News

POST TYPE

EDITORIAL

လမ်းမှားရောက် လူငယ်များကို အလျင်အမြန် ကယ်တင်ပါ (Daily, Vol-4/No-151)
03-Oct-2016
မြန်မာနိုင်ငံတွင် ယခုနောက်ပိုင်း ဖြစ်ပွားသော အမှုအခင်းများကို လေ့လာ ကြည့်သောအခါ ဆယ်ကျော်သက်၊ နှစ်ဆယ်စွန်း လူငယ်များ ပြစ်မှု ကျူးလွန်မှုနှုန်း အထူး မြင့်တက်နေခြင်းကို အံ့အားသင့်ဖွယ် ထိတ်လန့်ဖွယ် သတိပြုမိသည်။

ယခင်က ဖုန်းနှင့် ပိုက်ဆံအိတ်တို့ကို အလစ် သုတ်ပြေး၊ လုပြေးသော သာမန် လုယက်မှုမျိုးသာ အတွေ့ရ များသော်လည်း ယခု နောက်ပိုင်းတွင် ဓားပြတိုက်သည့် အဆင့်မျိုး၊ ရိုက်ပုတ် နှိပ်စက်သည့် အဆင့်မျိုးအထိ ရောက်ရှိလာခြင်းမှာမူ များစွာ စိုးရိမ် ပူပန်ဖွယ်ရာ ဖြစ်ပေသည်။

ပြစ်မှု ကျူးလွန်သူများကို လေ့လာကြည့်သောအခါ မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေ အရပ်ရပ်နှင့် ပြစ်မှု ကျူးလွန်ရန် စေ့ဆော်ပေးသော အကြောင်းအရင်းများအရ အကြမ်းအားဖြင့် အုပ်စု လေးစု တွေ့ရသည်။ 

ပထမအုပ်စုမှာ မူလကပင် ပတ်ဝန်းကျင်ဆိုး၌ ကြီးပြင်းလာကာ လမ်းပေါ်တွင် ကျင်လည် နေကြပြီး ဒုစရိုက်မှုများနှင့် ယဉ်ပါးနေသော အုပ်စုဖြစ်သည်။

ဒုတိယ အုပ်စုမှာ ပညာကောင်းစွာ မသင်ကြားခဲ့ရဘဲ ပင်ပန်း ဆင်းရဲစွာ ရုန်းကန်ရင်း အခန့် မသင့်ချိန်တွင် စိတ်ရိုင်းဝင် ကျူးလွန်ကြသော အုပ်စုဖြစ်သည်။

တတိယအုပ်စုမှာမူ သင့်တင့်လျောက်ပတ်သော ပညာသင်ကြားမှု ရှိနေလင့်ကစား ခေတ်ပေါ် အသုံးအဆောင်များကို ဝယ်ယူ သုံးစွဲလိုကြခြင်းကြောင့် ဖြတ်လမ်းနည်းဖြင့် ကျူးလွန်ကြသော အုပ်စု ဖြစ်သည်။

စတုတ္ထအုပ်စုမှာမူ အလုပ်အကိုင် မရှိ၊ ပေါ့ပေါ့နေ၊ ပေါ့ပေါ့စား ဘဝဖြင့် မူးယစ်ဆေးဝါး၏ သားကောင်များ ဖြစ်ပြီး နေ့စဉ် မှီဝဲသော ဆေးဖိုး လိုအပ်ချိန်တိုင်း ကျူးလွန်တတ်သော အုပ်စုဖြစ်သည်။

ပထမ အုပ်စုနှင့် စတုတ္ထ အုပ်စုမှာ ဒုစရိုက်မှုကို ထမင်းစား ရေသောက် သဘောမျိုး  ယဉ်ပါးနေသူများ၊ မူးယစ်ဆေးကြောင့် ပုံမှန် အသိစိတ် ပျောက်ကာ လက်ရဲဇက်ရဲ ဖြစ်နေသူများ ဖြစ်သည့်အတွက် ယင်းအုပ်စု နှစ်စုက ပြစ်မှု ကျူးလွန်မှုနှုန်း ပိုများသော အုပ်စုများ ဖြစ်သည်။

ဒုတိယနှင့် တတိယ အုပ်စုမှာမူ အခြေအနေ တစ်ခုက တွန်းပို့လိုက်ခြင်းကြောင့် ကျူးလွန်သူများ ဖြစ်သည့်အတွက် ပထမနှင့် စတုတ္ထ အုပ်စုများထက် ပြစ်မှုကျူးလွန်မှုနှုန်း နည်းပါး နိုင်သော်လည်း တစ်ခါတစ်ရံ လောဘ တွန်းအားကြောင့် ပြစ်မှုကြီးများ ရုတ်တရက် ကျူးလွန်နိုင်သည့် အန္တရာယ် ရှိပေသည်။

မည်သည့်အုပ်စုဝင် လူငယ်ဖြစ်စေ အသက်အရွယ်အရ စာသင်ကျောင်း၊ တက္ကသိုလ်၊ ကောလိပ်နှင့် အသက် မွေးဝမ်းကျောင်း အတတ်ပညာသင် ကျောင်းများတွင် ရှိနေရမည့် အသက် အုပ်စုဝင် လူငယ်များ ပြစ်မှု ကျူးလွန်မှုနှုန်း မြင့်မားလာခြင်းမှာ ဒီမိုကရေစီ အသွင်ပြောင်းစ နိုင်ငံတစ်ခုအတွက် ကောင်းသည့် လက္ခဏာ မဟုတ်ပေ။

အထူးသဖြင့် လူငယ်များ၏ ပတ်ဝန်းကျင်တွင် စံပြုအပ်သော ပုဂ္ဂိုလ်များ နည်းပါးလာခြင်း၊ ကျင့်ဝတ်နီတိ ပါဝင်သော စံမီ ပညာရေးမျိုးဖြင့် ထိတွေ့မှု မရှိတော့ခြင်း၊ နိုင်ငံ၏ စီးပွားရေး ဆုတ်ယုတ် ကျဆင်းနေခြင်း၊ ဆင်းရဲချမ်းသာ ကွာဟမှု ခြောက်ကမ်းပါး ပို၍ ကျယ်ပြော နက်ရှိုင်းလာခြင်း၊ မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှု၊ သုံးစွဲမှု ကျယ်ပြန့်နေခြင်း၊ တရားဥပဒေ စိုးမိုးမှု မရှိခြင်းကဲ့သို့ အကြောင်းတရားများက လူငယ်များကို လမ်းမှား ရောက်စေသည်။

မည်သို့ပင်ဖြစ်စေ ယင်းအခြေအနေကို ပေါ့ပေါ့ မတွေးသင့်ဘဲ အမျိုးသားရေး ပြဿနာ တစ်ရပ်အဖြစ် ရှုမြင်ကာ ပြဿနာ ဖြစ်ပေါ်စေသော အကြောင်းအရင်းများကို ဖော်ထုတ်ခြင်း၊ ရေရှည်၊ ရေတိုအတွက် မဟာဗျူဟာ၊ နည်းဗျူဟာများ ချမှတ်ခြင်း၊ စီမံချက်များ ရေးဆွဲခြင်းတို့ဖြင့် အလျင်အမြန် ကုစား ဖြေရှင်းသင့်ပြီ ဖြစ်ကြောင်း တိုက်တွန်းနှိုးဆော် အပ်ပေသည်။

အယ်ဒီတာ (၃-၁ဝ-၂ဝ၁၆)


  • VIA