News

POST TYPE

EDITORIAL

ငွေစုဘဏ်အပ်ငွေနှင့် ပုံသေအပ်ငွေများကို အတိုးနှုန်း လျှော့ချရန် မရှိဟုဆို
04-Oct-2016 tagged as ဘဏ်

ရန်ကုန်၊ အောက်တိုဘာ  ၃

နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင်ဘဏ်များ အားလုံးမှ ငွေစုဘဏ်အပ်ငွေ စာရင်းနှင့် ပုံသေအပ်ငွေ စာရင်းများအပေါ် ဘဏ်များက ပေးသည့် အတိုးနှုန်းကို ပြောင်းလဲရန် (လျှော့ချရန်) အစီအစဉ် လုံးဝမရှိကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်ထံမှ သိရသည်။

ငွေစုဘဏ်အပ်ငွေ စာရင်းနှင့် ပုံသေအပ်ငွေ စာရင်းများအပေါ် ဘဏ်များက ပေးသည့် အတိုးနှုန်းများကို ဗဟိုဘဏ်က သတ်မှတ်ပေးထားသော်လည်း Call Deposits (ခေါ်ယူအပ်ငွေ) အတိုးနှုန်းများကို သတ်မှတ်ထားခြင်း မရှိသဖြင့် ပုဂ္ဂလိကဘဏ်အချို့က ခေါ်ယူအပ်ငွေစာရင်း (Call Deposits) အပေါ်ပေးသည့် အတိုးနှုန်းကို အနည်းငယ် လျှော့ချခဲ့ရာမှ ငွေအပ်သူများက အတိုးနှုန်း မပြောင်းလဲသည့် ငွေစုဘဏ်အပ်ငွေ စာရင်းသို့သာ ပြောင်းလဲအပ်နှံမှု ပြုကြပြီး ငွေပြန်လည်ထုတ်ယူခြင်း အများအပြား မရှိကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်ထံမှ သိရသည်။

ဘဏ်များတွင် ပြည်သူများက လာရောက်အပ်နှံငွေ (Deposits) များအနက် ငွေစုဘဏ်အပ်ငွေစာရင်း (Saving deposits) နှင့် ပုံသေအပ်နှံငွေစာရင်း (Fixed deposits) တို့၏ ပမာဏမှာ ဘဏ်များ အားလုံးရှိ စုစုပေါင်း အပ်နှံငွေ၏ ၈၀ ရာခိုင်နှုန်းနီးပါး ရှိပြီး အတိုးပေးခြင်း မရှိသော စာရင်းရှင်အပ်ငွေ (Current Deposits) ပမာဏမှာ ၁၃ ရာခိုင်နှုန်းခန့် ရှိကြောင်း ဗဟိုဘဏ်၏ ထုတ်ပြန်ချက်များအရ သိရသည်။

ခေါ်ယူအပ်ငွေ စာရင်းနှင့် စာရင်းသေ အပ်ငွေများ၏ ဘဏ်အတိုးနှုန်း လျှော့ခြင်းကြောင့် သာမန်ပြည်သူများက ၎င်းတို့၏ အပ်နှံငွေများကို ပြန်လည်ထုတ်ယူပြီး ဒေါ်လာများ ဝယ်ယူစုဆောင်းခြင်းကြောင့် ဒေါ်လာဈေး မြင့်တက်သည်ဟု သတင်းများ ထွက်ပေါ်နေခြင်းမှာ မဟုတ်မှန်ဘဲ ဒေါ်လာဈေး ကစားသည့် သူများကိုလည်း သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဆက်လက်အရေးယူသွားမည်ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သတင်းထုတ်ပြန်သည်။

“Call Deposits ကို တစ်ဘဏ်နဲ့ တစ်ဘဏ်ပေးတဲ့ အတိုးနှုန်း မတူကြပါဘူး၊ တချို့သိန်းတစ်ရာ အထက်ကို ၈ ရာခိုင်နှုန်းပေးတယ်၊ သိန်းတစ်ရာအောက်ကို မပေးဘူး၊ တချို့ဘဏ်တွေက သိန်းတစ်ရာအထက်ကို ၆ ရာခိုင်နှုန်း၊ တစ်ရာအောက်ကို ၄ ရာခိုင်နှုန်းပေးတယ်” ဟု ဧရာဝတီဘဏ်မှ အရာထမ်းတစ်ဦးက  ပြောကြားသည်။