News

POST TYPE

EDITORIAL

ခေါင်းဆောင်တိုင်း စီမံခန့်ခွဲမှု နားလည်ပါ၏လော (Daily, Vol-6/No-131)
10-Sep-2018
စီမံခန့်ခွဲမှုဘာသာရပ်သည် ဒီပလိုမာအဆင့်မှသည် ဘွဲ့၊ မဟာဘွဲ့၊ ပါရဂူဘွဲ့၊ ဘွဲ့လွန်ပါရဂူဘွဲ့အဆင့်အထိ စနစ်တကျ သင်ကြားနိုင်သည့် ပရော်ဖက်ရှင်နယ် အတတ်ပညာတစ်ခုဖြစ်သည်။

ကျောင်းကောင်စီအဖွဲ့မှသည် လူမှုရေးအသင်းအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းများမှသည် လက်နက်ကိုင်တပ်ဖွဲ့များကို စီမံခန့်ခွဲ၊ အုပ်ချုပ်ခြင်းနှင့် နိုင်ငံတော် အုပ်ချုပ်ရေးနယ်ပယ်အထိ သူ့အဆင့်နှင့်သူ စီမံခန့်ခွဲမှုပညာရပ်ကို အသုံးချရသည်။

စနစ်တကျ အဆင့်လိုက် စီမံခန့်ခွဲတတ်ခြင်း သို့မဟုတ် တော်သလို ကြုံသလို စီမံခန့်ခွဲခြင်းတို့အပေါ်မူတည်ကာ သက်ဆိုင်ရာ အဖွဲ့အစည်း၊ လုပ်ငန်း၊ နယ်ပယ်များ၊ အစိုးရများ၏ အောင်မြင်၊ ကျရှုံးမှု ကွာခြားသွားတတ်သည်။

စီမံခန့်ခွဲမှု ဘာသာရပ်သည် လွန်ခဲ့သော နှစ်ပေါင်း ရာချီကာလကပင် လူအများစုကို စီမံခန့်ခွဲ၊ အုပ်ချုပ်ခဲ့သူများ၏ ကိုယ်တွေ့၊ လက်တွေ့အခြေအနေ များကို အခြေခံကာ စနစ်တကျ သုတေသနပြု၊ ခေတ်အလိုက်၊ အဖွဲ့အစည်း၊ နယ်ပယ်အလိုက် ကြုံလာခဲ့ရသည့် အခက်အခဲ၊ စိန်ခေါ်မှုများကို လေ့လာ သုံးသပ်၊ ဆန်းစစ် မွမ်းမံထည့်သွင်းထားသော သင်ရိုးညွှန်းတမ်းများဖြင့် မျိုးဆက်အလိုက် လက်ဆင့်ကမ်း သင်ကြားလေ့ကျင့်လာခဲ့သည့်ဘာသာရပ်ဖြစ်သည်။

စီမံခန့်ခွဲမှုနှင့် ဆက်စပ်နေသည်မှာ အောင်မြင်မှုရရှိရန် စီမံခန့်ခွဲနိုင်သူ ခေါင်းဆောင်များ၏ အရည်အချင်းနှင့် စွမ်းဆောင်ရည်ဖြစ်သည်။ ခေါင်းဆောင်ဆိုသည်မှာ မွေးရာပါ အရည်အချင်းမဟုတ်ဘဲ ပတ်ဝန်းကျင်နှင့် ကာယကံရှင် ကိုယ်တိုင်၏ ပံ့ပိုးအားပေးမှု၊ ကြိုးစားအားထုတ်၊ စနစ်တကျ လေ့လာသင်ယူမှုတို့ကြောင့်သာ ခေါင်းဆောင်တာဝန် ယူလာနိုင်သူများဖြစ်သည်။

