News

POST TYPE

EDITORIAL

တစ်ခုတည်းသော တပ်မတော်ထားရှိရေး သဘောတူ၊ ခွဲမထွက်ရကိစ္စ တိုင်းရင်းသားအဖွဲ့များကြား ပြန်ညှိမည်
17-Oct-2018
ရန်ကုန်၊ အောက်တိုဘာ ၁၆

တစ်ခုတည်းသော တပ်မတော် ထားရှိရေးကို NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်များက သဘောတူလိုက်ပြီဖြစ်ပြီး ပြည်ထောင်စုမှ ခွဲမထွက်ရဆိုသည့် အချက်ကို လက်ရှိနေပြည်တော်တွင် ပြုလုပ်နေသည့် ထိပ်သီးအစည်းအဝေးတွင် မပြီးပြတ်ခဲ့ဘဲ ပြန်လည်ညှိနှိုင်းသွားရမည်ဖြစ်ကြောင်း အဆိုပါအစည်းအဝေးတွင် ပါဝင်သူများထံမှ သိရသည်။

အစိုးရ၊ တပ်မတော်နှင့် အပစ်ရပ်လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ထိပ်ပိုင်းခေါင်းဆောင်များ၏ အစည်းအဝေးကို နေပြည်တော်တွင် အောက်တိုဘာလ ၁၅ ရက်မှ ၁၆ ရက်အထိ ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အစည်းအဝေး၏ ဆွေးနွေးပွဲ၏ ဒုတိယနေ့ဖြစ်သော အောက်တိုဘာလ ၁၆ ရက်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အဓိကအခက်အခဲဖြစ်နေသည့် ခွဲမထွက်ရေးနှင့် တစ်ခုတည်းသော တပ်မတော်ရှိရေးတို့ကို ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

ဒုတိယနေ့ဆွေးနွေးပွဲတွင် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်အစိုးရ ကိုယ်စားလှယ် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

အစည်းအဝေး ပထမနေ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခဲ့သော်လည်း ဒုတိယနေ့တွင် တက်ရောက်ခဲ့ခြင်းမရှိခဲ့သည်ကိုလည်း တွေ့ရှိခဲ့ရသည်။

ပြည်ထောင်စုမှ ခွဲမထွက်ရေးကိစ္စသည် တစ်နိုင်ငံလုံးရှိ တိုင်းရင်းသားများနှင့်သက်ဆိုင်သည့် ကိစ္စရပ်ဖြစ်သောကြောင့် အပစ်ရပ်ဆယ်ဖွဲ့ဖြင့် ဆုံးဖြတ်၍ မရနိုင်ခဲ့ဘဲ အခြားလက်မှတ်မထိုးရသေးသည့် အဖွဲ့များနှင့် တိုင်ပင်ရန် အချိန်ခဏပေးရန် တောင်းဆိုခဲ့ပြီး ဆက်လက်ညှိနှိုင်းသွားရမည်ဖြစ်ကြောင်း ဆွေးနွေးပွဲတွင် ပါဝင်သည့် ချင်းအမျိုးသားတပ်ဦး (CNF) အဖွဲ့၏ ဒုတိယဥက္ကဌဖြစ်သူ ဒေါက်တာဆလိုင်းလျှန်မှုန်းဆာခေါင်းက ပြောကြားသည်။

ထိုသို့ ခွဲမထွက်ရေး ကိစ္စရပ်ကို ဆုံးဖြတ်နိုင်ခဲ့ခြင်း မရှိခဲ့သော်လည်း တစ်ခုတည်းသော တပ်မတော်တစ်ခုထားရှိရေးကို တိုင်းရင်းသားအဖွဲ့များက အပြည့်အဝလက်ခံခဲ့ပြီး အဆိုပါ တပ်မတော်ဖွဲ့စည်းပုံနှင့်ပတ်သတ်သည့် အပိုင်းများကို ဆက်လက်ညှိနှိုင်းသွားမည်ဟုလည်း ၎င်းက ဆက်လက်ပြောဆိုသည်။

