News

POST TYPE

EDITORIAL

ခေတ်ကြီးလေးခေတ်နှင့် ခေါင်းဆောင်ကြီးလေးဦး
03-Oct-2018
မြန်မာနိုင်ငံ၏ နယ်ပယ်စုံအသွင်ကူးပြောင်းမှု တည်ငြိမ်အောင်မြင်ရေးအတွက် အင်စတီကျူးရှင်းများက အဓိကကျသည်ဟုဆိုလျှင် ငြင်းမည့်သူ မရှိသလောက် ရှားပါလိမ့်မည်။ သို့်သော် လတ်တလောကာလ နိုင်ငံ၌ အင်စတီကျူးရှင်းများ အားမကောင်းသေးပေ။ ချို့တဲ့နေသည်။ ထို့အပြင် အင်စတီကျူးရှင်း၏ သဘောသဘာဝမှာ ယင်းတို့ကိုထူထောင်ရန် အချိန်များစွာ ပေးရသည့်နည်းတူ ထူထောင်ပြီးသော အင်စတီကျူးရှင်းများ အမှန်တကယ်အသက်ဝင်လာရေးမှာလည်း ပို၍ပင် အချိန်ပေးရတတ်သည်။ ထိုသို့သောအခြေအနေများကြောင့် မြန်မာနိုင်ငံ၏ အရပ်ရပ်အသွင်ကူးပြောင်းရေးသည် လူပုဂ္ဂိုလ်တစ်နည်း ခေါင်းဆောင်များကို လုံးဝနီးပါး မှီခိုနေရသည့်အနေအထားသို့ ရောက်ရှိလာရပါတော့သည်။ ဆိုရလျှင် နိုင်ငံ၏ အပြောင်းအလဲများ ပစ္စုပ္ပန်တည်ငြိမ်ရေးနှင့် အနာဂတ်အချိန် အောင်မြင်ရေးများသည် ခေါင်းဆောင်တို့လက်ထဲ ဝကွက်အပ်ထားရသည့်သဘောမှာ ရှိနေသည်။ ဤနိုင်ငံ၌ ခေါင်းဆောင်တို့၏ ခေါင်းဆောင်မှုသည် အရေးကြီးသည်။ ပဓာနကျသည်။ အခရာကျသည်။ ဗဟိုအူတိုင်သဖွယ် တည်ရှိသည်။ ထို့ကြောင့် ခေါင်းဆောင်သူများနှင့် ယင်းတို့၏ခေါင်းဆောင်မှုအစွမ်းကို မျက်စိတစ်ဆုံးကြည့်၍ လေ့လာရန် လိုအပ်လာပါသည်။

၂၁ ရာစုခေါင်းဆောင်မှုကို အကဲခတ်ခြင်း

ဤနေရာ၌ အကြောင်းတိုက်ဆိုင်၍ သုတေသီများ လေ့လာထားသော ၂၁ ရာစု ခေါင်းဆောင်မှုအကြောင်းကို ပြောပြလိုသည်။ ဂလိုဘယ်ခေါင်းဆောင်မှု (Global Leadership) ဟု အမည်နာမပေး ဆွေးနွေးလေ့လာကြသည်။ ဤသို့ ဂလိုဘယ်ခေါင်းဆောင်မှုကို လေ့လာကြသောအခါ သုတေသီတို့က ခေတ်ကာလများအား အပိုင်းသုံးပိုင်း ခွဲခြားသည်။

(၁) ဒုတိယကမ္ဘာစစ်ကာလ

(၂) စစ်အေးခေတ်ကာလ

(၃) ၉/၁၁ လွန်ကာလတို့ဟူ၍ ဖြစ်သည်။

ထိုသို့ သုံးပိုင်း ခွဲခြမ်းလေ့လာပြီးချိန်၌ ဂလိုဘယ်ခေါင်းဆောင်မှု အရပ်ရပ်အခြေအနေတို့ကို အောက်ပါအတိုင်း ရဲရဲဝံ့ဝံ့ အဖြေထုတ်လိုက်သည်။

