News

POST TYPE

EDITORIAL

ဘတ်ဂျက်နဲ့ပြည်သူ ဘယ်သူက အရေးကြီး (Daily, Vol-6/No-105)
11-Aug-2018

မြို့တော်စည်ပင်သာယာရေးလို့ ပြောလိုက်ရင် နာမည်အရကိုက အင်မတန် ကုသိုလ်ရတဲ့အလုပ်လို့ ပြောရမယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ မြန်မာပြည်တစ်ဝန်းက မြို့တော်စည်ပင်သာယာရေးအတွက် တာဝန်ထမ်းနေတဲ့သူ ဘယ်နှယောက်များ ကုသိုလ်ရနေကြသလဲ မေးခွန်းထုတ်စရာ ကောင်းတယ်။

ရပ်ကွက်တစ်ခုကနေ မြို့တော်ကြီးတစ်ခု၊ နိုင်ငံကြီးတစ်ခုလုံးအထိ စည်ပင်သာယာလှပအောင် လုပ်ရတဲ့အလုပ်က တကယ်တော့ ကုသိုလ်လည်းရ ဝမ်းလည်းဝဆိုရင် မမှားဘူး။ ဘာသာရေးရှုထောင့်ကကြည့်ကြည့်၊ လူမှုရေးရှုထောင့်ကကြည့်ကြည့် အင်မတန် ကုသိုလ်ရတဲ့အလုပ်လို့ ဆိုရမယ်။ သိကြားမင်းဖြစ်မယ့် အလုပ်မျိုးလို့တောင် တင်စားပြောရမလားပဲ။

လက်တွေ့ကြည့်ရင်လည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက မြို့တော်ဝန် အပါအဝင် ကော်မတီဝင်တွေ၊ ဌာနမှူးတွေ၊ အရာရှိ၊ အရာထမ်းတွေက တခြားဌာနဆိုင်ရာ ဝန်ထမ်းအများစုထက် အဆင်ပြေနေကြတာ တွေ့ရတယ်။ တခြားဘက်မှာတော့ ရန်ကုန်မြို့တော်နဲ့ မြို့တော်နေ ပြည်သူတွေက ကြားက ဓားစာခံ ဖြစ်နေသလားဆိုတဲ့ ဝေဖန်စောကြောမှုတွေ ရှိနေတာပဲ။

တကယ်တော့ ရန်ကုန်မြို့တော်စည်ပင်က အရင်အစိုးရလက်ထက် အမိန့်ပေး၊ အမိန့်ခံပဲသိတဲ့သူတွေ ဦးဆောင်စဉ်ကထက်တော့ သိသိသာသာ အလုပ်ပိုလုပ်လာတာ တွေ့ရတယ်။ ဒါပေမဲ့ လုပ်တာကိုင်တာတွေက ခေါက်ရိုးကျိုး၊ ခေတ်နောက်ကျနေတဲ့အတွက် အဆင်မချောတာတွေကြောင့် ပြည်သူအတွက် ပေးကားပေး၊ မရဆိုသလို ဖြစ်နေတယ်။

စမ်းချောင်းမြို့နယ်၊ ဗဟိုလမ်းကို ကွန်ကရစ်ခင်းတော့ လမ်းအောက်ခြေကိုမတူးဘဲ လမ်းဟောင်းပေါ်ကိုပဲ နှစ်ပေနီးနီးလောက် ကွန်ကရစ်ထုတင်ခင်းလိုက်တော့ ရေမြောင်းနဲ့ လမ်းက လမ်းဘေးတစ်ဖက်တစ်ချက်က အိမ်တွေရဲ့အပေါ် ရောက်သွားတာကတော့ အခုရက်ပိုင်းအတွင်း လူပြော အများဆုံး မြို့တော်စည်ပင်ရဲ့ ကမောက်ကမ ဖြစ်ရပ်ပေါ့။

