News

POST TYPE

EDITORIAL

ကြံ့ခိုင်ရေး ပါတီနှင့် ညောင်မြစ်တူး၊ ပုတ်သင်ဥပေါ်(Daily, Vol-4/No-156)
10-Oct-2016
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီပိုင် တိုက်ခန်းတွင် နေထိုင်သူ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် အဖွဲ့ဝင် နှစ်ဦးကို တိုက်ခန်းမှ အပြီးသတ် ပြောင်းရွှေ့ပေးရန် ပါတီဌာနချုပ်က အမိန့်စာ ထုတ်ပြန်လိုက်ခြင်းမှာ ပုဂ္ဂိုလ်ရေးကဲသော ပါတီတွင်း အကွဲအပြဲ၏ ရိုက်ခတ်မှုတစ်ခုဟု ဆိုနိုင်သည်။

၂ဝ၁ဝ ပြည့်နှစ်က ယင်းပါတီ ကိုယ်စားပြု ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ကာ အနိုင် ရရှိစေရန် ပါတီကပင် စီစဉ်ဆောင်ရွက် ပေးထားခဲ့သော ယင်းပုဂ္ဂိုလ် နှစ်ဦးမှာ ပြီးခဲ့သည့် ငါးနှစ်သက်တမ်း လွှတ်တော်တွင်လည်း လွှတ်တော်၏ အရေးပါသော တာဝန်များကို ထမ်းဆောင်ခဲ့သူများ ဖြစ်သည်။

သူရဦးရွှေမန်းနှင့် အထူးနီးစပ်သူများ ဖြစ်နေသော ယင်း အဖွဲ့ဝင်နှစ်ဦး မှာ ၂ဝ၁၅ ရွေးကောက်ပွဲတွင် အနိုင်မရရှိခဲ့သော်လည်း သူရဦးရွှေမန်း ဥက္ကဋ္ဌအဖြစ် တာဝန် ယူထားသော အထက်ဆိုခဲ့ပါ ကော်မရှင်တွင် အဖွဲ့ဝင်များအဖြစ် တာဝန်ပေးခံရသူများ ဖြစ်သည်။

ဦးသိန်းစိန်နှင့် သူရဦးရွှေမန်းတို့ ခေါင်းဆောင်သော အုပ်စု နှစ်စုအကြား သဘောထား ကွဲလွဲမှု အကြီးအကျယ် ဖြစ်ပေါ်ကာ သန်းခေါင်ယံ အာဏာသိမ်းပွဲဖြင့် ဦးသိန်းစိန် ခေါင်းဆောင်သော အဖွဲ့က အသာစီး ရရှိသွားပြီးနောက် ယခုကဲ့သို့ ကော်မရှင်အဖွဲ့ဝင် နှစ်ဦးကို ပါတီပိုင် တိုက်ခန်းမှ ဖယ်ရှားခဲ့ခြင်းမှာ အုပ်စုတိုက်ပွဲ အရှိန် မသေသေးသည့် သဘောဟု ယူဆနိုင်သည်။

အခြားတစ်ဖက်တွင်မူ အုပ်စုတိုက်ပွဲကြောင့် လူကြီးလူကောင်း မဆန်သော နောက်ဆက်တွဲ ပြဿနာများ ပေါ်ပေါက်လာခြင်းသည် ကြံ့ခိုင်ရေး ပါတီ၏ ပိုင်ဆိုင်မှုများနှင့် ပတ်သက်ပြီး မေးခွန်း ထုတ်လာစေရန် ပြတင်းတံခါး လှစ်ဟပေးသည့် သဘောလည်း သက်ရောက်သွားခဲ့သည်။

ဆိုလိုသည်မှာ လက်ရှိ ကြံ့ခိုင်ရေးပါတီပိုင် အဆောက်အအုံများ၊ မြေနေရာများ၊ တိုက်ခန်းများ၊ မော်တော်ယာဉ်လိုင်းများ၊ မြန်ဂုဏ်မြင့်ကဲ့သို့ ကုမ္ပဏီများသည် မည်သည့်ဝင်ငွေကို အခြေပြု၍ မည်သည့် ဥပဒေ၊ အခွင့်အာဏာဖြင့် ပိုင်ဆိုင်၊ ထူထောင်ထားသနည်း ဆိုသော မေးခွန်းပေါ်လာခြင်းကို ဆိုလိုသည်။

ယင်းမေးခွန်းမှာ နိုင်ငံတော် အာဏာကို ၁၉၈၈ ခုနှစ်မှ ၂ဝ၁ဝ ပြည့်နှစ်အထိ တပ်မတော်နှင့် တပ်မတော် ကျောထောက်နောက်ခံပြု ထူထောင်ထားသော ကြံ့ခိုင်ရေးပါတီက တင်းကျပ်စွာ ချုပ်ကိုင်ပြီး နိုင်ငံတော်ပိုင် ပစ္စည်းများကို တပ်မတော်ပိုင်၊ ပါတီပိုင် ပစ္စည်းများသဖွယ် ထင်သလို ခြယ်လှယ် သုံးစွဲခဲ့ခြင်း၏ အကျိုးဆက်အဖြစ် ပေါ်လာခြင်းလည်း ဖြစ်သည်။

ပါတီတွင်း သဘောထား ကွဲလွဲမှု၊ ပုဂ္ဂိုလ်ရေး အားပြိုင်မှု၊ အုပ်စု တိုက်ပွဲများကြောင့် ပေါ်ထွက်လာသော ပြဿနာလေးများသည် မီးပွားကလေးများနှင့် တူပြီး ပါတီက အာဏာအလွဲအသုံးပြု အပိုင်စီးထားသော နိုင်ငံတော်ပိုင် တစ်နည်းအားဖြင့် ပြည်သူပိုင် အခြေပစ္စည်းများ ဆီလှောင်ကန်ပေါ် ကျသွားပါက မီးလောင် ပေါက်ကွဲနိုင်ခြင်းကို သတိပြုရမည်ဖြစ်သည်။

အထူးသဖြင့် ညောင်မြစ်တူးရင်း ပုတ်သင်ဥပေါ် ဆိုသကဲ့သို့ နိုင်ငံတော်နှင့် နိုင်ငံသားများ အားလုံးနှင့် သက်ဆိုင်သော နိုင်ငံတော်ပိုင် ပစ္စည်းများကို ပါတီပိုင်၊ တပ်မတော်ပိုင်အဖြစ် သိမ်းယူထားသော ကိစ္စများကို မရှင်းလင်းနိုင်ပါက ပါတီနှင့် တပ်မတော် သိက္ခာပိုင်း ထိခိုက်နိုင်ပြီး ပြည်သူလူထု တစ်ရပ်လုံး၏ ယုံကြည်လေးစားမှုကို မည်သည့်အခါမျှ ပြန်မရနိုင်သည်ကို သိစေအပ်ပေသည်။

အယ်ဒီတာ (၉-၁ဝ-၂ဝ၁၆)


  • VIA