News

POST TYPE

EDITORIAL

ရေဘေးအလှူမှသည် (Daily, Vol-6/No-116)
23-Aug-2018

မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့ပူးပေါင်း၍ မြန်မာနိုင်ငံတစ်ဝန်းရှိ ရေဘေးသင့်ပြည်သူများအား ကျပ်သိန်းလေးထောင်ကျော် လှူဒါန်းခြင်းမှာ မြန်မာ့ငြိမ်းချမ်းရေးခရီး ယခင်ထက်ပိုနီးလာပြီဟု ယေဘုယျအားဖြင့် ကောက်ချက်ချနိုင်သည်။

အားလုံးသိကြသည့်အတိုင်း နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး NCA စာချုပ်တွင် လက်မှတ်ရေးထိုးမထားသည့် ယင်းအဖွဲ့ခုနစ်ဖွဲ့နှင့် မြန်မာ့တပ်မတော်အကြား စစ်ရေးတင်းမာမှုများ မကြာခဏ ဖြစ်ပေါ်နေလင့်ကစား ယခုကဲ့သို့ လှူဒါန်းလိုက်ခြင်းသည် ငြိမ်းချမ်းရေးကို ရှေးရှုသည့် ခြေလှမ်းအစဟု ဆိုနိုင်သည်။

ရာသီဥတု ဖောက်ပြန်ပြောင်းလဲကာ တစ်နှစ်ထက်တစ်နှစ် ပိုဆိုးလာသော ရေဘေးကြောင့် ဒုက္ခရောက်နေကြသူ မြန်မာနိုင်ငံသူ၊ နိုင်ငံသားများကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက လှူဒါန်းခြင်းဖြစ်သည့်အတွက် အသိအမှတ်ပြုရမည်ဖြစ်သည်။

ယင်းသို့ လှူဒါန်းခြင်းနှင့်ပတ်သက်၍ လက်နက်ကိုင်အဖွဲ့၏ လားရှိုးဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်း၏ပြောဆိုချက်တွင် မတူညီသော နိုင်ငံရေးအမြင်များကို ခေတ္တဘေးဖယ်ထားပြီး ရေဘေးသင့်ပြည်သူများကို ကူညီရန်စဉ်းစားခြင်း၊ အခက်အခဲရှိပါက တိုင်းရင်းသားအချင်းချင်းအကြား အပြန်အလှန် ကူညီသည့်အစဉ်အလာ ဖြစ်ပေါ်ရေး ရည်ရွယ်ခြင်းဆိုသည့် နှစ်ချက်မှာ များစွာ ထူးခြားသည်။

အစဉ်အလာအားဖြင့် တိုင်းရင်းသားဒေသများသို့သာ ပြည်မမှ လှူဒါန်းကူညီသည့် အလေ့အထကို လက်ရှိလှူဒါန်းမှုက ချိုးဖျက်လိုက်ခြင်းဖြစ်သည့်အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ယခုကဲ့သို့ လှူဒါန်းခြင်းမျိုးမှာ သမိုင်းတွင် တစ်ကြိမ်တစ်ခါမျှ မရှိခဲ့ဖူးပေ။

မည်သို့ပင်ဖြစ်စေ နိုင်ငံတစ်ဝန်း ပြည်သူများ ရေဘေးသင့်ချိန် သို့မဟုတ် ပြည်သူများ အကူအညီလိုအပ်နေချိန်မျိုးတွင် ပြည်တွင်းတွင် နေထိုင်ကြသော တိုင်းရင်းသားအချင်းချင်းအကြား ယခုကဲ့သို့ ကူညီလှူဒါန်းခြင်းမှသည် အပြန်အလှန် နားလည်မှုရယူရေး၊ ယုံကြည်မှုတည်ဆောက်ရေး၊ အပစ်အခတ် ရပ်စဲရေး၊ ထာဝရငြိမ်းချမ်းမှု ရရှိရေးအထိ ညှိနှိုင်းဆွေးနွေးမှု၊ အပေးအယူ၊ အလျှော့ အတင်းပြုမှုများဖြင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် တည်ထောင်နိုင်ရေးအထိ ဝိုင်းဝန်းကူညီကြပါမည့်အကြောင်း တိုက်တွန်းအပ်ပေသည်။

အယ်ဒီတာ (၂၃-၈-၂၀၁၈)