News

POST TYPE

EDITORIAL

လောကဓံတရား ခံနိုင်ရည်ရှိရဲ့လား (Daily, Vol-6/No-123)
01-Sep-2018

လောကမှာရှိတဲ့လူတိုင်း တွေ့ကြုံရမယ့် လောက သဘာဝတွေကို လောကဓံ ရှစ်ပါးဆိုပြီး ဗုဒ္ဓက ဟောကြားဆုံးမခဲ့တယ်။ လောကနိယာမ သဘောအရ လောကဓံရှစ်ပါးမှာလည်း အကောင်းနဲ့ အဆိုး ဒွန်တွဲနေတယ်။ အကောင်း လေးပါး၊ အဆိုးလေးပါးဆိုပြီး မျှလည်း မျှတနေတယ်။ 

ပစ္စည်းဥစ္စာ ရခြင်း၊ မရခြင်း၊ အချွေအရံများခြင်း၊ မရှိခြင်း၊ ချီးမွမ်းခံရခြင်း၊ အကဲ့ရဲ့ခံရခြင်း၊ ကိုယ်၊ စိတ်ချမ်းသာခြင်း၊ ကိုယ်၊ စိတ်ဆင်းရဲခြင်းဆိုတဲ့ လောကဓံရှစ်ပါးကို လူ့လောကမှာရှိတဲ့ လူပုဂ္ဂိုလ်တိုင်း တစ်ကြိမ်မဟုတ်တစ်ကြိမ် ကြုံရသူချည်းပဲ။ 

သာမန် ပုထုဇဉ်အများစုကတော့ လောကဓံတရားကို ခံနိုင်ရည်မရှိကြဘူး။ အသိဉာဏ်ပညာကြီးသူ၊ စဉ်းစားဆင်ခြင်နိုင်စွမ်းရည် မြင့်မားသူ၊ ဗုဒ္ဓရဲ့ အဆုံးအမအတိုင်း ကျင့်ကြံနေထိုင်သူ အနည်းအကျဉ်းလောက်ပဲ လောကဓံတရားကို ခံနိုင်ရည်ရှိကြတယ်။

များသောအားဖြင့် ပြောကြတာကတော့ ဆင်းရဲတဲ့ လောကဓံ ခံနိုင်တယ် ချမ်းသာတဲ့ လောကဓံ မခံနိုင်ကြဘူးဆိုတဲ့စကားပဲ။ ဒီစကားက လက်ရှိ လူ့လောက တစ်နည်းပြောရင် မြန်မာလူ့အဖွဲ့အစည်းအတွက် ဒုတ်ဒုတ်ထိ မှန်တဲ့စကားလို့ ဆိုရမယ်။

ဒီနေ့ မြန်မာလူ့အဖွဲ့အစည်းကိုကြည့်ရင် ဒီစကား ဘယ်လောက်မှန်တယ်ဆိုတာ သက်သေပြနေသလိုပဲ။ အတိတ်က အနှိပ်စက်ခံ၊ အဖိနှိပ်ခံ၊ ကန့်သတ်ပိတ်ပင်ခံပြီး ဆင်းဆင်းရဲရဲ၊ ကျပ်ကျပ်တည်းတည်း နေလာခဲ့ရပေမယ့် စည်းစိမ်နဲ့ အာဏာဆိုတဲ့ လောကစည်းစိမ် ရသွားတဲ့အခါမှာတော့ ဒါတွေကိုသာယာပြီး ဖောက်ပြန် ပျက်စီးသွားကြတာချည်းကိုး။

ပြီးခဲ့တဲ့ အနှစ် ငါးဆယ်ကျော်ကာလက သိပ်ဆင်းရဲခဲ့တဲ့ မြန်မာပြည်မှာ ၁၉၉၀ ခုနှစ်နောက်ပိုင်း တံခါးဖွင့်စီးပွားရေး မူဝါဒ စသုံးတော့ အဆက်အသွယ် ကောင်းအောင် လုပ်တတ်သူတွေ အတော် ကြီးပွားချမ်းသာသွားခဲ့ကြတယ်။ အဲလို ကြီးပွားချမ်းသာသွားတော့ အရင် ရုန်းကန်ဆင်းရဲခဲ့တုန်းက စရိုက်တွေနဲ့ မတူတော့ဘဲ လုံးလုံးပြောင်းလဲသွားကြတယ်။ 

