News

POST TYPE

EDITORIAL

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးမစ်ရှင်အကြီးအကဲ၏ သဘောထားအမြင်
24-Sep-2018
ယခုဆောင်းပါးမှာ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင်အကြီးအကဲ မာဇူကီ ဒါရုစ်မန်ကို Asia Times သတင်းဝက်ဘ်ဆိုက်မှ ဂျွန်မက္ကဘက်က တွေ့ဆုံမေးမြန်းပြီး ရေးသားထားမှုဖြစ်ပါသည်။ ဒါရုစ်မန်၏သဘောထားအမြင်နှင့် ရေးသားသူမက္ကဘက်၏ အာဘော်သာဖြစ်ပြီး နိုင်ငံတကာတွင် ရခိုင်ပြည်နယ်အရေးကို မည်သို့ ထင်မြင်သုံးသပ်နေကြသည်၊ မည်သို့ အရေးယူကိုင်တွယ် ဆောင်ရွက်နေကြသည်၊ မည်သို့ ပုံဖော်နေကြသည် ဆိုခြင်းကို သိရှိနားလည်ရန် အလို့ငှာသာ ပြန်ဆိုဖော်ပြခြင်းဖြစ်ပါသည်။ မှန်သည်၊ မှားသည်ဆိုခြင်းထက် သိသင့်၊ ကြားသင့်သော အကြောင်းအရာဖြစ်၍ ဖော်ပြရခြင်းဖြစ်ကာ ဖော်ပြထားသောအမြင်များ၊ အချက်အလက်များမှာ ၎င်းတို့၏ အာဘော်သာဖြစ်ကြောင်း သိစေအပ်ပါသည်။ ပါဝင်သည့် အချက်အလက်များမှာလည်း ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင် အကြီးအကဲနှင့် Asia Times တို့၏ ဖော်ပြချက်များသာဖြစ်ပြီး အတည်ပြုနိုင်ခြင်းမရှိပါ။ ရိုဟင်ဂျာ၊ ရိုဟင်ဂျာမွတ်ဆလင်ဆိုသော အသုံးအနှုန်းများကို ဘင်္ဂါလီ၊ ဘင်္ဂါလီမွတ်ဆလင်ဟု အလျဉ်းသင့်သလို ပြောင်းလဲသုံးစွဲထားပါသည်။

အယ်ဒီတာ

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးမစ်ရှင်အကြီးအကဲ၏ သဘောထားအမြင်

ဂျွန်မက္ကဘက်ရေးသည်

ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးမစ်ရှင် အကြီးအကဲ၏ ထင်မြင်ချက်နှင့် သုံးသပ်ချက်များ

ဘင်္ဂါလီမွတ်ဆလင် ၁၀,၀၀၀ ကျော် အသတ်ခံခဲ့ရပြီး ၇ သိန်းကျော် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့ရသည်ဟု စွပ်စွဲထားကြသည့် မြန်မာ့တပ်မတော် ၂၀၁၇ နယ်မြေရှင်းလင်းမှုနှင့်ပတ်သက်သည့် သွေးပျက်ဖွယ်ဇာတ်လမ်းများမှာ ယခင်က သီရိလင်္ကာနှင့် မြောက်ကိုရီးယားမှ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးမှုများတွင် ပါဝင်ခဲ့ဖူးသော အင်ဒိုနီးရှားရှေ့နေချုပ်ဟောင်း မာဇူကီဒါရုစ်မန်အတွက် အထူးတလည် ပြင်ဆင်စရာမလိုဟုပင် ထင်စရာရှိခဲ့သည်။

အင်ဒိုနီးရှား လူ့အခွင့်အရေးကော်မရှင်ကို ဥက္ကဋ္ဌအဖြစ် စတင်ထူထောင်ခဲ့သူ ဒါရုစ်မန်သည် အင်ဒိုနီးရှားစစ်တပ်၏ အလွဲလုပ်မှုမှတ်တမ်းနှင့် ပတ်သက်၍လည်း ရင်းရင်းနှီးနှီး နားလည်သိရှိထားသူဖြစ်သည်။ သို့သော်လည်း ဘင်္ဂလားဒေ့ရှ်တောင်ပိုင်း ဒုက္ခသည်စခန်းများတွင် သူနှင့် သူ၏ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့ (FFM) တို့ တွေ့ရှိခဲ့ရသော ကြောက်မက်ဖွယ်မှတ်တမ်းများမှာ ယခုအခါ “လူမျိုးသုဉ်းရှင်းလင်းရန် ရည်ရွယ်မှု”ရှိသည်ဟု သုံးသပ်စရာ ဖြစ်လာခဲ့သည်။