ထိုသို့ဆိုခြင်းအားဖြင့် ခေါင်းဆောင်ဖြစ်လာသူတိုင်း စီမံခန့်ခွဲမှု နားလည်တတ်ကျွမ်းသည်ဟုလည်း ယတိပြတ် မပြောနိုင်ပေ။ အချို့ခေါင်းဆောင်များသည် တော်လှန်ရေး ကာလမျိုးတွင်သာ နိုင်ငံအတွက် အသုံးဝင်ပြီး တော်လှန်ရေး အလွန်ကာလမျိုးတွင်မူ အခြေအနေနှင့် လိုက်လျောညီထွေဖြစ်စေရန် မိမိကိုယ်ကို ပြုပြင်ပြောင်းလဲမှု မလုပ်နိုင်ပါက အောင်မြင်မှုရရှိရန် စီမံခန့်ခွဲနိုင်ခြင်း မရှိတတ်ပေ။

ကမ္ဘာ့သမိုင်းကိုပြန်ကြည့်လျှင် အချို့သော တော်လှန်ရေးခေါင်းဆောင်များ အုပ်ချုပ်ရေးအာဏာကို ကိုင်စွဲမှုအချိန်ကြာလာသည့်အခါ အာဏာရှင်များ ဖြစ်သွားကြခြင်းမှာ စီမံခန့်ခွဲမှု မကျွမ်းကျင်ခြင်းနှင့် ကျွမ်းကျင်သော စီမံခန့်ခွဲမှု ပညာရှင်များကို အသုံးမချတတ်ခြင်းကြောင့်ဖြစ်သည်။

စီမံခန့်ခွဲခြင်း၏ အခြေခံအကျဆုံးမှာ မိမိစီမံခန့်ခွဲရမည့် လူ့စွမ်းအား အရင်းအမြစ်နှင့် လုပ်ငန်းနယ်ပယ်အကြောင်း အခြေခံကျကျ၊ သဘော သဘာဝနှင့်တကွ နားလည်စေရန် လေ့လာထားခြင်း၊ မိမိ စီမံခန့်ခွဲရမည့် လူတစ်ယောက်ချင်းစီ၏ အရည်အချင်းနှင့် စွမ်းဆောင်ရည်အလိုက် အပ်စပ်သည့် တာဝန်ပေးခြင်း၊ သင့်တော်သည့် လုပ်ပိုင်ခွင့်လွှဲခြင်း၊ လိုအပ်သည့် အဆောင်အယောင်ခံစားခွင့် ချီးမြှင့်ခြင်းတို့ဖြစ်သည်။ 

တစ်နည်းအားဖြင့် ခေါင်းဆောင်တို့သည် လုပ်ငန်းနယ်ပယ်အားလုံးကို ကိုယ်တိုင် အောက်ခြေအထိ အသေးစိတ် လိုက်ပါလုပ်ဆောင်ရန် မလိုအပ်သောကြောင့် နှံ့စပ်ကျွမ်းကျင်နေစရာမလိုဘဲ သူ့နေရာနှင့်သူ လူမှန် နေရာမှန် ခန့်ထား၊ တာဝန်ပေးတတ်ခြင်းသာ အဓိက အရေးကြီးသည်။ ယင်းမှာ စီမံခန့်ခွဲမှု၏ အခြေခံ အကျဆုံး၊ အရိုးရှင်းဆုံး လိုအပ်ချက် ဥပဒေသပင်ဖြစ်သည်။ 

ထိုမျှ ရိုးရှင်းသော စီမံခန့်ခွဲမှု လွဲချော်၊ တိမ်းစောင်းနေပါလျှင် သေးငယ်သော လုပ်ငန်း၊ အဖွဲ့အစည်းတစ်ခုမှသည် နိုင်ငံတော်အဆင့်၊ စီမံကိန်း၊ နယ်ပယ်များ၊ စီးပွားရေးကဏ္ဍများ အပါအဝင် ဥပဒေပြု၊ အုပ်ချုပ်၊ စီရင်ချက်ချသော အာဏာသုံးရပ် အထိပါ အောင်မြင်မှုမရခြင်း၊ ဆုံးရှုံးခြင်းတို့ ကြုံရပါက ခေါင်းဆောင်များ၊ စီမံခန့်ခွဲသူများသာမက သက်ဆိုင်ရာ နိုင်ငံသားများနှင့် နိုင်ငံတော်ပါ နစ်နာကြောင်း သိစေလိုရင်းဖြစ်သည်။

အယ်ဒီတာ (၁၀-၉-၂၀၁၈)