News

POST TYPE

EDITORIAL

တပ်မတော်က ကလေးစစ်သား မှားယွင်း စုဆောင်းမိခြင်းသာ ဖြစ်ဟု ရန်ကုန် နယ်လုံဝန်ကြီး ပြောကြား
03-Oct-2016

ရန်ကုန်၊ အောက်တိုဘာ ၃

တပ်မတော်က ကလေးစစ်သားများ စုဆောင်းခဲ့မှု ရှိပါက ယင်းသည် မှားယွင်း စုဆောင်းမှု တစ်ခုသာဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက အောက်တိုဘာလ ၃ ရက်နေ့တွင် ပြောကြားသည်။

အောက်တိုဘာလ ၃ ရက်နေ့က ကျင်းပသော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ် ဦးရွှေရင် ခေါ် ဦးထွန်းရင်က ကလေးစစ်သား လျော့နည်းသွားမှု အခြေအနေကို သိရှိလိုကြောင်း မေးခွန်းကို မေးမြန်းရာတွင် ၎င်းက အထက်ပါအတိုင်း ထည့်သွင်း ဖြေကြားခဲ့သည်။

အသက် ၁၈ နှစ် မပြည့်သေးသည့် ကလေး စစ်သားများ မှားယွင်း စုဆောင်းမိပါက တပ်မတော်တွင် ပြင်းပြင်းထန်ထန် အရေးယူပြီး မည်သူကမှ ရွေးချယ် စုဆောင်းခြင်း မဟုတ်ကြောင်း ဗိုလ်မှူးကြီး တင်အောင်ထွန်းက တိုင်းဒေသကြီး လွှတ်တော်တွင် ပြောကြားသည်။

“ကလေးစစ်သား ဆိုတာက အကြောင်း အမျိုးမျိုးကြောင့် မှားယွင်း စုဆောင်းတာပဲ ဖြစ်တာပါ။ ဘယ်သူကမှ အရာရှိ အခြားအဆင့်တွေ အားလုံး အသက် ၁၈ နှစ် မပြည့်သေးရင် မစုပါဘူး၊ စုမိရင် အရေး ယူခံရပါတယ်”ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် တပ်မတော်မှ ကလေး စစ်သား မှားယွင်း စုဆောင်းမှုများအပေါ် အရေးယူ ဆောင်ရွက်နေပြီး ၂ဝ၁၆ သြဂုတ်လအထိ အရာရှိ ၈၁ ဦး၊ အခြားအဆင့် ၄ဝ၂ ဦး၊ စုစုပေါင်း ၄၈၃ ဦးကို စစ်စည်းကမ်းနှင့်အညီ အရေးယူ ဆောင်ရွက်ခဲ့ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ကလေးစစ်သား နုတ်ထွက်ခွင့်ကို ၂ဝ၁၂ ခုနှစ်မှ စတင် ပြုလုပ်ခဲ့ပြီး ၂ဝ၁၆ ခုနှစ်အထိ ကလေးစစ်သား ရှစ်ရာကျော် နုတ်ထွက်ခွင့် ပြု၍ မိဘ အုပ်ထိန်းသူထံ ပြန်လည် အပ်နှံထားကြောင်း တပ်မတော်၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံသည် ၂ဝ၂ဝ ဇွန်လတွင် ကုလသမဂ္ဂနှင့် ပူးပေါင်း၍ ကလေး စစ်သား အသုံးပြုမှု ရပ်တန့်နိုင်ရန် ပူးပေါင်း ဆောင်ရွက်ရေး (Joint Action Plan) ကို လက်မှတ် ရေးထိုးပြီး ကလေးစစ်သားများကို  ပြန်နုတ်ထွက်ခွင့် ပေးလျက် ရှိနေသည်။

မြန်မာနိုင်ငံတွင် ကလေးသူငယ် ၄ ဒသမ ၄ သန်းခန့်သည် ပညာရေးနှင့် ကင်းကွာ၍ အရွယ် မတိုင်မီ လုပ်ငန်းခွင်များ ဝင်ရောက် နေရကြောင်း ကုလသမဂ္ဂ ကလေးများဆိုင်ရာ ရန်ပုံငွေအဖွဲ့ (UNICEF) ၏ စစ်တမ်းတစ်ခုအရ သိရသည်။



  • VIA