News

POST TYPE

EDITORIAL

ပဋိပက္ခ ဖြေရှင်းလိုသော် (Daily, Vol-4/No-158)
11-Oct-2016
ကမ္ဘာပေါ်တွင် ဖြစ်ပေါ်ခဲ့သော ပဋိပက္ခ၊ အကျပ်အတည်း၊ အငြင်းပွားမှု များစွာကို စနစ်တကျ သုတေသနပြု ဖော်ထုတ်ထားသည့် Conflict ခေါ် ပဋိပက္ခ ကိုင်တွယ် ဖြေရှင်းမှု ပညာရပ်တွင် အခြေခံအားဖြင့် ပုံစံ ငါးမျိုးဖြင့် ချဉ်းကပ် ဖြေရှင်းလေ့ ရှိသည်။

ပထမနည်းလမ်းမှာ Forcing သို့မဟုတ် Competing ခေါ် ပြိုင်ဘက်အပေါ်၊ တစ်ဖက် အင်အားစုအပေါ် အင်အားသုံးခြင်း (ဝါ) အနိုင်တိုက်ခြင်း ဖြစ်သည်။

ဒုတိယနည်းလမ်းမှာ Smoothing သို့မဟုတ် Accommodating ခေါ် တစ်ဖက်ဖက်ကို လိုက်လျော အလေးပေးခြင်း ဖြစ်သည်။

တတိယနည်းလမ်းမှာ win - win ဟု အများ သိထားကြသည့် Collaborating ခေါ် တူသည့်ကိစ္စများ ပူးပေါင်း ဆောင်ရွက်ခြင်း ဖြစ်သည်။
စတုတ္တနည်းလမ်းမှာ Compromisinng ခေါ် အပေးအယူ၊ အလျှော့ အတင်း လုပ်ခြင်းဖြစ်သည်။

ပဉ္စမနည်းလမ်းမှာ Withdrawing သို့မဟုတ် Avoidinng ခေါ် ပဋိပက္ခကို နုတ်ထွက် ရှောင်တိမ်းခြင်း ဖြစ်သည်။

လူပုဂ္ဂိုလ် တစ်ဦးနှင့် တစ်ဦးအကြား၊ အဖွဲ့အစည်း၊ အင်အားစု၊ လူမျိုးစု၊ လက်နက်ကိုင်များနှင့် နိုင်ငံ အချင်းချင်း အကြားတို့တွင် ဖြစ်ပွားတတ်သော ပဋိပက္ခများကို အထက်ဆိုခဲ့ပါ ပုံစံ ငါးမျိုးအနက် ကိုက်ညီ အပ်စပ်သည့် နည်းလမ်း တစ်ရပ်ရပ်ဖြင့် ဖြစ်စေ သို့မဟုတ် နည်းလမ်း နှစ်မျိုး၊ သုံးမျိုး တွဲလျက်ဖြစ်စေ ဖြေရှင်းခဲ့သည်ချည်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် လက်ရှိ ရင်ဆိုင်နေရသော ငြိမ်းချမ်းရေး အပါအဝင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး ပဋိပက္ခ၊ အငြင်းပွားမှု ပြဿနာများကို အထက်ဆိုခဲ့ပါ နည်းလမ်း ငါးရပ်ဖြင့် ချိန်ထိုး စဉ်းစားကာ ဖြေရှင်းကြရန် လိုပေသည်။

ငြိမ်းချမ်းရေး ပဋိပက္ခ သို့မဟုတ် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား ဖြစ်ပွားနေသော အနှစ် ၇ဝ နီးပါးကြာ ပြည်တွင်းစစ် ဖြေရှင်းကြရာတွင်လည်း အစိုးရ အပါအဝင် Stakehoder ခေါ် အဓိက ပါဝင်ပတ်သက် တာဝန်ရှိ သက်ဆိုင်သူ အင်အားစု အားလုံး ယင်းနည်းလမ်း ငါးရပ်ကို အထိုင်ပြု စဉ်းစား ကြည့်ကြစေလိုသည်။

ရခိုင် လူ့အဖွဲ့အစည်းတွင် လတ်တလော ပဋိပက္ခ အသွင်ကြီးစွာ အငြင်းပွား နေကြသည့် ရခိုင်စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းသည့်အပေါ် ရှုမြင်ပုံ ရှုမြင်နည်း ကွာခြားချက်များ ရှိနေလင့်ကစား နှစ်ဖက်စလုံး အနေနှင့် ရေရှည်တွင် ဒေသဖွံ့ဖြိုးရေး အလို့ငှာ ပြေလည် ငြိမ်းချမ်းစေမည့် နည်းလမ်းကို စဉ်းစား ကြည့်ကြစေလိုသည်။

အထူး သတိမူရမည့်အချက်မှာ ပြဿနာ သို့မဟုတ် ပဋိပက္ခ ဖြေရှင်းရာ တွင် ဖြေရှင်းရန် ကြိုးစားလိုသူ မည်သူ၊ မည်သည့် အဖွဲ့အစည်းမဆို မိမိ သို့မဟုတ် မိမိ အဖွဲ့အစည်း၊ အင်အားစုသည် မည်သည့်နေရာ၊ မည်သည့် ရပ်တည်ချက်တွင် ရှိသနည်းဆိုခြင်းကို ဦးစွာ မြင်အောင်ကြည့်ရန် ဆိုသောအချက် ဖြစ်သည်။

မိမိ၏ တည်နေရာသည် ပြဿနာ သို့မဟုတ် ပဋိပက္ခကို ဖြေရှင်းနိုင်သည့် အင်အား၊ လုပ်ပိုင်ခွင့်၊ အထောက်အပံ့နှင့် ပြေလည်နိုင်ခြေ ရာနှုန်း မည်မျှရှိသည် ဆိုခြင်းကို မသိပါက ပြဿနာ ဖြေရှင်းခြင်းထက် ပြဿနာ ပိုရှုပ်ထွေးသည့် လမ်းကြောင်းသို့ ဆွဲခေါ်သွားနိုင်သည့် အန္တရာယ် ရှိကြောင်း သိစေလိုရင်းဖြစ်သည်။

အယ်ဒီတာ (၁၁-၁၀-၂ဝ၁၆)

(လက်ရှိဖြစ်ပေါ်နေသော အခြေအနေနှင့် ကိုက်ညီနေသောကြောင့် ၄ -၉ -၂ဝ၁၆ နေ့ထုတ် The Voice Daily သတင်းစာတွင် ဖော်ပြခဲ့ပြီးသော အယ်ဒီတာ့အာဘော်ကို ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်)


  • VIA