News

POST TYPE

EDITORIAL

ရခိုင်ပြည်နယ်လွှတ်တော် တိုးတက်ရေး မဟာဗျူဟာစီမံကိန်း ရေးဆွဲ
24-Aug-2018
စစ်တွေ၊ ဩဂုတ် ၂၃

ရခိုင်ပြည်နယ်လွှတ်တော် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်း တစ်ရပ်ကို ရေးဆွဲထားကြောင်း ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှက ပြောကြားသည်။

ရခိုင်ပြည်နယ်အတွင်းရှိ ပြည်သူများ တည်ငြိမ်အေးချမ်းကာ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်နိုင်မည့် လွှတ်တော်တစ်ရပ်ဖြစ်လာစေရန် ကိုယ်စားလှယ်များအနေနှင့် ပြည်သူလုထုအကျိုးကို ပိုမိုဆောင်ရွက်နိုင်ရန်နှင့် လွှတ်တော်ရုံးလုပ်ငန်းများကို ယခုထက်ပို၍ စနစ်တကျ ထိရောက်စွာဆောင်ရွက်နိုင်ရန်တို့ပါဝင်သည့် စီမံကိန်းကို ပြင်ပအဖွဲ့အစည်းများနှင့် လွှတ်တော်ကိုယ်စားလှယ်တို့ အလုပ်ရုံဆွေးနွေးပြီး ပူးပေါင်းရေးဆွဲထားခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“ဒီစီမံကိန်းမှာ ဒီပြည်နယ်လွှတ်တော်ရဲ့ ဘဏ္ဍာရေးအတိုင်းအတာနဲ့ လူ့အရင်းအမြစ်ကို အမှန်တကယ် သုံးစွဲရမှာရယ်၊ ကြုံတွေ့လာနိုင်တဲ့ အခက်အခဲတွေကို ကြိုတင်တွက်ဆလေ့လာပြီးရမယ်၊ ထွက်ပေါ်လာမယ့် ရလဒ်တွေကို စောင့်ကြည့်အကဲ ဖြတ်တာရယ်၊ အဲဒါတွေကို အာမံချက်ပေးထားတယ်။ ရခိုင်ပြည်နယ်လွှတ်တော်ကို ပြည်သူက ယုံကြည်အားထားမှုရှိလာစေမယ့် စီမံကိန်းဖြစ်တယ်”ဟု ဦးစံကျော်လှက ပြောဆိုသည်။

အဆိုပါ စီမံကိန်းသည် ၂၀၁၈-၂၀၂၂ ခုနှစ်အထိ ကာလအတွင်းနှင့် ရှေ့အနာဂတ်တွင် ပြည်သူများ၏ ရေရှည် အကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေများရေဆွဲခြင်း၊ ပြဋ္ဌာန်းပြီး ဥပဒေများမှ လူထုအတွက် အမှန်တကယ် အကျိုးဖြစ်ထွန်းခြင်းရှိမရှိ သုံးသပ်ခြင်း၊ အစိုးရအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုတို့ကို စောင့်ကြည့်ထိန်းသိမ်းခြင်းများကို လုပ်ဆောင်မည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

၎င်း မဟာဗျူဟာစီမံကိန်းနှင့် ပတ်သက်ပြီး ဩဂုတ်လ ၂၃ ရက်နေ့က ကျင်းပသည့် ပြည်နယ်လွှတ်တော် ပုံမှန်အစည်းအဝေးတွင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များအနေနှင့် ဆွေးနွေးလိုပါက ဩဂုတ်လ ၂၄ ရက်နေ့တွင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌက ပြောကြားသည်။

“ဒါကတော့ လွှတ်တော်ကိုယ်စားလှယ် အားလုံးပါဝင် ရေးဆွဲထားတာလည်း ဖြစ်တယ်။ အားသာချက် အားနည်းချက်ကိုတော့ ပြောလို့မရသေးဘူး။ ဘာလို့ဆို ကျွန်တော်တို့ကလည်း အသေးစိတ် မလေ့လာရသေးလို့ ဖြစ်တယ်”ဟု မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ယင်းစီမံကိန်းနှင့်ပတ်သက်၍ မှတ်ချက်ပြုသည်။

R-22


  • VIA