ယနေ့မျက်မှောက်ခေတ် ဂလိုဘယ်ခေါင်းဆောင်မှုသည် ဒုတိယကမ္ဘာစစ်နှင့် စစ်အေးကာလတို့၌ ပေါ်ထွန်းခဲ့သော ခေါင်းဆောင်မှုတို့နှင့် ယှဉ်လျှင် သေးငယ်ကျုံ့နေသလို ဖြစ်နေသည်။ ခမ်းခမ်းနားနားမရှိ မှိန်ဖျော့သလို ဖြစ်နေသည်။ ရုစဘဲလ်၊ ထရူးမင်း၊ ချာချီ၊ ကနေဒီတို့၏ ပုံရိပ်တို့သည် ၂၁ ရာစု ဂလိုဘယ်ခေါင်းဆောင်များထက် ပို၍ကြီးကျယ်ထည်ဝါနေကြသည်။ ဤသို့ ၂၁ ရာစု ဂလိုဘယ်ခေါင်းဆောင်ကြီးများ၏ ပုံရိပ် အတိတ်ခေါင်းဆောင်များကဲ့သို့ အရောင်အဝါမထွန်းလင်းဘဲ မှိန်ဖျော့နေရသည်မှာ အကြောင်းအရင်းမှာလည်း အခိုင်အမာရှိနေသည်။ ယင်းအကြောင်းမှာ ဒုတိယကမ္ဘာစစ်ကာလတွင် စစ်ပွဲကြီးများက ကမ္ဘာအနှံ့ ဖြစ်ပွားနေခဲ့သည်။ ဧရာမစစ်ပွဲကြီးများကို ဦးဆောင်ရသည့်အတွက် လိုက်ဖက်ညီစွာ ခေါင်းဆောင်သူတို့သည်လည်း တန်ခိုးထွားပေးရသည်။ စစ်အေးခေတ်၌လည်း ရင်ဆိုင်ရသော ပြိုင်ဘက်သည် အလွန်ကြီးမားလှ၍ ခေါင်းဆောင်မှုသည်လည်း သဘာဝအလျောက် ကြီးထွားပေးရသည်။

၉/၁၁ အလွန်တွင်မူ ဤအနေအထားက တစ်ဆစ်ချိုးကွေ့သွားသည်။ အရင်ကာလများနှင့် နှိုင်းယှဉ်လိုက်လျှင် စစ်ပွဲများမှာ ကမ္ဘာကြီး၏ လားရာမဟုတ်တော့ပေ။ ထို့အပြင် ရင်ဆိုင်ရသော ယှဉ်ဘက်တို့မှာ အာဖဂန်၊ အီရတ်စသော နိုင်ငံများဖြစ်နေသည်။ ထိုအချက်ကြောင့်ပင် ၂၁ ရာစု ခေါင်းဆောင်မှာ ယခင်ကာလများလောက် ထင်ထင်ပေါ်ပေါ် မရှိတော့ခြင်းဖြစ်သည်ဟု သုတေသီတို့က သုံးသပ်ကြသည်။

သို့သော် ယနေ့ကာလ၌ ကမ္ဘာ့အခင်းအကျင်းက တစ်မျိုးတစ်မည် ဖြစ်လာသည်။ ဂလိုဘယ်ခေါင်းဆောင်မှုကို လေ့လာလိုပါက သုတေသီတို့ ပိုင်းဖြတ်ထားသော ခေတ်သုံးခေတ်နှင့် မလုံတော့ပေ။ နောက်ထပ် ခေတ်တစ်ခေတ် ထပ်ဖြည့်စွက်ရတော့မည်ဖြစ်သည်။ ကမ္ဘာအနှံ့ လစ်ဘရယ်ဒီမို ကရေစီမှေးမှိန်လာခြင်းနှင့် အမျိုးသားရေးဝါဒ အားကောင်းလာခြင်းပင် ဖြစ်သည်။ အဆိုပါအခြေအနေ အရပ်ရပ်အောက်တွင် ဂလိုဘယ်ခေါင်းဆောင်များသည် ဒုတိယကမ္ဘာစစ်နှင့် စစ်အေးကာလများမှ ခေါင်းဆောင်များလို ပြန်လည်တန်ခိုးထွားလာကြသည်။ ထရမ့်နှင့် ရှီကျင့်ဖျင်တို့မှာ ကမ္ဘာကြီးတစ်ခုလုံးမှ လှည်းနေမြင်းဇောင်းမကျန် မသိသူမရှိ ဖြစ်လာရသည်။

