News

POST TYPE

EDITORIAL

သတိပြုစရာ နယ်ခြားစောင့် ရဲတပ်ဖွဲ့ တိုက်ခိုက်ခံရမှု (Daily, Vol-4,No-157)
10-Oct-2016

ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် တည်ရှိသော ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်းမှ နယ်ခြားစောင့် ကွပ်ကဲမှု ဌာနချုပ်ကို အကြမ်းဖက် တိုက်ခိုက်သူများ ဝင်ရောက်စီးနင်း တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင်များ ကျဆုံးခဲ့ခြင်းမှာ ပေါ့သေးသေး သဘော မထားသင့်သော ပြဿနာ ဖြစ်သည်။

 

ပြည်တွင်းတွင် တိုင်းရင်းသား လက်နက်ကိုင်များနှင့် တပ်မတော်တို့အကြား ညီအစ်ကိုချင်း စစ်ပွဲများ ဆင်နွှဲနေချိန်မျိုးတွင် ရခိုင်ပြည်နယ်တွင် အကြမ်းဖက်များက ဤသို့ ဝင်ရောက်တိုက်ခိုက် ခံရခြင်းမှာ များစွာ စဉ်းစားစရာ ကောင်းလှသည်။

 

ဆိုလိုသည်မှာ မိမိတို့ နေအိမ်အတွင်းတွင် မိသားစုဝင် အချင်းချင်း ရန်ဖြစ်နေချိန် မဖိတ်ခေါ်ဘဲဝင်လာသူ ဧည့်သည်က ခြံစောင့်ကို သတ်ဖြတ်သွားသည့် သဘောဖြစ်နေသောကြောင့် အလွယ်တကူ ပြီးပျောက်သွားရမည့် ပြဿနာ မဟုတ်ဟု ဆိုလိုရင်း ဖြစ်သည်။

 

အခြားတစ်ဖက်တွင်လည်း ယခုပြဿနာသည် ရခိုင်ပြည်နယ် အတွင်းတွင် ကုန်ခဲ့သည့်နှစ်များက ဖြစ်ပွားခဲ့သော ရခိုင်ဒေသခံများနှင့် ရွှေ့ပြောင်းဝင်ရောက် လာသော ဘင်္ဂါလီများအကြား ဖြစ်ပွားခဲ့သော ပဋိပက္ခများ၏ နောက်ဆက်တွဲ ပြဿနာဟု ဆိုနိုင်ကြောင်း သုံးသပ်မှုလည်း ရှိသည်။

 

ထို့အပြင် ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ခံရသော အရပ်သား အစိုးရလက်ထက်တွင် ဤသို့သော နယ်ခြား ပြဿနာများသည် တပ်မတော်၏ အခန်းကဏ္ဍကို ပိုမို အရေးပါ အရာ ရောက်လာစေရန် သို့မဟုတ် တပ်မတော်ကို ပို၍အားကိုးလာစေရန် ပုံဖော်တွန်းအားပေးသည့် သဘောမျိုးအသွင် ယူဆချက်များ ရှိနေသည်။

 

တပ်မတော် အစိုးရလက်ထက်နှင့် ပြီးခဲ့သော အရပ်သားတစ်ပိုင်း အစိုးရ လက်ထက်တွင် ဤမျှ အတင့်ရဲကာ ဤမျှ အကျအဆုံး များသော ဝင်ရောက်စီးနင်း တိုက်ခိုက်မှုမျိုး မရှိခဲ့ဘဲ လက်ရှိအစိုးရလက်ထက်မှသာ ပေါ်ပေါက်လာခြင်းမှာ လုံခြုံရေးနှင့် ကာကွယ်ရေးကို တာဝန် ယူထားသော တပ်မတော်နှင့် ရဲတပ်ဖွဲ့တို့၏ အရည်အချင်းနှင့် ဂုဏ်သိက္ခာကို ထိပါးခြင်းဟုလည်း အဓိပ္ပာယ် ကောက်ယူနိုင်သည်။

 

သို့သော် မိမိထက် အင်အားငါးဆခန့် သာလွန်သော ဝင်ရောက် စီးနင်းသူများကို ဆုတ်ခွာသွားစေရန် အသက်စွန့် တွန်းလှန် တိုက်ခိုက် နိုင်ခဲ့သော ရဲတပ်ဖွဲ့ဝင်များ၏ သတ္တိပြောင်မြောက်မှုကိုမူ ချီးကျူး ဂုဏ်ပြုရမည်ဖြစ်သည်။ 

 

နောင်တွင် ထိုကဲ့သို့ ကိစ္စရပ်မျိုး မပေါ်ပေါက်စေရန် နယ်ခြားစောင့် ရဲတပ်ဖွဲ့များ၏ လက်နက်အင်အား၊ တပ်အင်အားနှင့် အရည်အသွေး မြှင့်တင်ထားခြင်း၊ တပ်မတော်လေနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ တပ်မတော်ကလည်း အမြဲ အသင့် အနေအထား ပြင်ဆင်ထားခြင်းတို့ ရှိနေရမည်ဖြစ်သည်။

 

ထို့အတူ ယင်းဖြစ်ရပ်ကို အကြောင်းပြုကာ ရခိုင်ဒေသခံများနှင့် ရွှေ့ပြောင်း နေထိုင်သူများအကြား ထပ်မံ၍ တင်းမာမှုများ မပေါ်ပေါက်လာစေရန်လည်း သတိ ဝီရိယဖြင့် စောင့်ကြည့် ထိန်းသိမ်းမှုများ၊ တရားဥပဒေ စိုးမိုးရေး လုပ်ငန်းများ ပိုမိုအားထည့် လုပ်ဆောင်ရမည်ဖြစ်သည်။

 

မည်သို့ပင်ဖြစ်စေ ရခိုင်ပြည်နယ်သည် အခြားပြည်နယ်၊ တိုင်းဒေသကြီးများနှင့် မတူခြားနားသော သမိုင်းကြောင်း၊ ပြဿနာ၊ အခက်အခဲများ၊ တင်းမာမှု များ၊ နိုင်ငံတကာ အသိုင်းအဝိုင်း၏ နားလည်မှု အလွဲများ ရှိနေသည့်အတွက် ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရာတွင် ပြဿနာ ပိုကြီးမသွားစေရန်၊ ရေရှည် ငြိမ်းချမ်းမှု ရှိစေရန် သီးခြားစဉ်းစား ပြင်ဆင်ထားရမည်ဖြစ်ကြောင်း သတိပြု အပ်ပေသည်။

အယ်ဒီတာ (၁ဝ-၁ဝ-၂ဝ၁၆)



  • VIA