News

POST TYPE

EDITORIAL

ပီအာ ကိစ္စ (Daily, Vol-4/No-159)
13-Oct-2016
နိုင်ငံရေး နယ်ပယ်တွင် အင်္ဂလိပ်လို Public Relation(PR) ခေါ် ပြည်သူ့ ဆက်ဆံရေး သဘောကို ကျေညက်ခြင်း မရှိပါက မည်မျှ စွမ်းဆောင်ရည် မြင့်မား စေကာမူ လူကြိုက်နည်းတတ်ကြောင်း သာမန် စဉ်းစားဆင်ခြင်တတ် သူတိုင်း သိရှိထားကြသည်။

လူကြိုက်များခြင်း၊ နည်းခြင်းမှာလည်း သက်ဆိုင်ရာ လူ့အဖွဲ့အစည်း၏ အတိတ်၊ ပစ္စုပ္ပန် အခြေအနေများနှင့် လူထု၏ အသိပညာ ရေချိန်တို့က အဆုံးအဖြတ် ပေးတတ်သည်။

 နှစ်ပေါင်းရာချီ ဒီမိုကရေစီ ကျင့်သားရနေသော နိုင်ငံများတွင်ပင် လူကြိုက်များခြင်း၊ မများခြင်းမှာ လက်ရှိ ထိုနိုင်ငံတို့တွင် ဖြစ်ပေါ်နေသော နိုင်ငံသားများ၏ ပြဿနာ၊ နိုင်ငံ၏ ပြဿနာများအပေါ် မူတည်ကာ ပြောင်းလဲ သွားတတ်သည်။

ကြီးမားသော လူထုအင်အားဖြင့် အာဏာရှင် စနစ်ကို ဖြုတ်ချနိုင်ခဲ့ပြီး ဒီမိုကရေစီ နည်းကျ သမ္မတများ ရွေးကောက် တင်မြှောက်နိုင်ခဲ့သော ဖိလစ်ပိုင် နိုင်ငံတွင် လက်ရှိ သမ္မတဒူတာတေး၏ အထိန်းအကွပ် မရှိ ပရမ်းပတာ ပြောဆို၊ မှတ်ချက်ပေး စကားများ၊ မူးယစ်ဆေးဝါး သုံးစွဲသူများကို သတ်ဖြတ်မှုများအား ယနေ့အချိန်အထိ ဖိလစ်ပိုင် ပြည်သူအများစုက ထောက်ခံနေခြင်းမှာ အထင်ရှားဆုံး သာဓက ဖြစ်သည်။
 
ထို့အတူ အမေရိကန်ပြည်ထောင်စု၏ ၄၉ ယောက်မြောက် သမ္မတ ရွေးကောက်ပွဲအတွက် ယှဉ်ပြိုင်နေသည့် ရီပတ်ဘလစ်ကန် ပါတီမှ ကိုယ်စားလှယ် ဒေါ်နယ်လ်ထရမ့်မှာလည်း မနှစ်မြို့ဖွယ် စကားများ၊ မှတ်ချက်များ မကြာခဏ ပြောဆိုနေသော်လည်း အမေရိကန် ပြည်သူ များစွာတို့က ၎င်းအား ထောက်ခံ နေပေသည်။

သို့သော် ဒူတာတေးနှင့် ဒေါ်နယ်လ်ထရမ့်တို့ ကမ္ဘာ့ မီဒီယာများတွင် ထင်ပေါ်လာခြင်း၊ လူသိ များလာခြင်းမှာ သက်ဆိုင်ရာ နှစ်နိုင်ငံ၏ အခြေအနေ အရဖြစ်သော်လည်း လူသား အခွင့်အရေးနှင့် ယဉ်ကျေးသော လူ့အဖွဲ့အစည်းတို့၏ စံနှုန်းများနှင့် တိုင်းတာလျှင်မူ များစွာ ဝေဖန်စရာ ဖြစ်နေပေသည်။ 

မြန်မာနိုင်ငံတွင်လည်း ကုန်ခဲ့သည့် အရပ်သား တစ်ပိုင်း အစိုးရလက်ထက် တွင်သာမက လက်ရှိ ဒီမိုကရေစီ နည်းကျ ရွေးကောက်တင်မြှောက် ခံထားရသော အစိုးရ လက်ထက်တွင်ပင် တာဝန် ယူထားသော နေရာ၊ ဌာနနှင့် မလျော်မညီစွာ မှတ်ချက်ပြု၊ တုံ့ပြန်စကား ပြောဆိုနေသူများ ရှိနေပေသည်။

အထူးသဖြင့် ပြည်သူလူထုကို ဝန်ဆောင်ပေးရသည့် ပြည်သူ့ဝန်ထမ်း အဖြစ် တာဝန် ထမ်းဆောင်နေသူများက ယခင်အစိုးရ လက်ထက် အာဏာရှင် လေသံများနှင့်မခြား တုံ့ပြန်ရန်ထောင်ခြင်းမျိုးကို အထူး သတိပြုသင့်လှသည်။

ဒီမိုကရေစီ သဘောအရမူ ရွေးကောက်တင်မြှောက်သော နည်းလမ်းဖြင့်  တာဝန် ထမ်းဆောင်ရသော နေရာမျိုးတွင် ယနေ့အချိန်အထိ ဗဟိုက တိုက်ရိုက် ခန့်ထားနေဆဲ ဖြစ်နေသည့်အပြင် ထိုသို့ ခန့်ထားခံရသူများ၏ နှုတ်ထွက် စကားများသည်လည်း ယခင် အာဏာရှင်ခေတ်က စစ်ဗိုလ်ချုပ်များ၏ လေသံအတိုင်း ဖြစ်နေခြင်းမှာ များစွာ အရုပ်ဆိုးလှသည်။

ဒီမိုကရေစီ မရင့်သန်သေးဟူသော အကြောင်းပြချက်ဖြင့် အရာရာကို ယခင် ပုံစံဟောင်းများအတိုင်း သွားနေခြင်းထက် လိုအပ်ချက်များနှင့် ပတ်သက်၍သော်လည်းကောင်း၊ လူထု၏ အားမလို အားမရ စိတ်ဖြင့် ဝေဖန် မေးခွန်းထုတ်မှုများကိုလည်းကောင်း အနိမ့်ဆုံးအဆင့် ပီအာသုံး၍ ယဉ်ကျေး ချိုသာစွာ တုံ့ပြန်သင့်ကြောင်း သိစေလိုရင်း ဖြစ်သည်။

 အယ်ဒီတာ ( ၁၂ - ၁ဝ - ၂ဝ၁၆ )


  • VIA