News

POST TYPE

EDITORIAL

ကုလအကြီးအကဲဟောင်းနှင့် ရခိုင်အကြံပေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာကိုဖီအာနန် ကွယ်လွန်
18-Aug-2018

ကုလသမဂ္ဂ၊ ဩဂုတ် ၁၈

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်းနှင့် လက်ရှိ မြန်မာနိုင်ငံ ရခိုင်ရေးရာကော်မရှင်ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာ ကိုဖီအာနန်သည် ဩဂုတ်လ ၁၈ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် ကွယ်လွန်သွားပြီဖြစ်သည်ဟု ၎င်း၏ လက်ထောက်အရာရှိများက ပြောကြားကြောင်း သတင်းဌာနများက ရေးသားဖော်ပြသည်။

“ဒေါက်တာကိုဖီအာနန်သည် ရက်ပိုင်းမျှ နာမကျန်းဖြစ်ခဲ့ပြီးနောက် စနေနေ့က ငြိမ်းချမ်းစွာ ကွယ်လွန်သွားပြီဖြစ်သည်”ဟု ကိုဖီအာနန်ဖောင်ဒေးရှင်းက သတင်းထုတ်ပြန်သည်။

ကိုဖီအာနန်သည် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ရာထူးကို ရယူနိုင်ခဲ့သော ပထမဆုံး အာဖရိက လူမည်းတစ်ဦးလည်းဖြစ်သည်။ ၁၉၉၇ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ ယင်းရာထူးတာဝန်ကို ထမ်းဆောင်ခဲ့စဉ် ကိုဖီအာနန်သည် ကုလသမဂ္ဂအဖွဲ့နှင့်အတူ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုကို ပူးတွဲချီးမြှင့်ခြင်းခံခဲ့ရသည်။ ကမ္ဘာ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ငန်းများကို စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် ယင်းသို့ ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ချီးမြှင့်ခံခဲ့ရခြင်းလည်း ဖြစ်သည်။ 

ကိုဖီအာနန် ယခုလို ရုတ်တရတ် ကွယ်လွန်သွားသည့်အပေါ် ဝမ်းနည်းစရာ ကောင်းခဲ့ပြီး ကော်မရှင်အနေနှင့် အကြံပြုချက်များကို အပြီးသတ် မဆောင်ရွက်နိုင်သေးဘဲ ကွယ်လွန်သွားရခြင်းဖြစ်ကြောင်း ကော်မရှင်အဖွဲ့ဝင်အဖြစ် ပါဝင်သည့် ရခိုင်စာပေနှင့် ယဉ်ကျေးမှုအသင်း ဒုတိယဥက္ကဋ္ဌ ဒေါ်စောခင်တင့်က ပြောကြားသည်။

ကိုဖီအာနန်သည် နိုင်ငံတကာပုံရိပ် ကြီးမားသူတစ်ဦးလည်းဖြစ်ပြီး ရခိုင်အရေးနှင့်ပတ်သက်၍လည်း မျှမျှတတ သုံးသပ်နိုင်သူတစ်ဦးဖြစ်ကာ ကော်မရှင်အတွက် ဆုံးရှုံးမှုတစ်ခုဖြစ်ကြောင်း ၎င်းကဆိုသည်။

“ကော်မရှင်အနေနဲ့ ဘယ်လို ဆက်လုပ်သွားမလဲဆိုတာတော့ မသိရသေးဘူးပေါ့။ ရုတ်တရတ်ကြီး ကွယ်လွန်သွားတော့ ကော်မရှင်ကို ဘယ်လိုပြန်ဖွဲ့မလဲဆိုတာတော့ မသိရသေးဘူး”ဟု ၎င်းကဆိုသည်။