“ခွဲမထွက်ရေးကို အပစ်ရပ်လက်မှတ်မထိုးထားတဲ့ အဖွဲ့တွေနဲ့ နိုဝင်ဘာလမကုန်ခင် တွေ့ဖို့ရှိတဲ့အတွက် ပြန်ညှိနှိုင်းသွားမယ်လို့ တင်ပြခဲ့ပါတယ်။ တစ်နိုင်ငံလုံးနဲ့ဆိုင်တဲ့ ကိစ္စဖြစ်နေတော့ ၁၀ ဖွဲ့ သဘောထားနဲ့ ဆုံးဖြတ်လို့မရဘူးဖြစ်နေတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ယခင်က အဆိုပါ ကိစ္စရပ်များသည် ညှိနှိုင်းရခက်ခဲနေပြီး လက်ရှိတွင် ဆက်လက်ဆွေးနွေးနိုင်သည့် အနေအထားတိကျသည့် လမ်းညွှန်မှုရရှိသွားသည့်သဘောဖြစ်ပြီး ဆက်လက်ညှိနှိုင်းသွားမည့်လမ်းကြောင်း ရရှိသွားခြင်းဖြစ်ကြောင်း ပြည်ထောင်စုအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

အဆိုပါ ပြည်ထောင်စုမှ ခွဲမထွက်ရေးကိစ္စနှင့်ပတ်သက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အစည်းအဝေးအဖွင့်မိန့်ခွန်းတွင် ပြည်ထောင်စုမှ ခွဲမထွက်ရဆိုသည့် တားမြစ်ချက်ကို ထည့်သွင်းရခြင်းသည် တိုင်းရင်းသားများအတွက် ရေရှည်အာမခံချက် ရှိစေချင်သည့်အတွက်ဖြစ်ပြီး ခွဲမထွက်ရဘူးဆိုသည့် သဘောတူညီချက်ကို ထည့်သင့်၊ မသင့်ကို အငြင်းပွားစရာမလိုကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား ခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေးအပြီး သဘောတူညီချက်ခုနှစ်ချက် ရရှိကြောင်း ထုတ်ပြန်ကြေညာချက် တစ်စောင်ကိုလည်း ထုတ်ပြန်ခဲ့သည်။

ထိပ်သီးအစည်းအဝေးတွင် ၂၁ ရာစု ပင်လုံညီလာခံ တတိယအစည်းအဝေး ထုတ်ပြန်ကြေညာချက်များအတိုင်း ဖက်ဒရယ်အခြေခံမူများ ချမှတ်ရေးအတွက် လိုအပ်သည့် အချိန်ဇယားနှင့် ဦးစားပေးလုပ်ငန်းစဉ်များ၊ နိုင်ငံရေးဆွေးနွေးပွဲများတွင် သဘောတူညီမှုရရှိရန် လိုအပ်နေသည့် ကိစ္စရပ်များ ဖြေရှင်းကျော်လွားရေး၊ လက်ရှိ နိုင်ငံရေးဆွေးနွေးမှုပုံစံကို ပိုမိုရှင်းလင်းလွယ်ကူရန် ဆောင်ရွက်သွားရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရာတွင် ခေါင်းဆောင်များအကြား သဘောတူညီချက်များရယူကာ အကောင်အထည်ဖော်ရေး စသည့်အချက်များကို သဘောတူညီခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေးလုပ်ငန်းစဉ်များ ချမှတ်ရေး၊ လက်မှတ်မထိုးရသေးသည့် အဖွဲ့များ အားလုံးပါဝင်လာရေး၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ပိုမိုခိုင်မာအောင် ဆက်လက်ဆောင်ရွက်ရေးတို့ကိုလည်း သဘောတူခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

J-08