News

POST TYPE

EDITORIAL

ဘင်္ဂလားဒေ့ရှ်သို့ ချင်း တင်ပို့မှုမြင့်တက်
10-Aug-2018
စစ်တွေ၊ ဩဂုတ် ၉

မောင်တောမြို့ နယ်စပ်ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ချင်းတင်ပို့မှုမှာ ဇူလိုင်လမှစ၍ မြင့်တက်လျက်ရှိကြောင်း ယင်းကုန်သွယ်ရေးစခန်းမှ ဒုတိယဥက္ကဋ္ဌ ဦးအောင်စံသိန်းက ဆိုသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဇွန်လတွင် ချင်းတင်ပို့မှုမှာ ၁၆၀,၀၀၀ ကီလို (မက်ထရစ်တန်၁၆၀ တန်) ကျော်တင်ပို့ခဲ့ပြီး ဇူလိုင်လတွင် ချင်း ၈၉၅,၀၀၀ ကီလို (မက်ထရစ်တန် ၈၉၅ တန်) တင်ပို့ခဲ့ကြောင်း၊ ယင်းအပြင် ရေချိုငါးနှင့် တညင်းသီးများကိုလည်း တင်ပို့လျက်ရှိပြီး တင်ပို့မှုတိုးလာနိုင်ကြောင်း ယင်းစခန်းထံမှသိရသည်။ 

အဆိုပါ နယ်စပ်ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကုန်ပစ္စည်းများတင်ပို့ရာ ဧပြီလနှင့်မေလအတွင်း အမေရိကန်ဒေါ်လာ သိန်း ၃၀ ခန့်ရရှိခဲ့ပြီး ဇွန်လတွင် အမေရိကန်ဒေါ်လာ ၅ သိန်းကျော်၊ ဇူလိုင်လတွင် အမေရိကန်ဒေါ်လာ ၈သိန်းကျော် ရရှိခဲ့ကြောင်း မောင်တောကုန်သွယ်ရေးစခန်း ဒုတိယဥက္ကဋ္ဌ ဦးအောင်စံသိန်းက ပြောသည်။ 

“ပွင့်လင်းရာသီရောက်လာရင် ကုန် သွယ်မှုပိုမြင့်လာမယ်၊ အဲဒီခါကျတော့ ငါးခြောက်တွေလည်း များများတင်ပို့နိုင်မယ်”ဟု ၎င်းက ဆိုသည်။

၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၁၄ သန်းကျော် ကုန်ပစ္စည်းတင်ပို့နိုင်ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။ 

R-22



  • VIA