“ဒါက လုံးဝ ပြိုင်စံရှားတဲ့ အခြေအနေတစ်ရပ်ပါ”ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးမစ်ရှင်၏ ဥက္ကဋ္ဌ မာရူဇာကီက အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု၊ မုဒိမ်းကျင့်မှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ ကျေးရွာမီးရှို့မှုများနှင့်ပတ်သက်၍ သုံးသပ်သည်။ “တွေ့ဆုံမေးမြန်းမှုတွေမှာ လုံးဝ ကြက်သေသေသွားတဲ့ အခြေအနေအထိ ရောက်သွားတယ်။ ဒါက စိတ်ဝိညာဉ်ကို ပြန်ရှာဖွေတဲ့ လေ့ကျင့်ခန်းလိုပဲ။ ကိုယ့်ကိုယ်ကိုယ် ပြန်မေးမိတာက ကျုပ်တို့အလုပ်က ဒီပြန်ပြောတဲ့ မှတ်တမ်းတွေကို ချရေးရုံပဲလား၊ ဒါတွေကနေ ဘယ်ကို ဦးတည်သွားနိုင်သလဲဆိုတာပဲ”။

ဘယ်ကို ဦးတည်သွားနိုင်ပါသနည်း။ မထင်မှတ်ထားလောက်အောင် မာကျောသည့် အသုံးအနှုန်း၊ ကောက်ချက်များ ရှာဖွေရန် မဆုတ်မနစ်အား ထုတ်ထားမှုတို့ဖြင့် ပြုစုထားသော စာမျက်နှာ ၄၀၀ ပါ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင်၏ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီထံ အစီရင်ခံစာကို စက်တင်ဘာလ ၁၈ ရက်နေ့တွင် ထုတ်ပြန်ပေးမည်ဖြစ်ပြီး၊ ယခုအခါ ကုလသမဂ္ဂ လုံခြုံရေးကောင်စီသို့ ရောက်ရှိသွားပြီဖြစ်ကာ အပြည်ပြည်ဆိုင်ရာ ပြစ်မှုဆိုင်ရာတရားရုံး (ICC) သို့ လွှဲပြောင်းရေးကို ကောင်စီဝင် တရုတ်နှင့် ရုရှားတို့က ဟန့်တားနိုင်ဖွယ်ရှိသည်။

အဆိုပါအစီရင်ခံစာတွင် ရခိုင်ပြည်နယ် အနောက်ပိုင်းတွင် သွေးထွက်သံယိုဖြစ်စဉ်များ ကျူးလွန်ရန် ခြေလျင်တပ်ဖွဲ့များ စေလွှတ်မှုတွင် အကြီးအမှူးဖြစ်သည့် မြန်မာ့တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့ကို အထူးတလည် ပစ်မှတ်ထားဖော်ပြထားသည်။

ကျန်ထိပ်တန်းစစ်ဘက်တာဝန်ရှိသူ ခြောက်ဦးထက်မနည်း၏အမည်များမှာမူ ချိပ်ပိတ်လျှို့ဝှက်ထားဆဲဖြစ်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၏ ထိန်းသိမ်းမှုအောက်တွင်သာရှိနေဆဲ ဖြစ်သည်။ သို့သော်လည်း “ယုံကြည်စိတ်ချရသော အခွင့်အာဏာရှိ အဖွဲ့အစည်း”တစ်ခုခုထံ မျှဝေနိုင်သောကြောင့် ယင်းဖြစ်စဉ်အပေါ် ၎င်းတို့ဘာသာ စုံစမ်းစစ်ဆေးမှုများ တိတ်တဆိတ် လုပ်ဆောင်နေသည့် အမေရိကန်နှင့် ဥရောပ အေဂျင်စီများထံပါ ရောက်ရှိပြီးဖြစ်သည်ဟု မှတ်ယူနိုင်သည်။

