News

POST TYPE

EDITORIAL

ခေါက်ရိုးကျိုး အာဏာနိုင်ငံရေးနှင့် ဖြေရှင်းနည်းဟောင်းများ အဆုံးသတ်ချိန်တိုင် (Daily, Vol-6/No-127)
05-Sep-2018
မြန်မာနိုင်ငံတွင် ယနေ့ ရင်ဆိုင်နေရသော အခက်အခဲ ပြဿနာများကို ဖြေရှင်းရာတွင် များသောအားဖြင့် ယခင်အစိုးရအဆက်ဆက်က နားလည် လက်ခံ ကျင့်သုံးခဲ့သော နည်းလမ်းဟောင်းများနှင့် ထူးမခြားနား နည်းလမ်းများသာဖြစ်နေခြင်းကြောင့် ပြဿနာ အများစုက ပိုဆိုးသွားသည်က များနေပေသည်။

နည်းလမ်းဟောင်းဟုဆိုရာတွင် အာဏာသည် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း တစ်ခုထံတွင်သာ ရှိနေသည့် အုပ်ချုပ်ရေးစနစ် သို့မဟုတ် အာဏာရှင်စနစ်၏ ပြဿနာတိုင်းအပေါ် ရှုမြင်ပုံ၊ ချဉ်းကပ်ပုံ၊ စဉ်းစားသုံးသပ်ပုံနှင့် ဆုံးဖြတ်ချက်ချ ဖြေရှင်းနည်းလမ်း အများစုမှာ အာဏာကို ဗဟိုပြုစဉ်းစားရာမှ ထွက်ပေါ်လာခြင်းကို ဆိုလိုသည်။

ထိုသို့စဉ်းစားခြင်းကြောင့် ပြဿနာ အများစုကို စေ့စပ်ညှိနှိုင်း အဖြေရှာခြင်း၊ အလျှော့အတင်းပြု အပေးအယူလုပ်ခြင်း၊ တစ်ဖက်သားအပေါ် နားလည်ရန် ကြိုးစားခြင်းတို့ဖြင့် သူမနာ ကိုယ်မရှုံး အဖြေထွက်စေရန် အားထုတ်ခြင်းမရှိဘဲ အာဏာအသုံးပြုပြီး အကြမ်းနည်းဖြင့် အရေးယူ၊ အပြစ်ပေးသည့် နည်းလမ်းမျိုးသာ ထွက်လာလေ့ရှိသည်။

ထိုသို့ ဖြေရှင်းလေ့ရှိတိုင်းလည်း ရလဒ်ကောင်း ထွက်လာလေ့မရှိဘဲ ထိုနည်းလမ်းသုံးသူ သို့မဟုတ် အဖွဲ့အစည်းသာ နာမည်ပျက်၊ ဂုဏ်သိက္ခာ ကျသွားလေ့ရှိတတ်သည်။ အချို့ ပြဿနာများကို ဖြေရှင်းရာတွင် ပိုကောင်းသော နည်းလမ်းများ ရှိနေမှန်း သိနေလင့်ကစား တစ်စုံတစ်ဦး၊ တစ်ဖွဲ့၏ စိတ်ခံစားချက်၊ မကျေနပ်ချက်၊ အလိုမကျမှုကို အခြေခံကာ အကြမ်းစား ဖြေရှင်းနည်းများ ထွက်ပေါ်လာတတ်သည်။

အချို့ ပြဿနာများသည် သက်ဆိုင်ရာ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ အစိုးရအဖွဲ့၏ Tolerance ခေါ် သည်းခံနိုင်စွမ်းနှင့် ရေရှည် အနာဂတ်ကို မျှော်ကြည့်နိုင်စွမ်းတို့အပေါ်မူတည်ကာ Smart Way ခေါ် ပါးနပ်လိမ္မာသော နည်းလမ်းဖြင့် ဖြေရှင်းရသည်။

သို့သော် အာဏာလက်ဝယ်ရှိသူထံတွင် ပါဝါအမာပေါ်တွင် အားပြုလွန်းခြင်း၊ အတ္တ၊ မာန်မာနကြီးခြင်း၊ မိမိကိုယ်ကို လိုသည်ထက်ပို၍ အထင်ကြီးခြင်း၊ အနီးအနားတွင် အကြံပြု ထောက်ပြဝေဖန်သူထက် အလိုလိုက် အကြိုက်ဆောင်၊ ခေါင်းညိတ်ထောက်ခံသူသာ များနေခြင်းတို့ ရှိနေလျှင်လည်း ပါးနပ်လိမ္မာသော နည်းလမ်းနှင့် ဆန့်ကျင်ဘက် နည်းလမ်းကိုသာ ရွေးချယ်သွားတတ်သည်။

