News

POST TYPE

EDITORIAL

အချုပ်ခန်းများကို အကြံပြုချက်အတိုင်း ပြင်ဆင်လျက်ရှိဟု လူ့အခွင့်အရေးကော်မရှင်ပြော
09-Aug-2018
ရန်ကုန်၊ ဩဂုတ် ၉

မြန်မာနိုင်ငံအနှံ့ရှိ ရဲအချုပ်ခန်း ငါးရာကျော်အနက် အချုပ်ခန်းပေါင်း လေးရာကျော်၏ဝင်ပေါက်ကို ခြောက်ပေအမြင့် ထားရှိကာ အချုပ်သား ၄၀ ဆံ့အထိ ပြည်ထဲရေးဝန်ကြီးဌာနက တိုးချဲ့ပြင်ဆင်ထားသည်ကို စစ်ဆေးတွေ့ရှိရကြောင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောကြားသည်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ အကြံပြုချက်ဖြင့် ပြည်ထဲရေးဝန်ကြီးဌာနက ယခင်နှစ်မေလမှစတင်ကာ ပြည်နယ်နှင့်တိုင်းအလိုက် ရဲအချုပ်ခန်းများကို တိုးချဲ့ပြင်ဆင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ကိုးဆယ်ရာခိုင်နှုန်းကျော် ပြီးစီးနေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ရဲအချုပ်ခန်းတွေက ကျယ်ကျယ်ပြန့်ပြန့် ဖြစ်သွားပြီ။ အရင်လို လေးဖက် ထောက် ဝင်ရတာမျိုး မဟုတ်တော့ဘူး။ အချုပ်ခန်းဝင်ပေါက်အားလုံးက ခြောက်ပေတွေဖြစ်ကုန်ပြီ။ တရားရုံးအချုပ်ခန်းတွေမှာတော့ လေးဖက်ထောက်ဝင်ရတဲ့ အချုပ်ခန်းတွေ ကျန်သေးတာပေါ့”ဟု ၎င်းကဆိုသည်။

ယခင်က ပြည်ထဲရေးဝန်ကြီးဌာန၏ သတ်မှတ်ချက်အရ မြို့နယ်အဆင့် အချုပ်ခန်းတစ်ခုလျှင် အလျား ၁၆ ပေနှင့် အနံ ၁၂ ခန့်သာ ကျယ်ဝန်းပြီး အချုပ်သားဦးရေ ၃၀ ထက် ပိုမိုထားရှိရန် မလွယ်ကူခြင်းကြောင့် အချုပ်သား ၄၀ ဦးအထိ ထားရှိနိုင်မည့် အချုပ်ခန်းပုံစံများ ဖော်ဆောင်ရန်အကြံပြုခဲ့ကြောင်း မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က ၂၀၁၇ ခုနှစ်က The Voice Daily သို့ ပြောကြားထားသည်။

“အချုပ်သားက နှစ်ပေခွဲလောက်ရှိတဲ့ မလွယ်ပေါက်ကို တိုးဝင်နေရတယ်။ လူမြင်လို့ မကောင်းလှဘူး။ လူ့အခွင့်အရေးနဲ့အညီ ပြင်ဆင်လာတာတော့ ကောင်းပါတယ်”ဟု တရားလွှတ်တော်ရှေ့နေ ဦးစန်းအေးက မှတ်ချက်ပြုသည်။

နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် ပြည်နယ်နှင့်တိုင်း ၁၄ ခု၌ ရဲစခန်းနှင့် တရားရုံးအချုပ်ခန်းပေါင်း ၉၀၀ ကျော်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှတ်တမ်းများအရ သိရသည်။

မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်သည် နိုင်ငံအနှံ့ရှိ အကျဉ်းထောင်၊ ရဲဘက်စခန်း၊ ကုန်ထုတ်စခန်း၊ ရဲစခန်းနှင့် တရားရုံးအချုပ်ခန်းများ၌ အကျဉ်းသားနှင့် အချုပ်သားအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှု ရှိ၊ မရှိ ဝင်ရောက်စစ်ဆေး၍ တွေ့ရှိချက်များကို ပြည်ထဲရေးဝန်ကြီးဌာနသို့ တိုက်ရိုက် အကြံပြုနေခြင်းဖြစ်သည်။

J-17