ကမ္ဘာကြီး၏ မည်သည့်နေရာဒေသ ဖြစ်စေကာမူ ဒုက္ခဘေးတွေ့နေရသည်၊ လိုအပ်ချက်များရှိသည်ဟု ကြားသည်နှင့် တစ်ပြိုင်နက်တည်း ကိုဖီအာနန်သည် ကိုယ်တိုင်ရောက်ရှိသွားတတ်ပြီး လူပေါင်းမြောက်မြားစွာကို စာနာထောက်ထားစိတ်အပြည့်ဖြင့် ထိတွေ့ဆက်ဆံခဲ့သူဖြစ်ကြောင်း ကိုဖီအာနန်ဖောင်ဒေးရှင်းက ဖော်ပြသည်။

“ဒေါက်တာကိုဖီအာနန်သည် ကမ္ဘာလုံးဆိုင်ရာ အကျိုးပြုပုဂ္ဂိုလ်တစ်ဦးဖြစ်သလို ပိုမိုငြိမ်းချမ်းပြီး မျှတမှုရှိသည့် ကမ္ဘာကြီးဖြစ်အောင် စွမ်းစွမ်းတမံ လုပ်ဆောင်ခဲ့သည့် နိုင်ငံတကာဝါဒီ တစ်ဦးလည်းဖြစ်သည်”ဟု ယင်းဖောင်ဒေးရှင်း၏ ကြေညာချက်က ဆိုသည်။ 

ကိုဖီအာနန်သည် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ဖိတ်ကြားချက်အရ ရခိုင်ပြည်နယ် အကြံပေး ကော်မရှင်ဥက္ကဋ္ဌအဖြစ် တာဝန်ယူကာ ရခိုင်အရေးနှင့်ပတ်သက်၍ အစိုးရသို့ အကြံပြုချက် ၈၈ ချက် ပါဝင်သည့် အစီရင်ခံစာ တင်သွင်းခဲ့သည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်ကို ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ဩဂုတ်လပိုင်းတွင် စတင်ဖွဲ့စည်းခဲ့ပြီး ကော်မရှင်၏ ပထမဦးဆုံးအကြိမ် ရခိုင်ပြည်နယ်ခရီးစဉ်ကို ၂၀၁၆ စက်တင်ဘာလတွင် ကော်မရှင်ဥက္ကဋ္ဌ ကိုဖီအာနန်ကိုယ်တိုင် ဦးဆောင်၍ သွားရောက်ခဲ့သည်။

အဆိုပါကော်မရှင်တွင် ကိုဖီအာနန် အပါအဝင် နိုင်ငံတကာမှ အကြံပေးပုဂ္ဂိုလ် သုံးဦး၊ ပြည်တွင်းမှ လူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြ၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း နာယက ဒေါက်တာသာလှရွှေ၊ ငြိမ်းချမ်းမေတ္တာအသင်းမှ ဦးအေးလွင်၊ မြန်မာနိုင်ငံ ဆရာဝန်များအသင်း ဥက္ကဋ္ဌ ဒေါက်တာမြသီတာ၊ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်လေး၊ ရခိုင်စာပေနှင့် ယဉ်ကျေးမှုအသင်း ဒုတိယဥက္ကဋ္ဌ ဒေါ်စောခင်တင့်တို့ဖြင့် ဖွဲ့စည်းထားသည်။ 

ကိုဖီအာနန်သည် အာဖရိကတိုက် ဂါနာနိုင်ငံတွင် ၁၉၃၈ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့က မွေးဖွားသည်။ ၎င်းသည် ဆွစ်ဇာလန်နိုင်ငံတွင် နှစ်အတော်ကြာကြာနေထိုင်သွားခဲ့သည်။ မှတ်တမ်းများအရ ကိုဖီအာနန် ကုလသမဂ္ဂအကြီးအကဲ ဖြစ်နေချိန်တွင် ကမ္ဘာပေါ်၌ အီရတ်စစ်ပွဲနှင့် HIV/AIDS ရောဂါကူးစက်ပြန့်ပွားမှုကြီးတို့ ပေါ်ပေါက်ခဲ့သည်။၏

F-01/ J-08