လမ်းဟောင်းအောက်ခြေကိုတူးဖော်ဖို့ ဘတ်ဂျက်မလုံလောက်လို့ဆိုတဲ့ အကြောင်းပြချက်က တော်တော် တာဝန်မဲ့နေပေမယ့် အဲဒါကို လက်ခံနားလည်ပေးတဲ့ အုပ်ချုပ်ရေးနဲ့ လွှတ်တော် တာဝန်ရှိသူတွေရဲ့ တာဝန်သိ၊ တာဝန်ခံ၊ တာဝန်ယူမှုကတော့ အတော်ကို နားမလည်နိုင်စရာ ဖြစ်သွားတယ်။

အဲလိုခပ်လွယ်လွယ်၊ ခပ်ပေါ့ပေါ့ ပြောလိုက်တဲ့စကားနဲ့ လမ်းဘေးတစ်ဖက် တစ်ချက်မှာရှိတဲ့ ပြည်သူတွေကို မတိုင်ပင်၊ မဆွေးနွေး၊ မညှိနှိုင်း၊ မရှင်းပြဘဲ အရင် အာဏာရှင်ခေတ်က လုပ်နည်းလုပ်ဟန်အတိုင်းပဲ စည်ပင်က အာဏာပိုင်လိုလုပ်ပြီး ဒီလိုလုပ်လိုက်တာ မျှတမှုရှိရဲ့လား၊ ကိုယ်ချင်းစာတရားရှိရဲ့လား၊ လူကြီးလူကောင်းဆန်ရဲ့လား၊ ဒီမိုကရေစီနည်းကျရဲ့လားလို့မေးရင် ဘယ်လို ဖြေကြမလဲ။

မြို့တော်စည်ပင်ရဲ့အလုပ်က ဘယ်သူ့အတွက်လဲ။ ဘတ်ဂျက်ကို အဓိက ထားပြီး အလုပ်လုပ်တာလား၊ အလုပ်ကိုမူတည်ပြီး ဘတ်ဂျက်ဆွဲတာလား၊ ဘတ်ဂျက်မလောက်ရင် လောက်တဲ့အချိန်မှ လုပ်လို့မရဘူးလား၊ မြို့တော်စည်ပင်နဲ့ စည်ပင်အရာထမ်း၊ ဝန်ထမ်းတွေဆိုတာ ဘယ်သူ့အကျိုးအတွက် ထူထောင်၊ ခန့်ထား၊ တာဝန်ပေးထားတာလဲဆိုတဲ့ မေးခွန်းတွေ မေးကြည့်၊ ဖြေကြည့်လိုက်ရင် သိပ်ရှင်းသွားမယ်။

တကယ်ဆို ဒီကိစ္စမျိုးဖြစ်လာရင် သက်ဆိုင်ရာလမ်းသူ၊ လမ်းသား၊ ရပ်မိ၊ ရပ်ဖနဲ့ ညှိနှိုင်း၊ သက်ဆိုင်ရာဌာနမှူး၊ မြို့တော်ဝန်နဲ့ အစိုးရအဖွဲ့ကတစ်ဆင့် လွှတ်တော်ကိုတင်ပြပြီး ပြည်သူမနစ်နာအောင် ဝိုင်းအဖြေရှာသင့်တာပေါ့။ ဘတ်ဂျက်မရှိဘူးဆိုတဲ့ တစ်ခွန်းတည်းနဲ့ အဲဒီလမ်းထဲကလူတွေ မိုးရာသီရောက်တိုင်း ဒုက္ခခံရမှာမျိုးက လူ့အခွင့်အရေးကို လေးစားတန်ဖိုးထားတဲ့၊ ယဉ်ကျေးပြီး တရားမျှတတဲ့ လူ့ဘောင်အဖွဲ့အစည်းရဲ့ ဂုဏ်အင်္ဂါတွေနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတယ်။ အဲဒီအတွက် လမ်းထဲက ပြည်သူတွေ မနစ်နာအောင် တတ်နိုင်သမျှ နှစ်ဖက်အဆင်ပြေစေနိုင်မယ့် နည်းလမ်း အမြန်ရှာပေးကြဖို့ တိုက်တွန်းလိုရင်းပါ။ 

အယ်ဒီတာ (၁၁-၈-၂၀၁၈)