ခေါင်းဆောင်လေးဦးနှင့် မြန်မာ

ယခု ၂၁ ရာစု ဂလိုဘယ်ခေါင်းဆောင်များ ပြောဆိုပြီးသောအခါ မြန်မာ့ခေါင်းဆောင်များအကြောင်း ဆက်လိုသည်။ မြန်မာ့ခေါင်းဆောင်များကို လေ့လာရာတွင်လည်း ဂလိုဘယ်ခေါင်းဆောင်မှုကို လေ့လာသောနည်းလမ်းဖြစ်သော ခေတ်များကို ပိုင်းခြားကြည့်လိုသည်။ ဤနေရာတွင် သက်ဦးဆံပိုင်ဘုရင်စနစ်ကို ခြွင်းချက်အဖြစ် ချန်ထားလိုသည်။

မြန်မာ့သမိုင်းတစ်လျှောက်လုံးကို ခေတ်များဖြင့် ပိုင်းခြမ်းကြည့်ပါက ယခုလို တွေ့ရမည်ဖြစ်သည်။

၁။ လွတ်လပ်ရေးကာလ

၂။ ဆိုရှယ်လစ်လမ်းစဉ်ပါတီကာလ

၃။ တပ်မတော်အစိုးရ တာဝန်ယူစဉ်ကာလ

၄။ ဒီမိုကရေစီ ကူးပြောင်းခြင်းကာလ စသည်တို့ ဖြစ်ကြသည်။

ဤနေရာတွင် လွတ်လပ်ရေးရအပြီး ဒီမိုကရေစီကာလကို အချိန်တိုတောင်းသောကြောင့် ချန်ထားလိုသည်။

ဤလေးခေတ်၌ ထင်ရှားသော ဗမာတိုင်းရင်းသားနှင့် အခြားတိုင်းရင်းသားခေါင်းဆောင်များစွာ ရှိသော်လည်း အမှန်တကယ် အခြားသော ခေါင်းဆောင်များထက် ထင်ရှားသောခေါင်းဆောင်ကြီး လေးဦးသာ ရှိပါသည်။

ဗိုလ်ချုပ်အောင်ဆန်း၊ ဦးနေဝင်း၊ ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) ဦးသန်းရွှေနှင့် ယနေ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့ ဖြစ်ကြသည်။ ဤနေရာတွင်လည်း ဒီမိုကရေစီအကူးအပြောင်းကို ကနဦး ဦးဆောင်ခွင့်ရခဲ့သော သမ္မတကြီး (ငြိမ်း) ဦးသိန်းစိန်ကို ချန်ရစ်ခဲ့ရပါသည်။ ဦးသိန်းစိန်၏ ဒီမိုကရေစီအပြောင်းအလဲ တည်ငြိမ်ရေးအတွက် အသိအမှတ်ပြုစရာများ ရှိသော်လည်း အတော်များများက တပ်မတော်အစိုးရ၏ အဆက်ဟု ရှုမြင်ကြသောကြောင့် ဖြစ်ပါသည်။

ဗိုလ်ချုပ်အောင်ဆန်း

အထက်ပါ ခေတ်ကြီးလေးခေတ်ထဲမှ ခေါင်းဆောင်ကြီးလေးဦးထဲတွင် ဘုန်းမီးနေလ အတောက်ပဆုံး ပုဂ္ဂိုလ်သည် ဗိုလ်ချုပ်အောင်ဆန်းဟု ပြောလျှင် အားလုံးနီးပါး လက်ခံကြမည်ထင်ပါသည်။ ယခု ဗိုလ်ချုပ်၏ ခေါင်းဆောင်မှုအကြောင်းအား လေ့လာကြည့်လိုပါသည်။

ခေါင်းဆောင်မှုဟု လွယ်လင့်တကူ တပေါင်းတည်း ခေါ်ဝေါ်နေကြသော်လည်း ယင်းတွင် အပိုင်းနှစ်ပိုင်းရှိသည်ဟု အိန္ဒိယပညာရှင်တစ်ဦးက ပြောပါသည်။ ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှုဟူ၍ ဖြစ်သည်။ ယင်းနှစ်ခုကို အချိုးအစားမျှတအောင် ရောစပ်နိုင်ခြင်းသည် ခေါင်းဆောင်ဖြစ်သူ၏ အရည်အချင်း ထူးကဲမှုပင် ဖြစ်သည်။ ဦးစွာခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှုကြား ခြားနားချက်များကို လေ့လာကြပါက ဤသို့ဖြစ်သည်။

ပထမအချက်။ စီမံခန့်ခွဲမှုသည် သက်မွေးမှုလုပ်ငန်း ဖြစ်သည်။ ခေါင်းဆောင်မှုသည် ဘဝပေးတာဝန် ဖြစ်သည်။ လွယ်အောင်ရှင်းရလျှင် ခေါင်းဆောင်သည် ကိုယ့်ယုံကြည်ချက်ဖြင့်ကိုယ် အလုပ်လုပ်သည်။ စီမံခန့်ခွဲမှုသည် သူများအပေါ် ယုံကြည်အားထားပြီး ဆောင်ရွက်သည်။