“ဒါ လူမျိုးသုဉ်းသတ်ဖြတ်မှု (Genocide) လို့ ကျွန်တော်တို့ အတိအကျတော့ မပြောဘူး။ ဒီထက် ပိုပြီးတော့ လေ့လာဖို့လိုသေးတယ်။ ကျွန်တော်တို့အခု ရောက်နေတာက ICC ဥပဒေအရာရှိတွေအတွက် အမှုတွေ ဖိုင်တွေပြင်ဆင်ပေးတဲ့ တာဝန်ခံမှု တာဝန်ယူမှုအဆင့်ကိုရောက်ဖို့ အစဦးပွိုင့်မှာပဲ ရှိသေးတယ်”ဟု ဒါရုစ်မန်က Asia Times နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

များသောအားဖြင့်အာဏာမဲ့နေသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုပါ ဥပဒေကြောင်းအရ တာဝန်ရှိသည်ဟု ပြောနိုင်သည့် ပတ်သက်မှုမျိုး “လက်ရှိအချိန်အထိ”မရှိသေးသော်လည်း ဒေါ်စုနှင့် အရပ်ဘက် အာဏာပိုင် အဖွဲ့အစည်းများ၏ မလှုပ်မယှက် မတုန်မလှုပ်နေခဲ့မှုသည် “အခြေအနေကို ပိုဆိုးစေရန် ထောက်ပံ့ပေးရာ ရောက်စေခဲ့သည်”ဟု သုံးသပ်ထားသည်။

အလားတူ စိတ်ပျက်စရာဖြစ်ရသည်မှာ ရိုက်တာသတင်းဌာနအတွက် အလုပ်လုပ်ပေးနေသော မြန်မာဂျာနယ်လစ်နှစ်ဦး မကြာသေးမီက ထောင်ချခံရမှုတွင် တစ်ချိန်က ဒီမိုကရေစီပြယုဂ်၏ တုံ့ပြန်မှုတစ်စုံတစ်ရာ မရှိခြင်းပင်ဖြစ်သည်။ သို့သော်လည်း မကြာသေးမီက စင်ကာပူတွင် ဒေါ်စုပြောသွားသည့် “အထဲမှာ ကျွန်မတို့ နားလည်ထားတာတွေကို ဘယ်အပြင်လူကမှ နားလည်နိုင်မှာမဟုတ်ဘူး” ဆိုသည့်စကားကို ဒါရုစ်မန်က အမှတ်ရနေသည်။

စုံစမ်းစစ်ဆေးသူများသည် ဘင်္ဂါလီမွတ်ဆလင်များအပေါ်  “လူမျိုးရေးရှင်းလင်းမှု”ဟု သမုတ်ကြသည့် ဖြစ်စဉ်၏ ကနဦးလှိုင်း မဖြစ်ပေါ်မီ တစ်နှစ်အလို ၂၀၁၁ မှစပြီး မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ၏ အခန်းကဏ္ဍကိုပါ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုတစ်ရပ် ပြုလုပ်ခဲ့ကြကာ ဖြစ်ပေါ်လတ္တံ့သော အကျပ်အတည်းကို ရှောင်လွှဲနိုင်ရန် ဖြစ်နိုင်သမျှ အရာရာ လုပ်ဆောင်ခဲ့ခြင်း ရှိ၊ မရှိကို ဆန်းစစ်ခဲ့သည်။

မြန်မာနိုင်ငံသည် ICC ၏ ၁၉၉၈ ရောမ စာချုပ်ဝင် နိုင်ငံမဟုတ်သော်လည်း ပြစ်မှု၏အခြေခံမှာ စာချုပ်ဝင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်ပါ ပတ်သက်ဖြစ်ပွားသောကြောင့် စစ်ဆေးပိုင်ခွင့်ရှိသည်ဟု ICC ကဆုံးဖြတ်ပြီး ဘင်္ဂါလီမွတ်ဆလင်များ နှင်ထုတ်ခံရမှုနှင့် အဓမ္မရွှေ့ပြောင်းခံရမှု နှစ်ခုစလုံးမှာ လူသားမျိုးနွယ်အပေါ် ကျူးလွန်သောပြစ်မှု (Crimes Against Humanity) အဖြစ် သတ်မှတ်နိုင်သောကြောင့် ပဏာမစစ်ဆေးမှုများ စတင်နေပြီဖြစ်သည်။

