News

POST TYPE

EDITORIAL

အခြေအနေတွေပိုကောင်းလာတော့မယ့် ဘင်္ဂါလီအရေး
14-Aug-2018
ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အဘူအာဆန် မာမွတ် အာလီဟာ မြန်မာနိုင်ငံကို လေးရက်ကြာခရီးစဉ်အဖြစ် လာရောက်ခဲ့ပြီး ဘင်္ဂါလီတွေ နေရပ်ပြန်ရေးအတွက် အရင်က သဘောတူညီချက်တွေကို အသေးစိတ်ထပ်မံဆွေးနွေးခဲ့ပါတယ်။ ဘင်္ဂါလီတွေ ဆောလျင်စွာ နေရပ်ပြန်နိုင်ရေး၊ နယ်စပ်ဒေသလုံခြုံရေးနဲ့ မူးယစ်ဆေးဝါးပြဿနာ ပူးပေါင်းဖြေရှင်းရေး စတာတွေကိုလည်း နှစ်နိုင်ငံသဘောတူခဲ့ပါတယ်။

အိန္ဒိယအစိုးရကလည်း အာသံပြည်နယ်ထဲ နေထိုင်သူတွေ နိုင်ငံသား ဟုတ်၊ မဟုတ် စာရင်းကောက်စိစစ်လိုက်ရာမှာ ဒေသခံ လေးသန်းလောက်ဟာ နိုင်ငံသားဖြစ်ကြောင်း အတည်မပြုနိုင်ဘူးလို့ ဩဂုတ်လနှောင်းပိုင်းမှာ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

ဒါ့အပြင် လူ့အခွင့်အရေးအကြီးအကဲအဖြစ် ချီလီသမ္မတဟောင်း မီရှဲဘာချလတ် (Michelle Bachelet) ကို ကုလသမဂ္ဂက ဩဂုတ် ၁၀ ရက်မှာ မဲပေးရွေးချယ်ခန့်အပ်လိုက်ပါတယ်။ သူဟာ လက်ရှိအကြီးအကဲ ဂျော်ဒန်တော်ဝင်မျိုးနွယ် အယ်ဟူစိန်ရဲ့ နေရာမှာ လာမယ့်စက်တင်ဘာ ၁ ရက်နေ့ကစလို့ လေးနှစ်ကြာ တာဝန်ထမ်းဆောင်ပါမယ်။

ဒီလို အခြေအနေအပြောင်းအလဲတွေကြောင့် မြန်မာအစိုးရ ခေါင်းခဲနေရတဲ့ ရခိုင်ပြည်နယ် ဘင်္ဂါလီအရေး ပိုမိုကောင်းမွန်လာမလား၊ ပိုဆိုးသွားမလားဆိုတာ လေ့လာကြည့်ကြပါစို့။

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး၏ ခရီးစဉ်

ဘင်္ဂါလီအရေးနဲ့ပက်သက်လာရင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ အဓိကသက်ဆိုင်သူတစ်ဦး (Stakeholder) ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ကနေ ထွက်ပြေးသွားကြပြီး အရေအတွက် သိန်းနဲ့ချီတယ်လို့ ဆိုကြတဲ့ ဘင်္ဂါလီတွေကို လက်ခံထိန်းသိမ်းစောင့်ရှောက်နေရတဲ့နိုင်ငံ ဖြစ်ပါတယ်။ ဒါကြောင့် ဘင်္ဂါလီအရေးကို မြန်မာအစိုးရက ကိုင်တွယ်ရာမှာ ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ သဘောထားက တခြားနိုင်ငံတွေ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းတွေရဲ့ သဘောထားထက်ပိုပြီး အရေးကြီးတယ်လို့ စာရေးသူယူဆပါတယ်။ ရွေးကောက်ပွဲရှုံးနိမ့်ပြီး ငွေကြေးခဝါချမှု၊ ငွေကြေးအလွဲသုံးစားမှုတွေနဲ့ တရားစွဲခံထားရတဲ့ မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်ဟာ ဘင်္ဂါလီအရေးမှာ “သခွပ်ပင်က မီးတကျီကျီ” ဆိုသလို ဟောင်ဖွာဟောင်ဖွာလုပ်ခဲ့ပါသေးတယ်။ တကယ်လို့ ဝန်ကြီးချုပ် ရှိတ်ဟာ ဆီနာရဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရကသာ နာဂျစ်ရာဇတ်လို ဟောင်ဖွာဟောင်ဖွာ လုပ်ခဲ့ရင် နိုင်ငံတကာဖိအား ပိုတိုးလာနိုင်ပါတယ်။ ဒါကြောင့် မြန်မာအစိုးရအနေနဲ့ ဘင်္ဂါဒေ့ရှ်အစိုးရနဲ့ ဆက်ဆံရေးကောင်းမွန်ဖို့ လိုအပ်ပါတယ်။ ဒီတော့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးရဲ့ ခရီးစဉ်ဟာ နှစ်နိုင်ငံချစ်ကြည်ရေးအတွက် အထောက်အကူပြုမယ်လို့ မျှော်လင့်ရပါတယ်။

