News

POST TYPE

EDITORIAL

ဟောင်ကောင်၊ မက္ကာအိုနှင့် တရုတ်တောင်ပိုင်းတို့ကို ချိတ်ဆက်ပေးသည့် ကမ္ဘာ့အရှည်ဆုံး ပင်လယ်ဖြတ်ကျော်တံတားကြီး တရုတ်တွင်ဖွင့်လှစ်
24-Oct-2018


ဘေဂျင်း၊ အောက်တိုဘာ ၂၃

ပင်လယ်ပြင်ကိုဖြတ်ကျော်ကာ တည်ဆောက်ထားသည့် ကမ္ဘာ့အရှည်ဆုံးပင်လယ်ဖြတ်ကျော်တံတားကြီးကို ကိုးနှစ်တာကြာမျှ တည်ဆောက်ခဲ့ပြီးနောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖျင်က တရားဝင်ဖွင့်လှစ်ပေးလိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 

အဆိုပါတံတားသည် ဟောင်ကောင်၊ မက္ကာအိုတို့ကို ပြည်မကြီး၏ ဇူဟွာမြို့နှင့် ဆက်သွယ်ပေးပြီး ၃၄ မိုင်အထိ ရှည်လျားသော တံတားဖြစ်သည်။ 

ယင်းပင်လယ်ဖြတ်ကျော်တံတားကြီးကို ဒေါ်လာ သန်း ၂၀ ဘီလီယံ အကုန်အကျခံကာ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ဖွင့်လှစ်ရန် နှောင့်နှေးမှုများလည်း ပေါ်ပေါက်ခဲ့သည်။ 

တံတားဆောက်လုပ်ရာတွင် လုံခြုံရေးဆိုင်ရာပြဿနာများနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရကြောင်း၊ ဆောက်လုပ်ရေးကာလအတွင်း အလုပ်သမား ၁၈ ဦး သေဆုံးခဲ့ရကြောင်း တရုတ်အစိုးရ အရာရှိများကဆိုသည်။ 

တံတားဖွင့်လှစ်ပွဲကို အောက်တိုဘာလ ၂၃ ရက်နေ့က ဇူဟွာမြို့အပိုင်းတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး သမ္မတရှီကျင့်ဖျင်နှင့်အတူ ဟောင်ကောင်၊ မက္ကာအိုတို့မှ ခေါင်းဆောင်များလည်း တက်ရောက်ခဲ့ကြသည်။ တံတားကို အောက်တိုဘာလ ၂၄ ရက် (ယနေ့) တွင် အများပြည်သူများ အသုံးပြုနိုင်ရန် တရားဝင်ဖွင့်လှစ်ပေးသွားမည်ဖြစ်သည်ဟု အစိုးရအရာရှိများကဆိုသည်။ 

ကမ်းခြေဒေသမြို့များဖြစ်သော ဟောင်ကောင်၊ မက္ကအိုနှင့် ဇူဟွာတို့ကို ဆက်သွယ်ပေးသည့် ယင်းပင်လယ်ဖြတ် ကျော်တံတားကြီးကို တည်ဆောက်ရာတွင် စတီးတန်ချိန် စုစုပေါင်း ၄၀၀,၀၀၀ ခန့် အသုံးပြုခဲ့ကြောင်း၊ ယင်းပမာဏသည် ပဲရစ်မြို့ရှိ အီဖယ်တာဝါကဲ့သို့ တာဝါမျိုးပေါင်း ၆၀ ခန့် တည်ဆောက်၍ရကြောင်း အင်ဂျင်နီယာများ၏ အဆိုအရ သိရသည်။ 

တံတားကို မုန်တိုင်းဒဏ်နှင့် မြေငလျင်ဒဏ်များခံနိုင်ရည်ရှိမည့် ဒီဇိုင်းမျိုးရေးဆွဲခဲ့ခြင်းဖြစ်သည်ဟုလည်း ၎င်းတို့က ဆိုသည်။ 

တရုတ်နိုင်ငံက ဟောင်ကောင်၊ မက္ကာအိုနှင့် အခြားသော တရုတ်တောင်ပိုင်းမှ မြို့ကြီးကိုးမြို့ကို ချိတ်ဆက်ပေးသည့် မဟာပင်လယ်ကွေ့ဧရိယာတစ်ခုကို ဖန်တီးလိုသောကြောင့် ယင်းတံတားကို တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ယင်းဧရိယာသည် လူဦးရေ ၆၈ သန်းခန့် နေထိုင်သည်။ ယခင်က ဇူဟွာမှ ဟောင်ကောင်သို့သွားရောက်မည်ဆိုပါက လေးနာရီခန့်ကြာမြင့်သည်။ ယခုတံတားသစ်ကြီးကို အသုံးပြုကာ သွားရောက်မည်ဆိုပါက မိနစ် ၃၀ သာ ကြာမြင့်မည်ဖြစ်သည်။ 

တံတားသစ်ကြီးပေါ်တွင် မော်တော်ယာဉ်မောင်းနှင်မှုနှင့်ပတ်သက်၍ မောင်းချင်တိုင်းမောင်း၍ရမည်မဟုတ်ကြောင်း သိရသည်။ အာဏာပိုင်အဖွဲ့ထံမှ အထူးပါမစ် (ခွင့်ပြုချက်)ရရှိထားသည့် မော်တော်ယာဉ်နှင့် ယာဉ်မောင်းသာ မောင်းနှင်ခွင့်ရှိမည် ဖြစ်သည်။ တံတားကို ဖြတ်သန်းသွားမည့် မော်တော်ယာဉ်အားလုံး ဖြတ်သန်းခပေးဆောင်ရမည်ဟု ဆိုသည်။

F-01