စက်တင်ဘာလ ၆ ရက်နေ့ တရားရုံးဆုံးဖြတ်ချက်အရ လူမျိုးသုဉ်းသတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ပြစ်မှု၊ စစ်ရာဇဝတ်မှုများနှင့် သက်ဆိုင်သောပုဒ်မ ၅ ကို ဥပဒေအရာရှိက ကိုးကားပိုင်ခွင့်ရှိကြောင်း ခွင့်ပြုလိုက်ပြီဖြစ်သော်လည်း အစီရင်ခံစာပါ ချိုးဖောက်မှုအမျိုးမျိုးကို ကိုင်တွယ်ဖြေရှင်းနိုင်ရေးအတွက်မူ လုံခြုံရေးကောင်စီ၏ လွှဲပြောင်းမှုရမှသာ သေချာနိုင်မည်ဖြစ်သည်။

မြန်မာစစ်ဘက်၏ လုပ်ရပ်များကို လူမျိုးသုဉ်း သတ်ဖြတ်မှု (Genocide) ဟု ကောက်ချက်ချနိုင်သော်လည်း ဥပဒေသဘောတရားအရ ခိုင်လုံသော သက်သေအထောက်အထားအပေါ်  အခြေခံရန် လိုအပ်နေဆဲဖြစ်ပြီး ဖုန်းနှင့် မြေပြင်ရေဒီယိုစကားပြော ဆက်သွယ်မှုများ ကြားဖြတ်နားထောင်မှုများကသာ စိတ်ချယုံကြည်ရမှု၊ စပ်ဆိုင်မှု၊ ဖော်ပြနိုင်မှုတန်ဖိုးများရှိကြောင်း အစမ်းသပ်ခံနိုင်စွမ်းရှိနိုင်သောကြောင့် ပို၍ခက်ခဲသော စိန်ခေါ်မှုတစ်ရပ်ဖြစ်နေသည်။

ထို့ပြင်နိုင်ငံရေးကလည်း အတားအဆီးအဖြစ် ဆက်ရှိနေဆဲဖြစ်ပြီး ကမ္ဘောဒီးယား၏ “ဖွင့်ပြီး ပြန်ပိတ်လိုက်ရသည့်” အမှုကိစ္စမှာ ယင်းအတွက် သာဓကဖြစ်သည်ဟု ဒါရုစ်မန်ကဆိုသည်။ ကမ္ဘောဒီးယားတွင် အသက်အရွယ် ကြီးရင့်နေသော ခမာခေါင်းဆောင်များကို လူမျိုးသုဉ်းသတ်ဖြတ်မှု (Genocide) ဖြင့် စွဲချက်တင်မည့်အစား ပိုမိုအားနည်းသော စွဲချက်ဖြစ်သည့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သောပြစ်မှု (Crimes Sgainst Humanity) ဖြင့်သာ စွဲချက်တင်ခဲ့ရသည်။

အကယ်၍ လုံခြုံရေးကောင်စီကသာ လမ်းကြောင်းတွင် ခံနေမည်ဆိုပါက ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီသည် ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါအမှုများတွင် ကဲ့သို့ ကုလသမဂ္ဂ အထွေထွေညီလာခံက ထူထောင်သော အထူးခုံရုံများအပေါ်တွင်သာ အားကိုးရဖွယ်ရှိပြီး ထိုစဉ်က စုစုပေါင်း ၁၅၁ ဦးအထိ ပြစ်မှုထင်ရှားစီရင်နိုင်ခဲ့သည်။

ဒါရုစ်မန်ကတော့ သူတို့အဖွဲ့ စုဆောင်းရရှိခဲ့သော သက်သေများအရ ချိုးဖောက်ကျူးလွန်မှု အတိုင်းအတာမှာ “လူမျိုးသုဉ်းသတ်ဖြတ်မှုအဖြစ် အရည်အချင်းပြည့်မီသော အကြမ်းဖက်မှု အတိုင်းအတာကို ကျော်လွန်”ခြင်းမှာ သံသယဖြစ်ဖွယ်မရှိဟုဆိုသည်။