နယ်စပ်ဒေသက နိုင်ငံဖြတ်ကျော် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုပြဿနာနဲ့ အစွန်းရောက်အကြမ်းဖက်သမားတွေရဲ့ လုံခြုံရေးပြဿနာကို နှစ်နိုင်ငံပူးပေါင်းဖြေရှင်းကြဖို့လည်း အခုခရီးစဉ်အတွင်းမှာ သဘောတူခဲ့ကြပါတယ်။ အာဆာသောင်းကျန်းသူအဖွဲ့ (ARSA) ဟာ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းနယ်စပ်မှာ အခြေစိုက်ပြီး ရခိုင်ပြည်နယ်ထဲမှာ တိုက်ခိုက်မှုတွေလုပ်ဖို့ ကြိုးစားနေဆဲဖြစ်တယ်လို့လည်း ယူဆရပါတယ်။ မကြာသေးခင်ရက်ပိုင်းကတောင် ကောလာဟလသတင်းတွေကြောင့် ရခိုင်ပြည်နယ်မှာ လုံခြုံရေး တိုးမြှင့်ခဲ့ရပါသေးတယ်။ ဒါကြောင့် ရခိုင်ပြည်နယ် အထူးသဖြင့် ဘူးသီးတောင်၊ ရသေ့တောင်၊ မောင်တော စတဲ့ဒေသတွေ တည်ငြိမ်အေးချမ်းဖို့ဆိုရင် မြန်မာအစိုးရအနေနဲ့ အာဆာအဖွဲ့ဝင်တွေကို ဖမ်းမိဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ အကူအညီလိုအပ်ပါတယ်။

ဒါ့အပြင် ကမ္ဘာပေါ်က လက်နက်ကိုင်အဖွဲ့အများအပြားဟာ လက်နက်အင်အားတောင့်တင်းဖို့၊ အဖွဲ့ရပ်တည်နိုင်ဖို့အတွက် မူးယစ်ဆေးဝါးကရတဲ့ဝင်ငွေကို မှီခိုရလေ့ရှိပါတယ်။ လက်ရှိမှာလည်း မြန်မာဘက်ကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကို စိတ်ကြွဆေးပြားတွေ အလုံးအရင်း တင်ပို့နေတဲ့ အနေအထားရှိပါတယ်။ ဒါကြောင့် မူးယစ်ဆေးဝါးပြဿနာကို ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ပူးပေါင်းဖြေရှင်းရေးဟာ အာဆာအဖွဲ့ကို နှိမ်နင်းရေးအတွက် အလွန်အရေးကြီးလှပါတယ်။

လူဦးရေ အဆမတန်ဖောင်းပွနေပြီး မြန်မာနိုင်ငံထက်ကို ပိုပြီးဆင်းရဲတဲ့ ဘင်္ဂလားဒေ့ရှ်ဟာ ထွက်ပြေးဘင်္ဂါလီတွေကို လက်ခံမထားဘဲ မြန်မာနိုင်ငံထဲ ပြန်ပို့ချင်ပါတယ်။ ဘင်္ဂါလီတွေဟာ သူတို့နဲ့ ဘာသာစကား၊ ကိုးကွယ်ရာ ဘာသာတူညီကြပေမယ့် အလုပ်အကိုင်ဖန်တီးမပေးနိုင်တာ၊ ထိန်းသိမ်းစောင့်ရှောက်ထားဖို့ ငွေကြေးမတတ်နိုင်တာတွေကြောင့် ပြန်ပို့ချင်တာ ဖြစ်ပါတယ်။ တကယ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ထွက်ပြေးဘင်္ဂါလီတွေ မက်လောက်တဲ့ ကမ်းလှမ်းမှုမျိုး ပေးနိုင်မယ်ဆိုရင်တော့ ဘင်္ဂါလီတွေကို ပြန်လည်လက်ခံစရာလိုမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီလိုသဘောတူညီချက်ရရှိဖို့ကတော့ တော်တော်ခက်ခဲပါလိမ့်မယ်။

