News

POST TYPE

EDITORIAL

မိမိကိုယ်တိုင်သာ (Daily, Vol-6/No-124)
02-Sep-2018 tagged as

များစွာသော လူတို့သည် မိမိတို့အပေါ် ချီးမွမ်း ပြောဆိုခြင်းကိုသာ လိုလားပြီး ကဲ့ရဲ့ပြစ်တင်ခြင်းကိုမူ မလိုလားတတ်ကြပေ။ အချို့မှာမူ အပြုသဘောဖြင့် အကြံပြု ထောက်ပြခြင်းကိုပင်လျှင် အပြစ်တင်သည်ဟု အဓိပ္ပာယ် ကောက်ယူ တတ်ကြသည်။

ထို့ထက်မူကား ၎င်းတို့ ဂုဏ်သိက္ခာ ကျဆင်းစေရန် တမင်ရည်ရွယ်ချက်ဖြင့် ကြံစည်ဆောင်ရွက်သည်ဟုပင် ထင်မှတ်တတ်ကြသည်။

သူတော်ကောင်းတရား ကျင့်ကြံပွားများ အားထုတ်သူတို့သာလျှင် မိမိအပေါ် ကောင်းခြင်း၊ ဆိုးခြင်း ချီးမွမ်းကဲ့ရဲ့တတ်ခြင်းတို့ကို ဥပေက္ခာတရားဖြင့် လျစ်လျူရှုကာ မိမိတို့ လုပ်ကိုင်ဆောင်ရွက်စရာ ရှိသည်များကို မမှိတ်မသုန် ထမ်းဆောင်နေလေ့ ရှိတတ်သည်။

များစွာသော လူတို့မှာမူ ပတ်ဝန်းကျင်၏ ကဲ့ရဲ့ပြစ်တင်မှု၊ ဝေဖန်ထောက်ပြမှုတို့အပေါ် ၎င်းတို့အား ဂုဏ်သိက္ခာ ကျဆင်းစေသည့် အပြုအမူများ ဖြစ်သည်ဟု ဘာသာပြန် အဓိပ္ပာယ် ကောက်လေ့ ရှိတတ်သည်။

စင်စစ်အားဖြင့် ကျွန်ုပ်တို့ လူမှုပတ်ဝန်းကျင်ရှိ လူပုဂ္ဂိုလ်တစ်ဦးချင်း၊ အဖွဲ့အစည်း၊ အသင်းအပင်း တစ်ခုချင်းစီ၏ အပေါင်းလက္ခဏာနှင့် အနုတ် လက္ခဏာ ဆောင်သော ကျော်စောထင်ရှားမှု၊ ဂုဏ်သတင်း မွှေးပျံ့မှုတို့သည် သက်ဆိုင်ရာ လူတစ်ဦးချင်းနှင့် အဖွဲ့အစည်း၊ အသင်းအပင်း တစ်ခုချင်းစီတို့၏ ကိုယ်တိုင် အတိတ်၊ ပစ္စုပ္ပန် နှစ်ခုအတွင်း တွေးခေါ်၊ ကြံစည်၊ ပြုမူဆောင်ရွက်မှုတို့အပေါ်တွင်သာ မူတည်နေပေသည်။

ယနေ့ မြန်မာလူမှုပတ်ဝန်းကျင်ရှိ အမျိုးမျိုးသော လူပုဂ္ဂိုလ် အဖွဲ့အစည်း အသီးသီးတို့သည်လည်း ထိုသို့ပင်။ အတိတ်နှင့် မျက်မှောက်ကာလ နှစ်ခုအတွင်း ကျွန်ုပ်တို့ ကိုယ်တိုင် လက်တွေ့ပြောဆို၊ ရေးသား၊ ပြုမူဆောင်ရွက်သည့်အတိုင်း ပတ်ဝန်းကျင်က ကျွန်ုပ်တို့အပေါ် အဆိုး၊ အကောင်း သဘောထားရှိကြမည်ဖြစ်သည်။

တစ်နည်းဆိုရသော် မှန်နှင့်တူသော လောကသည် ကျွန်ုပ်တို့က ပြုံးကြည့်လျှင် ပြုံးသည့်ပုံရိပ်ကို မြင်ရမည်ဖြစ်ပြီး မဲ့ကြည့်ပါက မဲ့သည့်ပုံရိပ်ကို မြင်ရမည် ဖြစ်သည်။ မည်သူကမျှ ကျွန်ုပ်တို့ကိုယ်စား ပြုံးခြင်း၊ မဲ့ခြင်းကို ကိုယ်စား ဆောင်ရွက်ပေး၍မရပေ။

ထို့အတူ မည်သူတစ်ဦးတစ်ယောက်၊ အဖွဲ့အစည်း တစ်ခုကမျှ ကျွန်ုပ်တို့ တစ်ဦးချင်းစီ ကိုယ်တိုင် စိတ်ပါဝင်စားမှု မရှိဘဲ ပြုံးခြင်း၊ မဲ့ခြင်းကို စေခိုင်း၍ မရနိုင်ပေ။ ဖိအားပေး စေခိုင်းခဲ့သည်ရှိသော် ရရှိလာသော အပြုံး၊ အမဲ့တို့မှာ အတုအယောင်များသာ ဖြစ်ပေမည်။

ဆိုလိုသည်မှာ ကျွန်ုပ်တို့တစ်ဦးချင်းစီ သို့အဟုတ် အဖွဲ့အစည်း အသင်းအပင်း တစ်ခု၏ ဂုဏ်သိက္ခာ ကျဆင်းခြင်း၊ မြင့်တက်ခြင်းတို့ကို တစ်စုံတစ်ဦး၊ တစ်ဖွဲ့က ဖန်တီး၍မရဘဲ ကျွန်ုပ်တို့ ကိုယ်တိုင်ကသာ စေစားဖန်တီးနိုင်ကြောင်း ပြောလိုရင်း ဖြစ်သည်။

အယ်ဒီတာ (၂-၉-၂၀၁၉)
(၂၂-၂-၂၀၁၇ နေ့ထုတ် The Voice Daily သတင်းစာတွင် ဖော်ပြခဲ့ပြီးသော အယ်ဒီတာ့အာဘော်ကို ပြန်လည်ဖော်ပြခြင်း ဖြစ်ပါသည်။)

  • TAGS