အခြားတစ်ဖက်တွင်လည်း အာဏာနိုင်ငံရေး နယ်ပယ်တွင် အာဏာတည်မြဲရေး၊ တရားဝင် အာဏာပိုင်စိုးရေး၊ ကိုယ်ကျိုးစီးပွား ကာကွယ်ရေးအတွက် ခက်ထန်လွန်းနေသော ပါဝါအမာကို ထိန်းညှိရန် သို့မဟုတ် မိမိလိုလားချက်များ အကောင်အထည် ဖော်နိုင်ရေးအတွက် ပါဝါအမာ၏ အလိုကို လိုက်လျောရန် ပြဿနာအချို့အပေါ် နည်းလမ်းဟောင်းများဖြင့် ဖြေရှင်းတတ်သည်။

မြန်မာနိုင်ငံသား ရိုက်တာသတင်းထောက်နှစ်ဦးကို ဖမ်းဆီးရာတွင် ပါဝင်ခဲ့သူ ရဲအရာရှိကိုယ်တိုင်က ထောင်ချောက်ဆင် ဖမ်းခြင်းဖြစ်ကြောင်း တရားရုံးတွင် ထွက်ဆိုထားလင့်ကစား ၎င်းတို့နှစ်ဦးကို နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေကဲ့သို့ ပုဒ်မကြီးဖြင့် စွဲဆိုထားချက်ကို တရားရုံးက လက်ခံလိုက်ခြင်း အပါအဝင် အဆိုပါဖြစ်စဉ်တစ်ခုလုံးကို မူလအစကပင် ချဉ်းကပ်ဖြေရှင်းပုံ လွဲချော်ခဲ့သည်။

ရခိုင်ဒေသ ပြဿနာကို နိုင်ငံအချို့က မီဒီယာလက်နက်ကို အသုံးပြုကာ လိုရာဆွဲပုံဖော်ရန် ကြိုးစားနေချိန်မျိုးတွင် မိမိဘက်တွင်လည်း အမှားမကင်းသော ဖြစ်ရပ်မျိုးကို ဖုံးကွယ်ရန် သို့မဟုတ် မိမိကိုယ်ကို ကာကွယ်ရန် သတင်း တာဝန်ထမ်းဆောင်သော မြန်မာနိုင်ငံသား သတင်းထောက်နှစ်ဦးကို အငြင်းပွားဖွယ် နည်းလမ်းဖြင့် ဖမ်းဆီးလိုက်ခြင်းမှာ ပြဿနာပိုဆိုးသွားရန် တွန်းအားဖြစ်သွားခဲ့သည်။

မည်သို့ပင်ဖြစ်စေ ကမ္ဘာ့နိုင်ငံကြီးအချို့အကြား ပါဝါအားပြိုင်မှုနှင့် အစွန်းရောက် ပြဿနာများဖြင့် နပန်းလုံးနေသော နိုင်ငံအချို့က ၎င်းတို့ထံတွင် ရှိနေသော ပြဿနာကို နေရာလွှဲ၊ လမ်းကြောင်းပြောင်းလိုသော ရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံအပေါ် နည်းလမ်းမျိုးစုံသုံး ဖိအားပေးနေချိန်တွင် ပြည်တွင်းတွင်လည်း အမျိုးသားရေး၊ ဘာသာရေး ခေါင်းစဉ်အောက်မှ အစွန်းရောက်များ၏ တစ်ဖက်သတ် ဖိအားပေးမှုကို ဘေးကျပ်နံကျပ် ခံနေရသော အစိုးရတစ်ရပ်အနေနှင့် ရိုက်တာသတင်းထောက်နှစ်ဦး ပြဿနာကို ယခုထက်ပို၍ ပါးနပ်လိမ္မာသော နည်းလမ်းဖြင့် ဖြေရှင်းရန် အချိန်မီသေးကြောင်း အကြံပြုထောက်ပြလိုရင်းဖြစ်သည်။

အယ်ဒီတာ (၅-၉-၂၀၁၈)
(၉-၇-၂၀၁၈ နေ့ထုတ် The Voice Daily သတင်းစာတွင် ဖော်ပြခဲ့ပြီးသော အယ်ဒီတာ့အာဘော်ကို ပြန်လည်ဖော်ပြခြင်း ဖြစ်ပါသည်။)