ဒုတိယအချက်။ စီမံခန့်ခွဲမှုသည် လက်မောင်းနှင့်လက်တို့အကြောင်း ပြောသည်။ ခေါင်းဆောင်မှုသည် ဦးနှောက်နှင့် အသည်းနှလုံးတို့အကြောင်း ပြောသည်။ လွယ်အောင်ပြောရလျှင် စီမံခန့်ခွဲမှုသည် ရာထူးဆင့်ကဲမှုစနစ်ဖြင့် လူတို့အား လိုအပ်သောအလုပ်တို့ကို လုပ်စေသည်။ ခေါင်းဆောင်မှုသည်ကား လူတို့ အလုပ်လုပ်လာအောင် အသိစိတ်နှိုးဆွပေးသည်။

တတိယအချက်။ စီမံခန့်ခွဲမှုသည် ပစ္စုပ္ပန်အကြောင်းပြောသည်။ ခေါင်းဆောင်မှုသည် အနာဂတ်အကြောင်း ဖြစ်သည်။

နောက်ထပ် ပညာရှင်တစ်ဦးကတော့ ခေါင်းဆောင်မှုကိုယခုလို ထပ်ဖြည့်သည်။ ခေါင်းဆောင်မှုမရှိသော စီမံခန့်ခွဲမှုသည် နိုးကြွားတက်ကြွမှု မရှိ။ လေးလံထိုင်းမှိုင်းစေတတ်သည်။ ဤနည်းတူ စီမံခန့်ခွဲမှုမပါသော ခေါင်းဆောင်မှုသည်လည်း အဆက်အစပ်မရှိသော စဉ်းစားမှုဖြစ်စေကာ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမှုကို ဖြစ်စေတတ်သည်။

ဤခေါင်းဆောင်မှုသဘောတရားများဖြင့် နှိုင်းယှဉ်ကြည့်သောအခါ ဗိုလ်ချုပ်သည် ခေါင်းဆောင်မှုသာမက စီမံခန့်ခွဲမှုပါ နိုင်နိုင်နင်းနင်းရှိကြောင်း အထင်းသားတွေ့လိုက်ရသည်။ ထို့ကြောင့်လည်း ဗိုလ်ချုပ်သည် ကျယ်ပြန့်သော တစ်နိုင်ငံလုံး၏ နိုင်ငံရေးကိုယ်စားပြုမှုကို ရယူနိုင်ခဲ့ပြီး ပန်းတိုင်ဖြစ်သော လွတ်လပ်ရေးကို ဆောင်ကြဉ်းပေးနိုင်ခဲ့ခြင်း ဖြစ်သည်။

ဦးနေဝင်းနှင့် ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) ဦးသန်းရွှေ

တော်လှန်ရေးကောင်စီနှင့် ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏အကြီးအကဲ ဦးနေဝင်းအကြောင်းမှာ အမှန်တွင်မူ ပြောစရာများစွာမရှိလှပါ။ လူထုအရေးတော်ပုံကြီးဖြစ်သော ရှစ်လေးလုံးက သူ၏ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှုလစ်ဟင်းမှုများကို သက်သေပြလိုက်သလို ဖြစ်ပါသည်။ ခေါင်းဆောင်မှုအရည်အချင်းဖြစ်သည့် အနာဂတ်ကို မှားယွင်းစွာ တွက်ဆခဲ့သလို စီမံခန့်ခွဲမှုအပိုင်းတွင်လည်း ဝေဖန်စရာများစွာ ရှိခဲ့သည်။

တပ်မတော်အစိုးရ၏ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးအကြောင်းတွင်မူ ပြောစရာအတော်များများ ရှိပါသည်။ အမှန်တွင်မူ ခေါင်းဆောင်မှုကို အကဲဖြတ်သောအခါ ထိုအချိန်က ခေါင်းဆောင်တို့ရင်ဆိုင်ခဲ့ရသော စိန်ခေါ်မှုများကို တွက်ဆကြည်ဖို့ အလွန်အရေးကြီးသည်။ ထိုစဉ်က ဗိုလ်ချုပ်မှူးကြီး ကြုံတွေ့ခဲ့ရသည့် စိန်ခေါ်မှုအနည်းဆုံး လေးခုရှိမည် ထင်ပါသည်။ ယင်းတို့်မှာ

