြာ အာဏာ တည်တံခိုင်မြဲရေး အလို့ငှာ အုပ်စုဖွဲ၍ အကြမ်းဖက်၊ တိုက်ခိုက်သူများကို ပြတ်သားစွာ နှိမ်နင်းသင့်ကြောင်း အထူးဖော် ပြအပ်ပေသည်။



အယ်ဒီတာ (၁၂-၁ဝ-၂ဝ၁၆)



  • VIA