အဲလို အဆက်အသွယ်ကောင်းပြီး စီးပွားရေးနဲ့မတူတဲ့ စီးပွားရေးတွေ၊ နည်းလမ်းတွေနဲ့ ချမ်းသာလာတဲ့ ခေတ်ပျက်သူဌေးတွေနဲ့ အောက်ခြေကနေ စပြီး ကိုယ့်ထူးကိုယ်ချွန် ကြီးပွားချမ်းသာလာတဲ့သူတွေနဲ့တော့ ဒီနေရာမှာတော့ မတူဘူး။ တစ်နည်းပြောရရင်တော့ ဖြတ်သန်းလာတဲ့ ဘဝ၊ အတွေ့အကြုံနဲ့ ခံခဲ့ရတဲ့ အဆုံးအမတရားတွေကို မူတည်ပြီး စရိုက်တွေ ကွဲသွားတာမျိုးပေါ့။

အဲလို စရိုက်ကွဲတဲ့အတွက် လောကဓံတရားတွေကို ရှုမြင်ပုံ၊ လက်ခံပုံ၊ အဓိပ္ပာယ်ကောက်ပုံချင်း မတူကြတော့ဘူး။ တစ်နည်းပြောရရင် လောကဓံကို ခံနိုင်ရည်ရှိတာ၊ မရှိတာချည်း မတူကြတော့ဘူး။ ဒါကို လူတိုင်း နေ့စဉ် ထိတွေ့ ဆက်ဆံနေရတဲ့ လူမှုပတ်ဝန်းကျင်မှာ အလွယ်တကူ မြင်နိုင်တယ်။ 

ကောင်းတဲ့ လောကဓံတွေကို မခံနိုင်ကြတာက အားမနာတမ်း တည့်တည့်ပြောရရင် အတိတ်က မမြင်ခဲ့၊ မရခဲ့၊ မကြုံခဲ့၊ မစားခဲ့၊ မသုံးခဲ့ဖူးတဲ့ လောကစည်းစိမ်၊ အချွေအရံတွေ ရလာတော့ အောက်ခြေ လွတ်သွားတာပဲပေါ့။ 

အာဏာနိုင်ငံရေးနယ်ပယ်မှာလည်း ဒီအတိုင်းပဲ။ အရင် အဖိနှိပ်ခံဘဝက လူထုနဲ့ အင်မတန် နီးစပ်ပြီး လူထုနဲ့ တစ်သားတည်း ရှိနေပါတယ်၊ အာဏာရှင် မှန်သမျှ ဆန့်ကျင်ပါတယ်၊ ဒီမိုကရေစီကို ချစ်မြတ်နိုးပါတယ်ဆိုတဲ့ သူတချို့ လောကဓံကို မခံနိုင်ကြဘူး။ ကိုယ်တိုင် အာဏာကုလားထိုင်ပေါ်ကို ရောက်လာတဲ့အခါ အရင်က ကိုယ်ဆန့်ကျင်ခဲ့တာတွေကိုပဲ ကိုယ်တိုင် လုပ်နေကြတော့တာ။ 

သာမန်လူတွေကတော့ လောကဓံတရားကို မခံနိုင်တာ ထားလိုက်တော့။ ဗုဒ္ဓအပါအဝင် ဘာသာတရား အသီးသီးရဲ့ အဆုံးအမတွေကို တစ်ဆင့်ပြန်ပြီး လူ့အဖွဲ့အစည်းကို ဖြန့်ချိဆုံးမပေးရမယ့် တာဝန်ယူထားသူတွေနဲ့ နယ်ပယ် အသီးသီးရဲ့ ခေါင်းဆောင်တွေ ကိုယ်တိုင် လောကဓံတရားကို မခံနိုင်ကြဘူးဆိုရင်တော့ အဲဒီ လူ့အဖွဲ့အစည်း အန္တရာယ်ရှိနေပြီလို့ ပြောရမယ်။ 

မိသားစုတစ်စု၊ စာသင်ခန်းတစ်ခန်း၊ တက္ကသိုလ်တစ်ခု၊ နိုင်ငံရေး ပါတီတစ်ခုကနေ လက်နက်ကိုင်တပ်အားလုံ၊ ဘာသာရေးနယ်တစ်ရပ်၊ အာဏာသုံးရပ်၊ နိုင်ငံတော်နဲ့ လူ့အဖွဲ့အစည်းတစ်ရပ်လုံးကို ဦးဆောင်ရမယ့်သူတွေက သာမန်လူတွေ၊ တစ်နည်းအားဖြင့် ပြည်သူလူထုထက် ပိုပြီး လောကဓံတရားကို ခံနိုင်ရည်ရှိအောင် လေ့ကျင့်ပြင်ဆင်ထားကြဖို့ လိုမယ်ဆိုတာ ပြောလိုရင်းပါ။

အယ်ဒီတာ (၁-၉-၂၀၁၈)
(၁၃- ၁ -၂၀၁၈ နေ့ထုတ် The Voice Daily သတင်းစာတွင် ဖော်ပြခဲ့ပြီးသော အယ်ဒီတာ့အာဘော်ကို ပြန်လည်ဖော်ပြခြင်း ဖြစ်ပါသည်။)