၁။ နိုင်ငံတကာ ပိတ်ဆို့မှုဖိအား

၂။ ပြည်တွင်း နိုင်ငံရေးအန်တုမှု

၃။ ပြည်တွင်းစစ်

၄။ စီးပွားရေး မဖွံ့ဖြိုးမှု စသည်တို့ ဖြစ်ပါလိမ့်မည်။

ထိုစိန်ခေါ်ချက်များကို ရင်ဆိုင်ရာတွင် ဗိုလ်ချုပ်မှူးကြီး ပိတ်ဆို့မှု၊ ပြည်တွင်းအန်တုမှုနှင့် ပြည်တွင်းစစ်တို့ကို အခြေအနေတစ်ခုထိ ဖြေရှင်းနိုင်ခဲ့သည်။ နိုင်ငံတကာဖိအားကိုမူ တရုတ်ကူညီမှုနှင့် ကျော်လွှားရင်ဆိုင်ခဲ့သည်။ ပြည်တွင်းအန်တုမှုများကို ဖိနှိပ်မှုကိရိယာကို သုံးခဲ့သည်။ ပြည်တွင်းစစ်ကိုမူ အခွင့်အရေးများနှင့် ဖြေရှင်းခဲ့သည်။ သို့သော် ထိုသုံးခုကို အားစိုက်ဖြေရှင်းခြင်း၏ အကျိုးဆက်အဖြစ် လူမှုစီးပွားရေးဖွံ့ဖြိုးမှုကိုမူ လက်လွတ်ခဲ့ရသည်။

ဗိုလ်ချုပ်မှူးကြီး၏ အကောင်းဆုံး ခေါင်းဆောင်မှုစွမ်းဆောင်ရည်မှာ နိုင်ငံရေးထွက်ပေါက် မဟာဗျူဟာကို အသိမ်မွေ့ဆုံးချမှတ်နိုင်ခဲ့ခြင်းပင် ဖြစ်သည်။ ထိုထွက်ပေါက်ဗျူဟာ၏ အကျိုးကျေးဇူးကြောင့် ယခု နိုင်ငံ၌ သူကဲ့သို့ (Strong Man) မျိုး ပေါ်ထွန်းလာရန် မဖြစ်နိုင်တော့ပေ။ ခေါင်းဆောင်မှု စွမ်းရည်ပိုင်းမှ ကြည့်မည်ဆိုလျှင် ခေါင်းဆောင်မှုပိုင်း၌ ကိုယ်စားပြုမှု အပြန့်မကျယ်လှသည့်တိုင် သက်ဆိုင်ရာ အင်စတီကျူးရှင်းအပေါ်တွင် ထိထိရောက်ရောက် လွှမ်းခြုံနိုင်ခဲ့သည်ကို တွေ့ရှိရသည်။ စီမံခန့်ခွဲမှုတွင် အားကောင်းချက်များရှိခဲ့သလို ဝေဖန်ထောက်ပြစရာများလည်း မနည်းမနော ရှိပါသည်။

ဒေါ်အောင်ဆန်းစုကြည်

ဒေါ်အောင်ဆန်းစုကြည်၏ ခေါင်းဆောင်မှုကို လေ့လာမည်ဆိုပါက အပိုင်းနှစ်ပိုင်းခွဲခြားရမည် ဖြစ်ပါသည်။ ပထမတစ်ပိုင်းမှာ အတိုက်အခံ နိုင်ငံရေးသမားဘဝဖြစ်သည်။ ယင်းတွင် ကာလအပိုင်းအခြားနှင့် နိုင်ငံရေးအမျိုးအစားတို့၏ သဘောသဘာဝအရ ခေါင်းဆောင်မှုသာ အဓိကလိုအပ်ပြီး စီမံခန့်ခွဲမှုမှာ အထူးတလည် မလိုအပ်သေးပေ။ ဒေါ်အောင်ဆန်းစုကြည်သည် ခေါင်းဆောင်မှုအခန်းကို အလွန်ပင် ကျွမ်းကျင်နှံ့စပ်သူတစ်ဦး ဖြစ်သည်။ ခေါင်းဆောင်မှု၏ အဓိကအရည်အချင်းများဖြစ်သော အနာဂတ်ကို မျှော်ကြည့်ရာ၌ သူမ၏အမြော်အမြင်က ရှေ့တန်းရောက်သည်။ ဒီမိုကရေစီနှင့် ဖက်ဒရယ်တည်ဆောက်ရေးကို အကြမ်းမဖက်သောနည်းလမ်းဖြင့် ချီတက်မည်ဟု နည်းလမ်းရွေးချယ်မှုက ခေါင်းဆောင်မှုပိုင်းဆိုင်ရာ နိုင်နင်းမှုကို ဖော်ပြနေခြင်းပင်ဖြစ်သည်။

