News

POST TYPE

EDITORIAL

ရခိုင်ပြည်နယ်အရေး မည်သူ့ကိုမျှ အပြစ်တင်မည်မဟုတ်ဘဲ အကြံပြုချက်သာပေးမည်ဟု လွတ်လပ်သော ကော်မရှင်ဆို
17-Aug-2018
နေပြည်တော်၊ ဩဂုတ် ၁၆

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖွဲ့စည်းခဲ့သော ကော်မရှင်အနေနှင့် မည်သူ့ကိုမျှ အပြစ်တင်မည်မဟုတ်ဘဲ စုံစမ်းစစ်ဆေးသည့်ကိစ္စပေါ် အခြေခံ၍ အကြံပြုချက်များကိုသာ တင်ပြသွားမည်ဖြစ်ကြောင်း၊ ယင်းအတွက် လိုအပ်သည့်အချက်အလက်များကို တောင်းယူသွားမည်ဖြစ်ကြောင်း လွတ်လပ်သော စုံစမ်းရေးကော်မရှင် ဥက္ကဋ္ဌက ပြောကြားလိုက်သည်။

၎င်းတို့အနေနှင့် ပြဿနာအရင်းအမြစ် သိသူများ မည်သူ့ကိုမဆို ဆက်သွယ်တောင်းဆို မေးမြန်းသွားမည်ဖြစ်ပြီး အကြံပြုချက်များကို အစိုးရထံ တင်ပြပေးသွားမည်ဖြစ်ကြောင်း၊ မြန်မာသည် အာဆီယံအဖွဲ့ဝင် ဖြစ်သည်နှင့်အညီ အာဆီယံဒေသနှင့် သက်ဆိုင်သောကြောင့် ငြိမ်းချမ်းရေး၊ လုံခြုံရေးအပါအဝင် တည်ငြိမ်အေးချမ်းရေးနှင့် ပေါကြွယ်ဝရေးတို့ကို အတူတကွ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ကော်မရှင်သည် ဩဂုတ် ၁၅ ရက်မှစ၍ လုပ်ငန်းလုပ်ဆောင်နေခြင်းဖြစ်ပြီး နှစ်ပတ်အတွင်း တွေ့ဆုံမေးမြန်းသည့်ကိစ္စများကို ဆောင်ရွက်မည်ဖြစ်ပြီး အတွင်းရေးမှူးရုံးကိုလည်း ပြည်တွင်းတွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ မကြာမီတွင် ၎င်းတို့လုပ်ငန်းဆိုင်ရာ Website ကို ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း ပြောကြားသည်

လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဇူလိုင် ၃၀ ရက်က နိုင်ငံတော်အစိုးရက ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ပြီး ဥက္ကဋ္ဌအဖြစ် (သံအမတ်ကြီး ရိုဆာရီယို မယ်နာလို/ ဖိလစ်ပိုင်နိုင်ငံ ဒုတိယနိုင်ငံခြားရေး ဝန်ကြီးဟောင်း/ ကုလသမဂ္ဂ CEDAW ကော်မတီ၏ ဥက္ကဋ္ဌဟောင်း/ လက်ရှိအဖွဲ့ဝင်)၊ အဖွဲ့ဝင်များအဖြစ် ဦးမြသိန်း (အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌဟောင်း)၊ သံအမတ်ကြီး ကင်ဇိုဆိုရှီုးမား (လူသားချင်း စာနာထောက်ထားမှု ကိစ္စရပ်များဆိုင်ရာ ကုလသမဂ္ဂ ဒုတိယအတွင်းရေးမှူးချုပ်နှင့် အရေးပေါ်ကယ်ဆယ်ရေး ညှိနှိုင်းရေးမှူးဟောင်း။ ကုလသမဂ္ဂဆိုင်ရာ ဂျပန်အမြဲတမ်းကိုယ်စားလှယ်ဟောင်းနှင့် ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်တို့ပါဝင်ပြီး ၎င်းတို့က နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ကော်မရှင်ဥက္ကဋ္ဌအနေနှင့် မြန်မာနိုင်ငံ မရောက်လာမီက ရခိုင်ပြည်နယ်အရေးကို နိုင်ငံတကာသတင်းများ၌သာ ဖတ်ရှုသိထားခဲ့ရသော်လည်း ပြည်တွင်းသို့ ရောက်ရှိပြီး နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်အပါအဝင် သက်ဆိုင်ရာ အရာရှိများနှင့် တွေ့ဆုံပြီးမှသာ ရခိုင်ပြည်နယ်ရှိ အဓိက အရေးကိစ္စအကြောင်းအရာကို သိရှိရကြောင်း ဝန်ခံပြောကြားခဲ့သည်။ 

“အဓိကအကြောင်းရင်းကိစ္စတွေကို ဒီရောက်မှပဲ သတင်းမှန်တွေကို သိရပါကြောင်း” ကော်မရှင် ဥက္ကဋ္ဌက ဆိုသည်။

S-01


  • VIA