News

POST TYPE

EDITORIAL

စပ်ဆေးပြဿနာ အဖြေရှာ (Weekly,Vol-12/No-37)
07-Oct-2016

ရန်ကုန်မြို့တော်နှင့် မန္တလေးမြို့တော် အပါအဝင် မြန်မာနိုင်ငံ အနှံ့အပြားရှိ မြို့ကြီး၊ မြို့ငယ် အားလုံးတွင် ပြည်သူ အများစု ကြုံတွေ့ရသည့် ကျန်းမာရေး ချို့ယွင်းမှုများကို ဆေးဆိုင် သို့မဟုတ် ကွမ်းယာဆိုင်များက တွဲစပ် ရောင်းချသော ဆေးများကို မှီခိုအားထားနေရခြင်းမှာ သတိပြုဖွယ် ပြဿနာ တစ်ရပ်အသွင် ဆောင်လာသည်။ 

ယင်းသို့သော စပ်ဆေးများ၏ နောက်ဆက်တွဲ ပြဿနာမှာ သတ်မှတ်သည့် ရက်ပြည့်မီသည်အထိ ဆေး မသောက်သောကြောင့် ပဋိဇီဝ ခေါ် ပိုးသတ်ဆေးများကို ရောဂါပိုးများက ခံနိုင်ရည် ရှိသွားခြင်း တစ်နည်းအားဖြင့် ဆေးအာနိသင် လျော့ကျသွားခြင်းဖြစ်သည်။ 

စပ်ဆေးများကြောင့် အခြားသော ဘေးထွက်ဆိုးကျိုး ပြဿနာများ ရှိသော်လည်း ဆရာဝန် ညွှန်ကြားချက်ဖြင့်သာ တိုက်ကျွေးရသည့် ပဋိဇီဝဆေးများကို လွယ်လင့်တကူ တွဲစပ် ရောင်းချပေးနေခြင်းက အကြီးမားဆုံး ပြဿနာ ဖြစ်သည်။ 

ထို့ကြောင့် ကျန်းမာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ဆရာဝန်များက စပ်ဆေးများ မသုံးကြရန်၊ ဆရာဝန်ထံ ပြသကာ စနစ်တကျ ကုသမှု ခံယူပြီးမှ ဆရာဝန် ညွှန်ကြားသော ပဋိဇီဝဆေးများကိုသာ သောက်သုံးကြရန် အခါအားလျော်စွာ ပြောဆို သတိပေး နေသော်လည်း ပြည်သူ အများစု လိုက်နာနိုင်ခြင်း မရှိကြပေ။  

ဆင်းရဲခြင်းနှင့် ကျန်းမာရေးအသိ နည်းပါးခြင်းကြောင့် အခြေခံ ပြည်သူ အများစုမှာ ဆေးရုံ၊ ဆေးခန်းများထက် အနီးအနားရှိ ဆေးဆိုင်၊ ကွမ်းယာဆိုင်များမှ စပ်ဆေးကိုသာ အလွယ်တကူ ဝယ်သူ သောက်သုံး လိုက်ကြခြင်း ဖြစ်သည်။ 

စပ်ဆေး မရောင်းရန် စည်းကမ်း၊ ဥပဒေဖြင့် တားမြစ်ထားလင့်ကစား စားသုံးသူ ပြည်သူက တောင်းဆိုလာပါက ငြင်းဆန်ရန် ခက်ခဲနေသော အခြေအနေ ရှိသည့်အတွက် ဆေးဆိုင်နှင့် ကွမ်းယာ ဆိုင်များတွင် စပ်ဆေး ရောင်းချနေကြရခြင်းဖြစ်ရာ ယင်းကို အခြား နည်းလမ်းဖြင့် ဖြေရှင်းရန် လိုအပ်လာသည်။ 

ဆိုလိုသည်မှာ အမိန့်ဖြင့်၊ ဥပဒေထုတ် တားဆီးခြင်း၊ အရေးယူ ဆောင်ရွက်ခြင်းဖြင့် စပ်ဆေးရောင်းချမှု ကွယ်ပျောက် မသွားနိုင်သည့်အပြင် မှောင်ခို စပ်ဆေးအဖြစ်ပါ ဈေးပိုပေးဝယ်ယူရမည့် အခြေအနေသို့ တွန်းပို့သကဲ့သို့ ဖြစ်သွားနိုင်သဖြင့် စပ်ဆေး ရောင်းချသူများကို ကျန်းမာရေး ဝန်ကြီးဌာနက တရားဝင် မွမ်းမံ သင်တန်းများ ပေးခြင်းဖြင့် မှန်ကန် စနစ်ကျသော၊ ထိရောက်သော စပ်ဆေးများ ဖြစ်သွားစေနိုင်ခြင်းကို ဆိုလိုသည်။ 

ဆင်းရဲသောနိုင်ငံများ၏ ပြဿနာမှာ ဘတ်ဂျက်နှင့် စီမံခန့်ခွဲမှု လိုအပ်ချက်ကြောင့် ပြည်သူလူထု တစ်ရပ်လုံးကို ခြုံလွှမ်း ပျံ့နှံ့စေနိုင်သည့် ကျန်းမာရေး အာမခံစနစ် မရှိခြင်းနှင့် လူဦးရေ အချိုးနှင့် ဆရာဝန် အပါအဝင် အခြေခံ ကျန်းမာရေးဝန်ထမ်း အချိုး တစ်ဖက်စောင်းနင်းနီးပါး မညီမျှခြင်းတို့ ဖြစ်သည်။ 

ထို့ကြောင့် ကျေးလက်ဒေသများတွင် သားဖွား ဆရာမ၊ အရန်သားဖွား ဆရာမများ လုံလောက်စွာ ခန့်ထား မပေးနိုင်သောကြောင့် အရပ်လက်သည်များနှင့် အသင့်အတင့် ပညာရေး အခြေခံရှိသူ အမျိုးသမီးများကို စနစ်တကျ ကလေးမွေးဖွား တတ်စေရန် လေ့ကျင့် သင်ကြားပေးခြင်းနှင့် ကလေး မီးဖွားရာတွင် မရှိမဖြစ် လိုအပ်သည့် ကိရိယာ ပစ္စည်းများ ထောက်ပံ့ပေးခြင်းတို့ကို WHO နှင့် ယူနီဆက်ဖ်ကဲ့သို့ ကုလသမဂ္ဂ အဖွဲ့အစည်းများ အကူအညီဖြင့် ကျန်းမာရေး ဝန်ကြီးဌာနက နိုင်ငံတစ်ဝန်း ဆောင်ရွက်ပေးခဲ့ခြင်းမှာ အကောင်းဆုံး ဥပမာ ဖြစ်သည်။ 

ထို့ကြောင့် စပ်ဆေးကြောင့် ဖြစ်ပေါ်နေသော နောက်ဆက်တွဲ ပြဿနာများ၊ ဘေးထွက် ဆိုးကျိုးများကိုလည်း အထက်ဆိုခဲ့ပါ ဥပမာကို မူတည်ကာ ဆင်းရဲသော ပြည်သူ အများစု အဆင်ပြေ လွယ်ကူစေရေးအတွက် ဖြေရှင်း ဆောင်ရွက်သင့်ကြောင်း အကြံပြုလိုရင်း ဖြစ်သည်။ 

အယ်ဒီတာ (၅-၁ဝ-၂ဝ၁၆)



  • VIA