News

POST TYPE

EDITORIAL

ရင်းမြစ်နှင့် ကိုင်းဖျား ခွဲခြားတတ်ပါစေ (Daily, Vol-6/No-149)
02-Oct-2018

သတင်းမီဒီယာများနှင့်ပတ်သက်သော ကိစ္စရပ်အချို့အပေါ် ယခုနောက်ပိုင်း အဆိုးမြင်မှတ်ချက်များ ယခင်ထက်ပိုများလာခြင်းမှာ နိုင်ငံအတွက် ကောင်းသည့် လက္ခဏာမဟုတ်ပေ။ သာမန် နားလည်မှုလွဲချော်ခြင်းကြောင့် အမြင်စောင်းနေခြင်းမှာ ပြဿနာမရှိလှသော်ငြား တမင်ရည်ရွယ်ချက်ဖြင့် နာမည်ဖျက်ရန် ကြိုးစားနေလျှင်မူ နိုင်ငံအတွက် အန္တရာယ်ပါရှိနိုင်သည်။

အခြေအနေတစ်ရပ်အပေါ် စနစ်တကျ အကွက်ဆင်ထားသော ဇာတ်ကြောင်းတစ်ခုကို အခြေခံကာ ယခင်ကပင် သတင်းမီဒီယာများ၏ အခြေခံသဘောသဘာဝကို နားမလည်ခြင်းကြောင့် ရုတ်တရက် အထင်အမြင်မှားခြင်းသည် ယင်းဇာတ်ကြောင်းကို ခြေမြစ်စွာသိရှိပါက ဇာတ်ရည်လည်သွားနိုင်သည်။

ယင်းသို့ ဇာတ်ကြောင်းဆင်ထားသူများနှင့် ဘက်တစ်ခုတည်း၊ အုပ်စုတစ်ခုတည်းရှိနေလျှင်မူ မူလကပင် သတင်းမီဒီယာများကြောင့် အခွင့်အရေး၊ ရာထူး၊ စည်းစိမ်၊ လုပ်ပိုင်ခွင့်များ လျော့ပါးဆုံးရှုံးသွားခြင်း၊ ထိမ်ချန်ဖုံးကွယ်ထားသည်များ ပွင့်ထွက်သွားခြင်းတို့နှင့်ပတ်သက်၍ သတင်းမီဒီယာများအပေါ် ဒေါသသင့်နေသူများကမူ သံတူကြောင်းကွဲ မှတ်ချက်၊ စွပ်စွဲချက်များဖြင့် တိုက်ခိုက်သည့် အဆင့်အထိပါ ရောက်ရှိနေသည်။

အချို့ကိစ္စရပ်များသည် သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်၏ လုပ်ငန်းသဘော၊ သဘာဝ၊ လုပ်ငန်းစဉ်အဆင့်ဆင့်ကို နားမလည်ပါက ရင်းမြစ်အကြောင်းအရာကိုကျော်ကာ နောက်ဆုံးမြင်တွေ့ရသည့် အစိတ်အပိုင်း သို့မဟုတ် အဖျားအနားကိုသာ ပြဿနာဟု ထင်မြင်ယူဆသွားတတ်သည်။

အဖျားအနား၊ အကိုင်းအခက်ကိုသာ ပြဿနာဟု ယူဆကာ ခုတ်ထစ်၊ လှီးဖြတ်နေခြင်းသည် ပင်စည်နှင့်တူသော အဓိကပြဿနာကို ပို၍ အားကောင်း ရင့်သန်သွားစေရန် ပံ့ပိုးပေးသကဲ့သို့ဖြစ်သွားတတ်ခြင်းကို များသောအားဖြင့် သတိမမူမိတတ်ကြပေ။

အချို့ကမူ ပြဿနာပိုကြီးသွားစေလိုသော စေတနာဆိုးဖြင့် အဖျားအနား ကိစ္စများကို ရည်ရွယ်ချက်ရှိရှိ ပုံကြီးချဲ့ အပြစ်ရှာ၊ လက်ညှိုးထိုးကာ ဇာတ်လမ်းဆင်၊ လုပ်ကြံခြင်းအားဖြင့် ၎င်းတို့၏ လူသိမခံဝံ့သော အကြံအစည်၊ လုပ်ရပ်များကို ဖုံးကွယ်ရန် သို့မဟုတ် ပြည်သူလူထု၏ စိတ်အာရုံကို လမ်းကြောင်းလွှဲ၊ နေရာပြောင်းရန် ကြိုးစားနေတတ်သည်။

မြန်မာလူ့အဖွဲ့အစည်းတွင် ယနေ့မြင်တွေ့နေရသော ပြဿနာများသည် ရိုးရိုးသားသား မသိနားမလည်၍သော်လည်းကောင်း၊ မိမိတို့ တစ်ကြောင်းတိုက် လေ့လာသင်ယူထားသလောက် ခေါက်ရိုးကျိုးနည်းနာများဖြင့် သော်လည်းကောင်း၊ တစ်စုတစ်ဖွဲ့၏ အကြံအစည်ရှိရှိ လမ်းကြောင်းလွှဲခြင်းဖြင့်သော်လည်းကောင်း ပင်စည်များကို မမြင်ဘဲ အကိုင်းအခက်များကိုသာ အပြစ်ဖို့၊ အရေးယူနေခြင်းကြောင့် အချို့ပြဿနာများ တဖြည်းဖြည်း ရင့်မှည့်ကြီးထွားနေပေသည်။

ယင်းအခြေအနေများကို ရင်းမြစ်အကြောင်းအရင်းများကို ရှာဖွေကာ စနစ်တကျ လိမ္မာပါးနပ်စွာ အဆင့်လိုက် ဖြေရှင်းခြင်းမရှိဘဲ ကိုင်းဖျား၊ ကိုင်းနားကိုသာ ဆန်စဉ်ရာ ကျည်ပွေ့လိုက်သကဲ့သို့ ဖြေရှင်းနေပါက တစ်စုံ၊ တစ်ဖွဲ့က ကြံစည်ထားသော ဇာတ်ကွက်ဇာတ်လမ်းအတိုင်း ကပြအသုံးတော်ခံကြရသည့် နယ်ရုပ်များဖြစ်သွားနိုင်ကြောင်း သတိပေးထောက်ပြလိုရင်းဖြစ်သည်။

အယ်ဒီတာ ( ၁ - ၁၀ -၂၀၁၈ )