News

POST TYPE

EDITORIAL

ရန်ကုန်တွင် ဆိုင်ကယ်စီးနင်းခွင့် ဆေးအတွက် လေးမသွားစေလို(Daily, Vol-4/No-154)
07-Oct-2016
ရန်ကုန်မြို့တော် ဧရိယာ အတွင်းရှိ သင့်တော်သော မြို့နယ်များတွင် မော်တော်ဆိုင်ကယ်များ စီးနင်းခွင့် ပြန်လည် ခွင့်ပြုမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဒေါ်နီလာကျော်၏ ပြောဆိုချက်ကို မူအားဖြင့် ကြိုဆို အပ်ပေသည်။

ရန်ကုန်မြို့တော်သည် အရှေ့တောင် အာရှဒေသတွင် အကြောင်းပြချက် ခိုင်လုံစွာ မရှိဘဲ မော်တော်ဆိုင်ကယ် စီးနင်းခွင့် မပြုသည့် တစ်ခုတည်းသော မြို့တော် ဖြစ်သည့်အတွက် ယခုကဲ့သို့ ပြန်လည် ခွင့်ပြုမည်ဖြစ်ကြောင်း ပြောဆိုချက်ကို မူအားဖြင့် ကြိုဆိုရခြင်းဖြစ်သည်။

သာမန်အားဖြင့် စဉ်းစားပါက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ချိုးဖောက်မှုနှင့် ယာဉ်ကြော ပိတ်ဆို့မှု ဆိုးရွားစွာ ဖြစ်ပေါ်နေသော ရန်ကုန်တွင် မော်တော်ဆိုင်ကယ်များ စီးနင်းခွင့် ပြုလိုက်ပါက ပို၍ စည်းမဲ့၊ ကမ်းမဲ့ ဖြစ်သွားနိုင်မည်ဟု တွက်ဆစရာ ရှိပေသည်။

မော်တော်ဆိုင်ကယ်များ စီးနင်းခွင့် ပြုခြင်းကြောင့် အားသာချက်များ ရှိလာနိုင်သလို အားနည်းချက်များလည်း ကြုံရမည်ဖြစ်သည်။ စနစ်တကျ စီမံခန့်ခွဲ တတ်ပါက အားနည်းချက်များ လျှော့ချ သွားနိုင်ပေသည်။

မော်တော်ဆိုင်ကယ်များ တရားဝင် စီးနင်းခွင့် ပြုလိုက်ပါက Door to Door ခေါ် အိမ်အရောက်ပို့ ဝန်ဆောင်မှု ပေးသည့် အလတ်စားနှင့် အသေးစား စီးပွားရေး လုပ်ငန်းများ ယခင်ထက် ပို၍ လုပ်ငန်းတွင်ကျယ် လာနိုင်ခြင်း၊ သာမန် ဝင်ငွေရှိသူတိုင်း ဝယ်စီး လာနိုင်သောကြောင့် ၎င်းတို့နှင့် ဆက်စပ်နေသော လုပ်ငန်းများ မြန်ဆန ်ချောမွေ့ လာနိုင်ခြင်း၊ ဆိုင်ကယ် ဝယ်ယူမှုနှုန်း မြင့်တက်လာခြင်းက ငွေကြေး လည်ပတ် စီးဆင်းမှု ပမာဏနှင့် အရှိန်အဟုန် တိုးလာစေခြင်း၊ ကားထက်စာလျှင် ဆီ အကုန်အကျ သက်သာကာ ယာဉ်ကြော ပိတ်ဆို့မှုကို ရှောင်ရှားနိုင်ခြင်းကဲ့သို့ အကျိုးကျေးဇူးများ ရရှိလာနိုင်သည်။

အထူးသဖြင့် ရန်ကုန်မြို့တော်၏ လက်ရှိ ရင်ဆိုင်နေရသော ယာဉ်ကြော ပိတ်ဆို့မှု ပြဿနာကို ဖြေရှင်းရာတွင် ရေတို၊ ရေရှည် နည်းလမ်း များစွာ ရှိသည့်အနက် လမ်းဧရိယာ များစွာ မယူဘဲ လျင်မြန်စွာ သွားလာနိုင်သည့် မော်တော်ဆိုင်ကယ်များ စီးနင်းခွင့်ပြုခြင်း၊ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်ကဲ့သို့ ဆိုင်ကယ် တက္ကစီများ စနစ်တကျ ပြေးဆွဲခွင့် ပြုခြင်းတို့ဖြင့် ကူညီနိုင်ပေသည်။

အခြားတစ်ဖက်တွင်မူ စည်းကမ်းမဲ့ ကားများအပြင် စည်းကမ်းမဲ့ ဆိုင်ကယ်များ၏ ဒဏ်ကိုပါ ထပ်တိုး ခံရနိုင်ခြင်း၊ ဆိုင်ကယ် အသုံးပြု၍ ကျူးလွန်သော လုယက်မှုများ မြင့်မား လာနိုင်ခြင်း၊ မတော်တဆ ထိခိုက်မှု၊ တိမ်းမှောက်မှုများ တိုးလာနိုင်ခြင်း၊ အများပြည်သူ စိတ်အနှောင့်အယှက် ဖြစ်စေနိုင်သော အသံ ဆူညံမှုနှုန်း မြင့်လာနိုင်ခြင်း၊ ယာဉ်ထိန်းရဲ လိုအပ်ချက် ကြီးလာနိုင်ခြင်းကဲ့သို့ အားနည်းချက်များကိုလည်း မဖြစ်မနေ ကြုံကြရမည်ဖြစ်သည်။

ဈေးနှုန်းနှင့် အရွယ်အစား အားသာချက်အရ မော်တော်ယာဉ်များထက် အဆများစွာ စီးရေ တိုးလာနိုင်ခြင်းကြောင့် ပို၍ ထိန်းကွပ်ရခက်မည့် မော်တော်ဆိုင်ကယ်များ တရားဝင် စီးနင်းခွင့် ပြုမည်ဆိုပါက ယင်းမတိုင်မီ မည်သို့ စီမံခန့်ခွဲ၊ ကြီးကြပ်၊ ထိန်းသိမ်းမည်၊ ဘေးထွက် ဆိုးကျိုးများကို မည်သို့ ကာကွယ် ဖြေရှင်းမည် ဆိုသော အချက်များကို ထောင့်စေ့ ကျယ်ပြန့်စွာ ထည့်သွင်း စဉ်းစားကာ ကြိုတင် စီမံချက်များ ရေးဆွဲ ပြင်ဆင်ထားခြင်း မရှိပါက ဆေးအတွက် လေးသွားနိုင်ကြောင်း သိစေလိုရင်း ဖြစ်သည်။

အယ်ဒီတာ (၆-၁ဝ-၂ဝ၁၆)


  • VIA