News

POST TYPE

EDITORIAL

မြန်မာ့စီးပွားရေး ဘယ်လဲ (Daily, Vol-6/No-147)
01-Oct-2018

မြန်မာနိုင်ငံတွင် ယနေ့ဖြစ်ပေါ်နေသော အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများ၊ စားသောက်ကုန်နှင့် ကုန်စည်ဈေးနှုန်းအများစုမှာ မြန်မာနိုင်ငံနှင့် အနီးဆုံး ထိုင်းနိုင်ငံနှင့်နှိုင်းယှဉ်လျှင်ပင် နှစ်ဆနီးပါးခန့် များပြားနေသည်။ တစ်ဦးချင်း ပျမ်းမျှဝင်ငွေတွင် ယှဉ်ကြည့်ပါမူ ထိုင်းနိုင်ငံသားများက မြန်မာနိုင်ငံသားများထက် နှစ်ဆကျော် သုံးဆခန့် မြင့်မားနေသည်။ 

မြန်မာနိုင်ငံတွင် ယနေ့သုံးစွဲနေရသော စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများကိုကြည့်လျှင်လည်း အများစုမှာ အာမခံချက်မရှိသည့် အဆင့်နိမ့်၊ အရည်အသွေးစံမမီ ဖြစ်နေသည်ကို တွေ့ရသည်။ အစားအသောက် ၉၀ ရာခိုင်နှုန်းမှာ စံချိန်စံညွှန်းတစ်ခုဖြင့် စနစ်တကျ စစ်ဆေးအတည်ပြုပြီးမှ ထုတ်လုပ်တင်သွင်းရောင်းချခွင့်ပြုထားခြင်းမျိုးမဟုတ်ဘဲ နားလည်မှုဖြင့် လာဘ်ပေးကာ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေကြခြင်း ဖြစ်သည်။

ဆိုလိုသည်မှာ ယနေ့မြန်မာနိုင်ငံတွင် ထုတ်လုပ်၊ ရောင်းချနေသော စားသောက်ကုန်များကို မူလအရည်အသွေးအတိုင်း စင်ကာပူနိုင်ငံသို့ တင်ပို့မည်ဆိုပါက စံချိန်စံညွှန်းသတ်မှတ်ချက် မပြည့်မီသဖြင့် တင်သွင်းခွင့် ငြင်းပယ်ခံရမည်ဖြစ်သည်။ မြန်မာနိုင်ငံအတွင်းသို့မူ တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ အရည်အသွေးထိန်းချုပ်မှုမရှိသော အိမ်တွင်းလက်မှုလုပ်ငန်းသာသာ စက်ရုံများက ထုတ်လုပ်ထားသည့် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ အဆီးအတား၊ အစစ်အဆေးမရှိ တင်သွင်းခွင့်ပြုထားခြင်းနှင့် နှိုင်းယှဉ်ကြည့်နိုင်သည်။

ထို့အပြင် လက်ရှိမြန်မာနိုင်ငံအတွင်း တင်သွင်းရောင်းချနေသော စက်သုံးဆီအားလုံးနီးပါးမှာ အရည်အသွေး အာမခံချက်မရှိဘဲ အရောအနှော၊ ဆိုးဆေးများဖြင့် အလေးအချိန်အတွယ်မမှန် ရောင်းချနေခြင်းကို နိုင်ငံတကာဝင်ငွေ အဆင့်အတန်းမရှိသော မြန်မာစားသုံးသူများက နိုင်ငံတကာဈေးနှုန်းပေး၍ ဝယ်ယူသုံးစွဲနေကြရခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဆယ့်တစ်နိုင်ငံမြောက် သဘာဝဓာတ်ငွေ့ တင်ပို့ရောင်းချမှု အများဆုံးနိုင်ငံဖြစ်သော်လည်း မြန်မာနိုင်ငံသား ၈၀ ရာခိုင်နှုန်းကျော်မှာ ယနေ့အချိန်အထိ ထင်းမီးဖြင့် ချက်ပြုတ်ကာ ဖယောင်းတိုင်မီး၊ မှန်အိမ်မီးတို့ဖြင့် အလင်းရောင်ဖန်တီးနေရဆဲဖြစ်သည်။ 

နိုင်ငံတကာအရည်အသွေးနှင့် ဈေးနှုန်းအတိုင်းရောင်းချပေးမည့် နိုင်ငံတကာ စက်သုံးဆီကုမ္ပဏီကြီးများ၊ နိုင်ငံတကာ ဘဏ်လုပ်ငန်းများနှင့် အခြားလုပ်ငန်းများကိုမူ ပြည်တွင်းလုပ်ငန်းရှင်များ ယှဉ်ပြိုင်နိုင်မှုစွမ်းရည် မရှိသေးသောကြောင့်ဟု အကြောင်းပြကာ ဝင်ရောက်လုပ်ကိုင်ခွင့်ပြုမထားပေ။ ယင်းအချက်မှာ နိုင်ငံ၏ ဓနဥစ္စာအများစုကို ဆုပ်ကိုင်ထားသူ လူအနည်းငယ်ခန့်၏ မျက်နှာကိုသာကြည့်၍ နိုင်ငံသားအများစု အဆင်ပြေရေး သို့မဟုတ် နိုင်ငံ့အခွန် ဘဏ္ဍာငွေတိုးပွားရေးကို လျစ်လျူရှုထားသည့်သဘော သက်ရောက်နေသည်။

နိုင်ငံအတွင်း နေထိုင်ကြသူ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး မိမိတို့ လေ့လာဆည်းပူးထားသည့် အတတ်ပညာ၊ အသိပညာများအလိုက် ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသရွေ့ ကြီးပွားတိုးတက်ခွင့်ပြုနိုင်မည့် မျှတသော စည်းကမ်း၊ ဥပဒေများ၊ မူဝါဒများချမှတ်နိုင်ခြင်းမရှိဘဲ လူနည်းစု၏ အခွင့်အရေးကိုသာ အကာအကွယ်ပေးထားသကဲ့သို့ ဖြစ်နေလျှင် သို့မဟုတ် မမျှတသော အခွင့်အလမ်းစီးဆင်းမှုသာရှိနေလျှင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ နိုင်ငံတည်ဆောက်ရေးအပါအဝင် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းများလည်း နှောင့်နှေးနေဦးမည်ဖြစ်ကြောင်း သိစေအပ်ပေသည်။ 

အယ်ဒီတာ ( ၃၀ - ၉ -၂၀၁၈ )

(လက်ရှိအခြေအနေများနှင့် များစွာ ခြားနားခြင်းမရှိသေးသောကြောင့် ၂၃-၆-၂၀၁၄ နေ့က ဖော်ပြခဲ့ပြီးသော အယ်ဒီတာ့အာဘော်ကို ပြန်လည်မွမ်းမံ ဖော်ပြလိုက်ခြင်းဖြစ်ပါသည်။)