မြန်မာနိုင်ငံအတွက် မဟာမိတ်ဖြစ်လာသော အိန္ဒိယ

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာသံပြည်နယ်အစိုးရဟာ သူတို့ ပြည်နယ်ထဲမှာရှိတဲ့ နိုင်ငံသားစာရင်းကို ဩဂုတ်လနှောင်းပိုင်းမှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ နိုင်ငံသားဖြစ်ကြောင်း လျှောက်ထားသူ ၃၂ ဒသမ ၉ သန်း ရှိတဲ့အနက် ၂၈ ဒသမ ၉ သန်းကိုပဲ နိုင်ငံသားအဖြစ် အတည်ပြုလို့ ရတယ်လို့ ကြေညာချက်က ဆိုပါတယ်။ ဒါကြောင့် ကျန်တဲ့လေးသန်းဟာ အိန္ဒိယနိုင်ငံသားမဟုတ်ဘူး၊ တရားမဝင်ခိုးဝင်နေထိုင်သူတွေလို့ အဓိပ္ပာယ်ပေါက်စေခဲ့ပါတယ်။

ဒါပေမဲ့ အိန္ဒိယအစိုးရကတော့ အဲဒီလူတွေဟာ လာမယ့်စက်တင်ဘာ ၃၀ ရက်နေ့အထိ နိုင်ငံသားဖြစ်ကြောင်း ခိုင်လုံတဲ့စာရွက်စာတမ်းတွေနဲ့ ထပ်မံလျှောက်ထားလို့ရမယ်၊ သတ်မှတ်ရက် မကျော်ခင်ကာလအထိ သူတို့ကို တရားမဝင်ရွှေ့ပြောင်းအခြေချသူတွေလို့ သတ်မှတ်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။ နိုင်ငံတကာဖိအားတွေ ချက်ချင်းကျရောက်မလာဖို့အတွက် အခုလို ပါးပါးနပ်နပ် စီစဉ်တာ ဖြစ်ပါတယ်။

အိန္ဒိအစိုးရတာဝန်ရှိသူတွေကတော့ အာသံပြည်နယ်ထဲမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ခိုးဝင်နေထိုင်ကြသူ သိန်းနဲ့ချီပြီး ရှိတယ်လို့ ပြောကြပါတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရကတော့ မဟုတ်ဘူးလို့ ငြင်းပါတယ်။ ဒီတော့ အိန္ဒိယနိုင်ငံဟာလည်း မြန်မာနိုင်ငံလို ဘင်္ဂါလီပြဿနာကို စတင်ရင်ဆိုင်လာရပါပြီ။ ဒါကြောင့် အိန္ဒိယဟာ မြန်မာနိုင်ငံရဲ့ မဟာမိတ်ဖြစ်လာပြီလို့ ဆိုရတာပါ။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် မြန်မာနိုင်ငံသား အများအပြားက ရခိုင်ပြည်နယ်က ဘင်္ဂါလီတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ခိုးဝင်လာသူတွေ ဖြစ်တယ်လို့ အခိုင်အမာယုံကြည်ကြပါတယ်။ အရှေ့အလယ်ပိုင်းဒေသ မွတ်ဆလင်နိုင်ငံတချို့နဲ့ အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေကတော့ ဘင်္ဂါလီတွေကို ရိုဟင်ဂျာလို့ခေါ်ပြီး သူတို့ကို မြန်မာနိုင်ငံသား ဖြစ်ခွင့်ပေးရမယ်လို့ ယူဆနေကြပါတယ်။

ဒါကြောင့် အိန္ဒိယ အာသံပြည်နယ်အစိုးရရဲ့ နိုင်ငံသားစိစစ်ရေး လုပ်ဆောင်ချက်ဟာ ဆင်းရဲတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေ အိမ်နီးချင်း နိုင်ငံတွေထဲကို ခေတ်အဆက်ဆက် ခိုးဝင်ခဲ့ကြတယ်ဆိုတဲ့ ယူဆချက်ကို ပိုမိုခိုင်မာစေပါလိမ့်မယ်။ ရိုဟင်ဂျာဆိုတဲ့အယူအဆကိုလည်း များစွာအားပျော့ သွားစေပါလိမ့်မယ်။ တကယ်လို့ ရိုဟင်ဂျာဆိုတဲ့ အယူအဆကို နိုင်ငံတကာက ဆက်လက်ကိုင်စွဲနေဦးမယ်ဆိုရင်လည်း အိန္ဒိယကပါ မြန်မာဘက်က ပါလာမှာဖြစ်တဲ့အတွက် အခြေအနေပိုကောင်းလာမယ်လို့ မျှော်လင့်ရပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေး အကြီးအကဲအသစ်