၁၉၇၀ ပြည့်လွန်နှစ်များအတွင်း ခမာနီများ၏ အကြမ်းဖက်မှုများအတွင်း၊ ကမ္ဘောဒီးယားနိုင်ငံသား ၁ ဒသမ ၇ သန်းအထိ သေဆုံးခဲ့သော်လည်း သတ်ဖြတ်မှုများကို အမှန်တကယ် သက်သေခံမည့် ဒုက္ခသည်များကို ရှာဖွေရသည်မှာ ခက်ခဲခဲ့သည်။ ညအချိန်တွင်သာ အဖြစ်များပြီး ရွာများနှင့် ဝေးရာတွင် ဖြစ်ပွားခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်တွင်မူ ကြားဖြတ်အစီရင်ခံစာအရ အများပြည်သူရှေ့မှောက်တွင် အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်းမျိုးဖြစ်ပြီး မသေသပ်သော ဘင်္ဂါလီမွတ်ဆလင် စစ်သွေးကြွများ၏ တိုက်ခိုက်မှုအပေါ် အချိုးမညီစွာ လက်တုံ့ပြန်မှုဖြစ်သည်။

ရဲ၊ နယ်ခြားစောင့်တပ်နှင့် ရခိုင်အရပ်သားအချို့၏ အကူအညီဖြင့် စစ်သားများက ကျေးရွာပေါင်း ၃၉၀ ကျော်ကို မီးလောင်စေခဲ့ပြီး ထို့ကြောင့် အသစ် ပြဋ္ဌာန်းလိုက်သည့် ဥပဒေအရ နိုင်ငံတော်က ထိန်းသိမ်းခွင့်ရှိသည်ဟု ဆိုသည်။

ကမ္ဘောဒီးယားတွင် တစ်ဦးတစ်ယောက်ချင်း အတွေ့အကြုံများ ပြန်ပြောရာ၌ပင် လိုရာဆွဲမမှန်မကန် ပြောဆိုခြင်း သို့မဟုတ် ပိုပိုသာသာပြောခြင်းများ ရှိခဲ့သည်ကို ဒါရုစ်မန်အနေနှင့် သတိပြုမိသော်လည်း မြင်နိုင်သော ဒဏ်ရာဒဏ်ချက် အမာရွတ်များ၊ ဖြစ်စဉ်များကို ပြန်လည် ပုံဖော်ကြည့်ခြင်းများကို ထပ်တလဲလဲ စိစစ်ခဲ့ရာတွင် အလားတူ ကြောက်မက်ဖွယ်ဖြစ်စဉ် အသေးစိတ်ကိုသာ တွေ့ရှိခဲ့သည်ဟုဆိုသည်။

အနာဂတ်ကို မျှော်ကြည့်ရာတွင်လည်း အထီးကျန် ဆယ်စုနှစ်များစွာ အာဏာရခဲ့သော၊ ပြစ်ဒဏ်ကင်းလွတ်စွာဖြင့် အရပ်သားများအပေါ် လွတ်လပ်စွာ ညှဉ်းပန်းနှိပ်စက်ခွင့်ရခဲ့သော၊ နိုင်ငံတကာ သဘောထားအမြင်အပေါ် အလေးမထားတတ်သော စစ်ဘက်၏ ဓလေ့ကို မည်သို့မည်ပုံ ပြောင်းလဲရန် ဖြစ်နိုင်ပါမည် နည်းဆိုသည်မှာ ပုစ္ဆာသဖွယ်ရှိနေဆဲဟု ဒါရုစ်မန်က ဆိုသည်။

ပြဿနာ၏ ဇာစ်မြစ်များတွင် လူများစု ဗမာများ၏ ကြီးစိုးမှုက အဓိက ကျနေသည်ဟုလည်း ဒါရုစ်မန်က သုံးသပ်သည်။ “မြန်မာ့တပ်မတော်က တကယ်တော့ ဗမာ့လက်နက်ကိုင်တပ်ဖွဲ့ပါပဲ။ နိုင်ငံလုံးဆိုင်ရာ တပ်မတော်မဟုတ်ဘူး”ဟု ဒါရုစ်မန်က သုံးသပ်ပြီး အရွယ်အစားနှင့် အာဏာမှတစ်ပါး အခြားနေရာများတွင် မြန်မာနိုင်ငံမှ အခြားသော တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် ခြားနားမှု အနည်းငယ်သာရှိသည်ဟု သုံးသပ်သည်။

