News

POST TYPE

EDITORIAL

ဟောင်ကောင်လွတ်လပ်ရေးလိုလားသော နိုင်ငံရေးပါတီဖျက်သိမ်းခံရ
25-Sep-2018

ဟောင်ကောင်၊ စက်တင်ဘာ ၂၄ 

ဟောင်ကောင်တွင် တရုတ်ပြည်မကြီးလက်အောက်မှ ခွဲထွက်ရေးကို လိုလားသည့် နိုင်ငံရေးပါတီ (ဟောင်ကောင်လွတ်လပ်ရေး လိုလားသည့်ပါတီ) ကို ဟောင်ကောင်အစိုးရက ပိတ်ပင်လိုက်ရာ ယင်းဖြစ်ရပ်သည် ဟောင်ကောင်နိုင်ငံရေးသမိုင်းတွင် နိုင်ငံရေးပါတီတစ်ခုပထမဆုံး ပိတ်ပင်ခံရခြင်းဖြစ်ကြောင်း DW သတင်းဌာနက ရေးသားဖော်ပြသည်။ 

ယခု ပိတ်ပင်ခံရသည့်ပါတီမှာ ဟောင်ကောင်အမျိုးသားပါတီ (HKNP) ဖြစ်ပြီး ဟောင်ကောင်လွတ်လပ်ရေး တက်ကြွလှုပ်ရှားသူ အန်ဒီချမ်းက ထူထောင်ခဲ့ခြင်းဖြစ်သည်။ ဟောင်ကောင်အစိုးရက အမျိုးသားလုံခြုံရေးအတွက် စိုးရိမ်ရသောကြောင့် ကန့်သတ်ပိတ်ပင်ခြင်း ဖြစ်သည်ဟု ကြေညာသည်။ 

ှSouth  China Morning Post သတင်းစာမှ သတင်းစာဆရာ ဂျက်ဖီလမ်က ဟောင်ကောင်စီတီ၏ လုံခြုံရေးအရာရှိချုပ် ဂျွန်လီကိုယ်တိုင် ယင်းပါတီကို တရားမဝင်ပါတီအဖြစ် သတ်မှတ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။ 

အန်ဒီချမ်းက ၎င်း၏ပါတီကို တရားမဝင်ပါတီအဖြစ် အဘယ့်ကြောင့် မသတ်မှတ်သင့်ကြောင်း ရှင်းလင်းချက်တစ်ရပ် ပြုလုပ်ပြီးနောက် တစ်ပတ်ခန့်အကြာတွင် ဟောင်ကောင်အစိုးရ အာဏာပိုင်များက ယခုလိုဖျက်သိမ်းရန် အမိန့်ထုတ်လိုက်ခြင်းလည်းဖြစ်သည်။

အဆိုပါ ဟောင်ကောင်အမျိုးသားပါတီသည် ၂၀၁၄ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံကြီး ပေါ်ပေါက်လာခဲ့ပြီးနောက် အန်ဒီချမ်းနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ လူငယ်အနည်းငယ်က ဖွဲ့စည်းခဲ့သည်။ 

ယခုလို ပါတီဖျက်သိမ်းခံလိုက်ရမှုနှင့်ပတ်သက်၍ အန်ဒီချမ်းက ထင်မြင်သုံးသပ်ချက်ပေးခြင်း မရှိသေးပေ။ 

ဟောင်ကောင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့်မတူညီသော ဥပဒေစနစ် ကျင့်သုံးသည့်ဒေသဖြစ်သည်။ 

တရုတ်အစိုးရက ဟောင်ကောင်နှင့်ပတ်သက်၍ တစ်နိုင်ငံစနစ်နှစ်မျိုးဟူသည့် မူဝါဒကျင့်သုံးနေခြင်းဖြစ်သည်။ သို့သော်ဟောင်ကောင်သည် တရုတ်ပြည်မကြီးနှင့် နှိုင်းယှဉ်မည်ဆိုပါက ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် လွတ်လပ်ခွင့်ပိုရှိသည်။ 

သို့သော် ဝေဖန်ရေးဆရာများက ဟောင်ကောင်သည် ယခင်ကလိုမဟုတ်တော့ဘဲ လွတ်လပ်ခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်တို့ ကျဆင်းလျက်ရှိသည်ဟု စွပ်စွဲပြောဆိုကြသည်။ 

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်တွင် ဟောင်ကောင်တက္ကသိုလ်ကျောင်းသားများနှင့် ဒီမိုကရေစီရေးလှုပ်ရှားသူ လူငယ်များက ဒီမိုကရေစီ အပြည့်အဝပေးရန် တောင်းဆိုခဲ့ကြသော်လည်း တရုတ်ပြည်မကြီးကို ထိထိရောက်ရောက် ဖိအားပေးနိုင်ခဲ့ခြင်းမရှိပေ။

F-01