News

POST TYPE

EDITORIAL

ကမ္ဘာ့ ဆရာများနေ့နှင့် မြန်မာ့ဆရာ၊ ဆရာမများ အရေး(Vol-4/No-153)
05-Oct-2016
ယနေ့ အောက်တိုဘာလ ၅ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ဆရာများနေ့ အခမ်းအနားကို မြန်မာနိုင်ငံတွင်လည်း ယခင့်ယခင် နှစ်များနှင့်မတူ မြို့ကြီးများတွင် ခမ်းနားစွာ ကျင်းပလာကြခြင်းမှာ တစ်နည်းအားဖြင့် ဆရာများကို ဂုဏ်ပြုခြင်း ဖြစ်သည့်အတွက် များစွာ မင်္ဂလာ ရှိပေသည်။

ဆရာ၊ ဆရာမများကို ဤသို့ အထိမ်းအမှတ် အခမ်းအနား တစ်ခုဖြင့် ဂုဏ်ပြုခြင်းကို ကြိုဆိုရမည် ဖြစ်သော်လည်း အခမ်းအနား ကျင်းပခြင်းထက် ပို၍ လက်တွေ့ကျသော နည်းလမ်းများဖြင့်လည်း ဆရာ၊ ဆရာမများကို အသိအမှတ်ပြု၊ ဂုဏ်ပြုပေးရန် လိုပေသည်။

ဆရာ၊ ဆရာမ ဆိုသော မွန်မြတ်သည့် အသက် မွေးဝမ်းကျောင်း အလုပ်သည် မြန်မာနိုင်ငံတွင် အစဉ်အလာ အားဖြင့် အများက ရိုသေ လေးစားခံရသည့် အလုပ်မျိုး ဖြစ်သော်လည်း ဆရာ၊ ဆရာမများ ရရှိနေသော ခံစားခွင့်မှာမူ အနိမ့်ဆုံး အဆင့်တွင် ရှိနေပေသည်။

တက္ကသိုလ် တစ်ခုခုမှ ဘွဲ့ရရှိထားသော လက်ထောက် မူလတန်းပြဆရာ တစ်ဦး၏လစာမှာ အတန်းပညာ တတ်စရာ မလိုသော အနိမ့်ဆုံးအဆင့် တပ်မတော်မှ ရိုးရိုးတပ်သား တစ်ဦး၏ လစာထက် နိမ့်ပါးနေခြင်းမှာမူ များစွာ အရုပ် ဆိုးလှသည်။

ပိုဆိုးသည်မှာ တပ်သား တစ်ဦး ဖြစ်သော်လည်း တပ်မတော်က လစာအပြင် နေစရာ၊ စားစရာ၊ ရိက္ခာ၊ အောက်ခံ ဘောင်းဘီမှအစ ခြေအိတ်အထိ တစ်ကိုယ်ရေသုံး ပစ္စည်း အားလုံး တပ်မတော် သို့မဟုတ် နိုင်ငံတော်က ထောက်ပံ့ ပေးထားသော်ငြား မူလတန်းဆရာ တစ်ဦးမှာမူ လစာမှတစ်ပါး အခြား အထောက်အပံ့ မရရှိကြဘဲ ကျောင်းစိမ်းနှင့် အဖြူကိုပင် လပေးဖြင့် ဝယ်ဝတ်နေကြရခြင်းဖြစ်သည်။ 

အငြိမ်းစား ယူသွားရှာသော ဆရာ၊ ဆရာမအိုများဆိုလျှင် အငြိမ်းစား လစာမှာ မုန့်ဖိုးသာသာ ရှိသည့်အတွက် ပြုစု စောင့်ရှောက်မည့် သားထောက် သမီးခံ မရှိသူများဖြစ်ပါက ဘိုးဘွားရိပ်သာများ၊ သက်ကြီးစောင့်ရှောက်မှု ဂေဟာများတွင် ခိုလှုံ နေကြရသည်။

တပ်မတော် အငြိမ်းစားလစာအပြင်၊ နိုင်ငံရေး ပင်စင်၊ ပါတီ လစာနှင့် ကုမ္ပဏီ ရှယ်ယာ အကျိုးအမြတ်များပါ ခံစား နေရသူများနှင့် နှိုင်းယှဉ်ပါက လူပေါင်း များစွာကို အခြေခံ အသိတရားများ ရရှိရန်၊ ပညာမျက်စိ ဖွင့်ပေးခဲ့ကြသော ဆရာ၊ ဆရာမများ၏ ဘဝမှာ များစွာ ဝမ်းနည်းဖွယ် ကောင်းလှသည်။

ဆရာ၊ ဆရာမများသည် တာဝန် ထမ်းဆောင်နေချိန်တွင်ပင် မူလ ပညာရေး တာဝန်များအပြင် အစိုးရ မူဝါဒများအရ အကောင်အထည်ဖော် ဆောင်ရွက်သော စီမံကိန်းများ၊ လူအင်အား လိုအပ်သော လူထု အခမ်းအနားများ၊ ရွေးကောက်ပွဲများ၏ မဲရုံလုပ်ငန်းများ၊ သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းများ စသည့် အထွေထွေ လုပ်ငန်းများတွင်လည်း ရေလဲ အသုံးခံရသူများ ဖြစ်သည်။

နိုင်ငံတစ်ခု ဖွံ့ဖြိုး တိုးတက်စေရန်အတွက် အခြေခံ အကျဆုံးနှင့် အရေး အကြီးဆုံးမှာ ထိုနိုင်ငံ၏ ပညာရေး မူဝါဒ၊ ပညာရေး အသုံးစရိတ်၊ ဆရာ၊ ဆရာမများ၏ အရည်အချင်းနှင့် ၎င်းတို့ ရရှိနေသော လစာ၊ အထောက်အပံ့များ မည်သည့် အဆင့်တွင် ရှိသနည်း ဆိုသော အချက်ဖြစ်သည်။

ပညာရေး အသုံးစရိတ်သည် သယံဇာတများ ရောင်းချခြင်း၊ ကုန်ပစ္စည်းများ ထုတ်လုပ် ရောင်းချခြင်းကဲ့သို့ ချက်ချင်း ဝင်ငွေ ရရှိသည့် နယ်ပယ် မဟုတ်ဘဲ နိုင်ငံတော် ရေရှည်ဖွံ့ဖြိုးရေးအတွက် ရင်းနှီးမြှုပ်နှံရသည့် သဘောရှိသောကြောင့် အာဏာရှင် အစိုးရများ အပါအဝင် အစိုးရ အတော်များများက အလေးထားမှု မရှိပေ။

ယနေ့ အချိန်သည် နိုင်ငံတော်ကို အဘက်ဘက်မှ ပြန်လည် ထူထောင် တည်ဆောက်နေချိန် ဖြစ်သည့်အပြင် ပြည်သူက ဒီမိုကရေစီနည်းကျ ရွေးချယ် တင်မြှောက်ထားသော အစိုးရ အုပ်ချုပ်နေသည့် ကာလ ဖြစ်သောကြောင့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်ပွဲများ ကျင်းပရင်း မြန်မာ့ ဆရာ၊ ဆရာမများ အရေးကိုလည်း အထူး အလေးထားသင့်ကြောင်း သတိပြုမိစေလိုရင်း ဖြစ်သည်။

အယ်ဒီတာ (၅-၁ဝ-၂ဝ၁၆)


  • VIA