အလယ်ပိုင်းလွင်ပြင်များနှင့် တောင်ပိုင်းရှည်သွယ်သော နယ်မြေတစ်လျှောက် စုစည်းနေကြသည့် ဗမာများသည် မြန်မာ့လူဦးရေ ၅၃ သန်းအတွင်း သန်း ၃၀ မျှရှိနေပြီး အခြားလူဦးရေများသော တိုင်းရင်းသား လူနည်းစု ၁၄ ခုတွင် ကရင်၊ ရှမ်းနှင့် ရခိုင်မှာ အများဆုံးဖြစ်သည်။

ထိုအထဲတွင် ဘင်္ဂါလီများလည်း ပါဝင်သော်လည်း ၁ ဒသမ ၁ သန်းခန့်မှာ ယခုအခါ ပေရေစုတ်ချာသော ဘင်္ဂလားဒေ့ရှ်မှ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရပြီး အပတ်တိုင်း ဒုက္ခသည် ၁၀၀၀ ခန့်အထိ နယ်စပ်ကို ဖြတ်ကျော်ထွက်ခွာနေကြရာ လက်ရှိ ရခိုင်ပြည်နယ်တွင် ခန့်မှန်းခြေ ၂ သိန်း၊ ၃ သိန်းသာ ကျန်တော့မည်ဟု သုံးသပ်ထားသည်။

တပ်မတော်ဟု ထင်ရှားသည့် အင်အား ၄၀၆,၀၀၀ ရှိ နိုင်ငံ့စစ်တပ်တွင် ဗမာများက ကြီးစိုးနေရုံမျှမကဘဲ ရေးမထားသည့် ဥပဒေသအရ အရာရှိတစ်ဦးသည် ဗိုလ်မှူးရာထူးနှင့် အထက် ရရန်ဆိုလျှင် ဗမာဖြစ်ရန်လိုသလို ဗုဒ္ဓဘာသာဖြစ်ရန်လိုသည်ဟု ဆိုသည်။ (ယင်းမှာ Asia Times  ၏ ဖော်ပြချက်သာဖြစ်ပါသည်။ အသေးစိတ်အတည်မပြုနိုင်ပါ)

လက်ရှိ ဒုတိယသမ္မတ - ၂ ဟင်နရီဗန်ထီးယူသည်၊ ချင်းတိုင်းရင်းသား ခရစ်ယာန်တစ်ယောက်ဖြစ်ပြီး၊ အမည်နှင့် ဘာသာရေး ပြောင်းလဲမှသာ ရာထူးတိုးမည်ဆိုသောကြောင့် စစ်ထောက်လှမ်းရေးမှ ထွက်ခဲ့သူဖြစ်သည်ဟုဆိုသည်။ ယင်းနောက်တွင် ဒုတိယသမ္မတ - ၂ သည် နယူးဇီလန်တွင် ဘာသာရေး လေ့လာမှုပညာ (သီယိုလိုဂျီ) သွားရောက်လေ့လာခဲ့ပြီး ထိုနိုင်ငံတွင်နေခဲ့စဉ်က ဝင်ငွေအတွက် ပန်းသီးခူးခဲ့ရသည်ဟုဆိုသည်။ (ယင်းမှာ Asia Times ၏ ဖော်ပြချက်သာဖြစ်ပါသည်။ အသေးစိတ် အတည်မပြုနိုင်ပါ)

နောက်ဥပမာမှာ ယခင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အကြီးအကဲ ရဲမှူးကြီး ခမ်းအောင်ဖြစ်ပြီး ဗမာဆန်လွန်းနေပြီဖြစ်သည့် ကချင်တိုင်းရင်းသားဖြစ်သော်လည်း ရာထူးမတိုးသောကြောင့် နောက်ဆုံးတွင် စစ်ဘက်မှနေ၍ ရဲဘက်သို့ ပြောင်းရွှေ့လာခဲ့ရခြင်းဖြစ်သည်။ (ယင်းမှာ Asia Times ၏ ဖော်ပြချက်သာဖြစ်ပါသည်။ အသေးစိတ် အတည်မပြုနိုင်ပါ)

