News

POST TYPE

EDITORIAL

အခွန်တံဆိပ်အတုကပ် “ထန်း” အရက်ပုလင်းများ ဖမ်းမိ
08-Oct-2018


ထားဝယ်၊ အောက်တိုဘာ ၇

တနင်္သာရီတိုင်းအတွင်း ရောင်းချနေသည့် “ထန်း” တံဆိပ် အရက်ပုလင်း အချို့တွင် ကပ်ထားသည့် အခွန်အမှတ်တံဆိပ်များက အတုဖြစ်နေသည့်အတွက် ထားဝယ်ခရိုင်နှင့် မြိတ်ခရိုင်ရှိ အရောင်းဆိုင်အချို့ထံမှ ပြည်တွင်းအခွန်များ ဦးစီးဌာနက သိမ်းဆည်းခဲ့သည်။

အခွန်အမှတ်တံဆိပ် အတုကပ်ထားသည့် “ထန်း” အရက်ရောင်းချနေသည့်ဆိုင်များကို အထူးကုန်စည် ခွန်ဥပဒေအရ ပစ္စည်းတန်ဖိုး၏ ၁၀၀ ရာခိုင်နှုန်းကို ဒဏ်တပ်ရိုက်ပြီး အရက်ပုလင်းများကို အောက်တိုဘာလ ၄ ရက်တွင် ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

အရက်ပုလင်းများတွင် ကပ်သည့် အခွန်အမှတ်တံဆိပ်များကို အတုဟု သံသယရှိပါက စစ်ဆေးပေးမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ရဲထွန်းက ပြောသည်။

အခွန်အမှတ်တံဆိပ် အတုဟု သံသယရှိသည့်အတွက် အကြောင်းကြားလာပါက တင်ဆောင်သည့် သင်္ဘောဆိပ်ကမ်းတွင် စစ်ဆေးပေးမည်ဖြစ်ကြောင်း ဦးကျော်ရဲထွန်းက ဆိုသည်။

“ရန်ကုန်ကသယ်လာချိန်မှာ အခွန်အမှတ် တံဆိပ်စစ်/မစစ် အကြောင်းကြား လာရင်စစ်ဆေးပေးမယ်”ဟု ဦးကျော်ရဲထွန်းက ပြောသည်။

အရက်ပုလင်းဘူးအဖုံးတွင် ကပ်နှိပ်ထားသည့် အခွန်အမှတ်တံဆိပ် အတု/အစစ်ကို လေဆာဓာတ်မီး (UV) ဖြင့် ထိုးကြည့်ပါက သိနိုင်မည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

အခွန်အမှတ်တံဆိပ် အတု/အစစ်ကို ဌာနအနေနှင့် စစ်ဆေးပေးမည်ဆိုပါက ပိုကောင်းမည်ဖြစ်ပြီး အပေါ်ယံမဟုတ်ဘဲ တိတိကျကျ စစ်ဆေးပေးစေချင်ကြောင်း ထားဝယ်မြို့ပေါ်ရှိ အရက် လက်လီလက်ကား ရောင်းချနေသည့် လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

“စစ်ဆေးပေးမယ်ဆိုရင် အခွန်နဲ့ပတ်သက်ပြီး ခေါင်းအေးအေးနေလို့ရမယ်၊ စစ်ဆေးပြီးရင်လည်း အထောက်အထားတစ်ခုခု ပေးစေချင်တယ်”ဟု အဆိုပါ လုပ်ငန်းရှင်က ပြောသည်။

အောက်တိုဘာလ ၄ ရက်နေ့က ဖျက်ဆီးခဲ့သည့် အရက်ပုလင်းအရေအတွက်က ၇၉၂ လုံးဖြစ်ပြီး ထားဝယ်မြို့နယ်မှ ၃၆၀ လုံးနှင့် မြိတ်မြို့နယ်မှ ၄၃၂ လုံးဖြစ်သည်။

ဈေးကွက်အတွင်း “ထန်း” အရက်တစ်ပုလင်းလျှင် ငွေကျပ် ၆၀၀ ဝန်းကျင် ပေါက်ဈေးရှိသည်။

အခွန်အမှတ်တံဆိပ် အတု/အစစ်ကို လက်လီလက်ကား ရောင်းချသူများက သိရှိနိုင်မည်မဟုတ်ဘဲ ထုတ်လုပ်သည့် ကုမ္ပဏီကို သေချာစွာ ကြပ်မတ်သင့်ကြောင်း ထားဝယ်မြို့အတွင်း အရက်ရောင်းချနေသည့် အခြားလုပ်ငန်းရှင် တစ်ဦးက ဆိုသည်။

“အတုကပ်တဲ့ ကုမ္ပဏီကိုပဲ အရေးယူသင့်တယ်၊ ဈေးကွက်ထဲရောက်မှ ဖမ်းတာက လုံးဝမဖြစ်သင့်ဘူး”ဟု ယင်းလုပ်ငန်းရှင်က ပြောသည်။

အခွန်အမှတ်တံဆိပ် အတုကပ်ထားသည့် အရက်ပုလင်းရောင်းချနေသည့် ဆိုင်များကို ပစ္စည်းတန်ဖိုး၏ ၁၀၀ ရာခိုင်နှုန်း ဒဏ်ရိုက်သကဲ့သို့ ပင်ရင်းထုတ်လုပ်သည့် ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်ရှိ စက်ရုံကိုလည်း ဝင်ရောက်ဖမ်းဆီးခဲ့ပြီးဖြစ်ကြောင်း ဦးကျော်ရဲထွန်းက ဆိုသည်။

ရွှေပြည်သာရှိ ပင်ရင်းစက်ရုံကိုဝင် ရောက်ဖမ်းဆီးပြီး မည်ကဲ့သို့ အရေးယူဆောင်ရွက်နေသည်ကိုမူ မသိရသေးကြောင်း ၎င်းက ပြောသည်။

ရာဇသတ်ကြီးဥပဒေ ပုဒ်မ- ၂၅၅ တွင် အစိုးရတံဆိပ်ခေါင်းများကို အတုပြုလုပ်ခြင်းကို တားမြစ်ထားပြီး ကျူးလွန်ပါက တစ်သက်တစ်ကျွန်းဒဏ်ဖြစ်စေ၊ ဆယ်နှစ်အထိ ထောင်ဒဏ်ဖြစ်စေ တစ်မျိုးမျိုး ချမှတ်ရမည့်အပြင် ငွေဒဏ်ပါချမှတ်နိုင်သည်ဟု ဖော်ပြထားသည်။

အထက်ပါ ဥပဒေပုဒ်မ- ၂၆၀ တွင်မူ အစိုးရတံဆိပ်ခေါင်းအတုမှန်းသိလျက် သုံးစွဲခြင်းကို တားမြစ်ထားပြီး ဖောက်ဖျက်ပါက ခုနစ်နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ဖော်ပြထားသည်။

Dawei Watch


  • VIA