တောင်အမေရိက ချီလီနိုင်ငံရဲ့ ပထမဆုံးအမျိုးသမီးသမ္မတဖြစ်ခဲ့သလို သမ္မတသက်တမ်း နှစ်ကြိမ် ထမ်းဆောင်ခဲ့ဖူးတဲ့ မီရှဲဘာချလတ်ဟာ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးအဖြစ် လာမယ့်စက်တင်ဘာလကစလို့ လေးနှစ် တာဝန်ထမ်းဆောင်ပါတော့မယ်။ မကြာမီ ရာထူးက ဆင်းပေးရတော့မယ့် အာရပ်လူမျိုး အယ်ဟူစိန်ကတော့ ဘင်္ဂါလီအရေးနဲ့ပတ်သက်လို့ မြန်မာအစိုးရကို အပြင်းအထန်ဝေဖန်ခဲ့သူ ဖြစ်ပါတယ်။ အမေရိကန်နဲ့လည်း ဆက်ဆံရေး မပြေပြစ်ခဲ့လို့ သမ္မတဒေါ်နယ်ထရမ့်ဟာ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကနေ အမေရိကန်ကို နုတ်ထွက်စေခဲ့ပါတယ်။

မီရှဲဘာချလတ်ကတော့ စစ်အာဏာရှင်ပီနိုချက်လက်ထက် ကျောင်းသူဘဝမှာ နိုင်ငံရေးလှုပ်ရှားခဲ့လို့ ဖမ်းဆီးနှိပ်စက်ခံခဲ့ရဖူးပါတယ်။ ဒါကြောင့် စစ်အစိုးရလက်အောက်ကနေ လွတ်မြောက်ခါစ ဒီမိုကရေစီ ကူးပြောင်းနေဆဲ မြန်မာနိုင်ငံကို စာနာနားလည်ပေးနိုင်မယ်လို့ မျှော်လင့်ရပါတယ်။ တောင်အမေရိကတိုက်သားဖြစ်တဲ့အတွက်လည်း ရေနံနဲ့ သဘာဝဓာတ်ငွေ့ကြွယ်ဝတဲ့ အာရပ်မွတ်ဆလင်နိုင်ငံတွေရဲ့ ဩဇာလွှမ်းမိုးမှုကနေ ကင်းလွတ်မယ်လို့လည်း မျှော်လင့်ရပါတယ်။

တစ်မျိုးသားလုံး စုစည်းညီညွတ်ကြရမယ့် ဘင်္ဂါလီအရေး

ရခိုင်ပြည်နယ် ဘင်္ဂါလီအရေးဟာ တစ်မျိုးသားလုံး၊ တစ်နိုင်ငံလုံးနဲ့ သက်ဆိုင်တဲ့ကိစ္စဖြစ်ပါတယ်။ ဘင်္ဂါလီအရေး ပိုဆိုးလာမယ်ဆိုရင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ လျော့ကျလာမှာဖြစ်သလို ဥရောပနဲ့ အမေရိကန်က အရေးယူပိတ်ဆို့မှု (Sanctions) တွေ ချမှတ်လာရင်လည်း တုံ့နှေးနေတဲ့ စီးပွားရေးနာလန်မထူနိုင်ဘဲ ဖြစ်သွားပါလိမ့်မယ်။ ဒါကြောင့် ဒီအရေးနဲ့ပတ်သက်လို့ အစိုးရနဲ့ တပ်မတော်တာဝန်ရှိသူတွေ၊ နိုင်ငံရေးပါတီတွေ၊ မြန်မာနိုင်ငံသား မူဆလင်နဲ့ ဗုဒ္ဓဘာသာရဟန်းတော်တွေအပါအဝင် တစ်မျိုးသားလုံး ညီညီညွတ်ညွတ်နဲ့ စုပေါင်းအဖြေရှာကြပါလို့ တိုက်တွန်းလိုက်ပါတယ်။

မိုးအေး(ကျွန်းချောင်း)

www.apnews.com