တပ်မတော်ကို “လုံးဝ ပြန်လည်ဖွဲ့စည်းတည်ဆောက်”ရန် လိုအပ်သည်ဟု ဒါရုစ်မန်က သုံးသပ်သည်၊ သို့သော်လည်း ဆူဟာတိုခေတ်လွန် အင်ဒိုနီးရှား တပ်မတော်နှင့် မတူညီသည်က ၎င်း၏ “ဆင်ခြင်တုံ တရားမရှိသော စိတ်အခံ”တွင် အပြောင်းအလဲ တစ်စုံတစ်ရာ မတွေ့ရသလို ရာထူးတက်လာသည့် ပြုပြင်ပြောင်းလဲရေးသမားဟူ၍လည်း မတွေ့ရခြင်းပင်ဖြစ်သည်ဟု ဒါရုစ်မန်က ဆိုသည်။

“ပိုမို သဘောထားပျော့ပျောင်းသူတွေအနေနဲ့ ပေါ်ထွက်လာနိုင်တဲ့ အရာရှိတွေ ရှိတယ်ဆိုတဲ့ အထောက်အထားမျိုးကို မတွေ့ရဘူး။ သူတို့တွေကို ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ပေါ် တွန်းပို့ဖို့ မျှော်လင့်ချက်တချို့ရှိနေသေးပေမယ့် ရှည်ကြာမယ်၊ အချိန်ကြာမယ်၊ ဘာလို့လဲဆိုတော့ မူဝါဒချမှတ်ရေးမှာ သူတို့ရဲ့အခန်းကဏ္ဍက လွှမ်းမိုးတယ်။ သူတို့က နေရာတိုင်းမှာ ပျံ့နှံ့ ကြီးစိုးနေတာ”ဟု ဒါရုစ်မန်ကဆိုသည်။

ပြောင်းလဲမှု ဖြစ်ပေါ်ရန် မည်သည့်နေရာမှ ဖိအား သက်ရောက်လာနိုင်မည်ဆိုခြင်းကိုလည်း ဒါရုစ်မန်ဘက်က သေချာမပြောနိုင်။ မကြာသေးမီက စစ်ဘက်မှ ဖေ့စ်ဘွတ်ခ်အကောင့် ၁၈ ခုကို ဖေ့စ်ဘွတ်ခ်က ဖြုတ်ချလိုက်ခြင်းကလည်း ရုရှားများ၏ အခြားရွေးချယ်စရာ လူမှုကွန်ရက်ကြောင့် သက်ရောက်မှု နည်းသွားခဲ့သော်လည်း ဗိုလ်ချုပ်ကြီးများကို အတိုင်းအတာ တစ်ခုအထိ အနှောင့်အယှက် ဖြစ်သွားစေခဲ့ပုံပေါ်သည်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်တ်နို မာဆူဒီကို ရှင်းလင်းပြောကြားပြီးနောက် ဒါရုစ်မန် စိတ်ဝင်စားနေသည်က အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (အာဆီယံ) သည် ယခုအစီရင်ခံစာအပေါ် မည်သို့ တုံ့ပြန်မည်ဆိုသည့်အချက်ပင်ဖြစ်သည်။ အခြားနိုင်ငံ၏ ပြည်တွင်းရေးအပေါ်  ဝင်ရောက်စွက်ဖက်ခြင်းနှင့်ပတ်သက်ပြီး အဖွဲ့တွင်း သဘောကွဲလွဲမှုများက ရှိနေသည်။

“လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ပြစ်မှု (Crimes Against Humanity) တော့ ဟိုလိုလို ဒီလိုလိုနဲ့ မရေမရာ လုပ်သွားမှာပဲ။ ဒါပေမဲ့ လူမျိုးသုဉ်း သတ်ဖြတ်မှု (Genocide) ဆိုရင်တော့ မြန်မာနိုင်ငံအပေါ်မှာရော၊ ဒေသအပေါ်မှာပါ အမည်းစက် ထင်သွားမယ်”ဟု ဒါရုစ်မန်က သုံးသပ်သည်။

Ref : Asia Times