ဒုတိယပိုင်းမှာ ယခု နိုင်ငံတော်အတိုင်ပင်ခံ ရာထူးရယူထားသော ခေါင်းဆောင်မှုပင်ဖြစ်သည်။ ဤကာလသည် အတိုက်အခံဘဝနှင့် လုံးဝကွဲပြားခြားနားသွားသည်။ ခေါင်းဆောင်မှုသာမက စီမံခန့်ခွဲမှုတွင်လည်း ကျွမ်းကျင်ဖို့လိုလာသည်။ ဒေါ်အောင်ဆန်းစုကြည်သည် အာဏာနိုင်ငံရေး သမားဘဝတွင် စီမံခန့်ခွဲမှုဆိုင်ရာ စိန်ခေါ်ချက်များစွာနှင့် ရင်ဆိုင်လိုက်ရသည်။ ထို့ထက် ခေါင်းဆောင်မှုပိုင်း သူမတူအောင် ထူးချွန်လှသည့် ဒေါ်အောင်ဆန်းစုကြည်အတွက် စီမံခန့်ခွဲမှုနိုင်နင်းသော လုပ်ဖော်ကိုင်ဖက်က ရှားပါးနေသည်။

ထိုအထဲတွင်မှ ခေတ်ကာလမှာ မည်သည့်ကာလနှင့်မျှမတူအောင် ပြောင်းလဲနေသည်။

ဒေါ်အောင်ဆန်းစုကြည်အတွက် ရင်ဆိုင်ရသောပြဿနာများမှာ ဖခင်အောင်ဆန်းခေတ်ထက်ပင် များပြားလှသည်။ ဦးနေဝင်းနှင့် ဗိုလ်ချုပ်မှူးကြီး တာဝန်ယူစဉ်ကနှင့်လည်းမတူ။ ပြဿနာများမှာ ခက်ခဲသည်။ နက်နဲသည်။ ရှုပ်ထွေးသည်။ ခေါင်းဆောင်မှုကို လေ့လာကြသည့် ပညာရှင်များကတော့ ၂၁ ရာစု ခေါင်းဆောင်မှုနှင့်ပတ်သက်၍ ယခုလို အကြံပေးကြသည်။

၂၁ ရာစု ပြဿနာများသည် တစ်ဦးတည်း မြင်းတစ်စီး၊ ဓားတစ်လက်ဖြင့် ဖြေရှင်း၍ လုံးဝမရတော့ပေ။ တစ်ကိုယ်တော်ကြိတ်ဝါဒခေတ် ကုန်သွားပြီ။ ပူးပေါင်းဆောင်ရွက်မှုနှင့် ညှိနှိုင်းဖြေရှင်းရမည့်ခေတ် ရောက်ပြီဟု အကြံပြုကြသည်။

မြန်မာတွင်လည်း ရင်ဆိုင်နေရသော ပြဿနာအဖုံဖုံသည် ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်တည်းအားနှင့် ဖြေရှင်းရန် အလွန်ခက်ပါလိမ့်မည်။ ထို့အတွက် ခေါင်းဆောင်မှုသာမက စီမံခန့်ခွဲမှုပါ ပိုင်နိုင်ကျွမ်းကျင်သူများ၏ ပူးပေါင်းမှုအား လိုနေပါသည်။ ဤပူးပေါင်းမှု ဖြစ်လာရန်အတွက်လည်း မည်သူကမျှ တင်းတင်းမာမာ ဖြစ်မနေသင့်တော့ပါ။ ပူးပေါင်းညှိနှိုင်းဖြေရှင်းတတ်သည့် ခေါင်းဆောင်မှုဖြင့်သာ အဆက်ပြတ်အထီးကျန်နေခဲ့ရသော ကာလကြီးမှ ရုန်းထွက်ပြီး ခေတ်မီတင့်တယ်သောနိုင်ငံတစ်နိုင်ငံကို တည်ဆောက်နိုင်မည်ဟု ထင်မြင်ယူဆပါကြောင်း။

နိုင်စိုး