News

POST TYPE

EDITORIAL

အပေါစား နိုင်ငံခြားသားများ၏ အန္တရာယ် (Daily, Vol-6/No-94)
အရာများစွာ အခြားနိုင်ငံများထက် နောက်ကျကျန်ရစ်ခဲ့သော မြန်မာနိုင်ငံအဖို့ ရင်ဆိုင်နေရသည့် စိန်ခေါ်မှု အခက်အခဲ များစွာရှိနေသည့်အနက် ဂရုစိုက်စရာ မရှိလောက်သည့် နိုင်ငံတစ်ခုပမာ အတတ်ပညာ၊ အသိပညာ အဆင့်အတန်း နိမ့်ပါးသော ပညာရှင်၊ ကျွမ်းကျင်သူ အမည်ခံ နိုင်ငံခြားသားများ ဝင်ရောက်နေခြင်းဖြစ်သည်။

အာဏာရှင်အစိုးရအဆက်ဆက် နိုင်ငံခြားသား (အထူးသဖြင့်) အနောက်တိုင်းသားကြောက်ရောဂါရှိခဲ့သောကြောင့် ကုလလက်အောက်ခံ အဖွဲ့အစည်းအားလုံးနီးပါး၏ ဌာနေကိုယ်စားလှယ်များကိုလည်း အနောက်တိုင်းသားများထက် အရှေ့တိုင်းသားများကိုသာ အစိုးရက ကြည်ဖြူစွာ လက်ခံပေးသည်အထိ အကြောက်ကြီးခဲ့သည်။

အကျိုးဆက်မှာ မိမိတို့နိုင်ငံနှင့် ပိန်မသာ လိမ်မသာနိုင်ငံအချို့မှ ဌာနေကိုယ်စားလှယ်များသာ ရောက်ရှိလာသည့်အပြင် နိုင်ငံသားဝန်ထမ်းအချို့၏ အလွဲသင်ပြမှုကြောင့် အလွန်အကျွံ အသုံးစရိတ် ချွေတာမှု၊ အရည်အချင်းအရမဟုတ်ဘဲ နီးစပ်ရာလူများကိုသာ အလုပ်ခန့်ထားမှု၊ စီမံချက်များကို ရုံးအသုံးစရိတ် ပိုထွက်စေရန် တွက်ချက်မှုကဲ့သို့ အာဏာရှင်နိုင်ငံများ၏ ဓလေ့စရိုက်များနှင့် ဆင်တူယိုးမှား စီမံခန့်ခွဲမှုပုံစံများဖြစ်ကြသည်။

တံခါးပိတ်နေလာခဲ့သည်မှာ နှစ်များစွာကြာခဲ့ပြီး အသွင်ကူးပြောင်းစ သို့မဟုတ် တံခါးပြန်ဖွင့်စ မြန်မာနိုင်ငံကဲ့သို့ နိုင်ငံမျိုးတွင် အစိုးရမဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်း အများစုက ဈေးကွက်တစ်ခုသဖွယ် သဘောထားကာ သက်ဆိုင်ရာနိုင်ငံများတွင် အရည်အချင်းနည်းပါးသော (ဝါ) ရွက်ကြမ်းရေကျို အဆင့်သာရှိသူများက ရာထူးကြီးကြီးဖြင့် လာရောက်ဦးဆောင်၊ လုပ်ကိုင်လေ့ရှိသည်။

ရန်ကုန်မြို့လယ်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်ရှိ အထင်ကရ သမိုင်းဝင် အထိမ်းအမှတ်စာရင်းဝင် မြန်မာ့မီးရထား ရုံးချုပ်အဆောက်အအုံဟောင်းကို ပြန်လည်ပြင်ဆင်ရာတွင်လည်း အငြင်းပွားဖွယ် အင်ဂျင်နီယာ အတတ်ပညာမျိုးရှိသူ နိုင်ငံခြားသားအချို့၏ စီမံခန့်ခွဲမှု ညံ့ဖျင်းပေါ့ဆမှုကြောင့် အဖိုးတန် နံရံတစ်စိတ်တစ်ပိုင်း ပြိုကျပျက်စီးသွားခဲ့ခြင်းက အနီးစပ်ဆုံး သာဓကဖြစ်သည်။

ဆောက်လုပ်ရေး လုပ်ငန်းကဲ့သို့ နယ်ပယ်မျိုးတွင် အရည်အချင်း နည်းပါးသူ သို့မဟုတ် အင်ဂျင်နီယာဘွဲ့ရမထားသူ သို့မဟုတ် ကျွမ်းကျင်အဆင့်ရှိကြောင်း နိုင်ငံတကာ အသိအမှတ်ပြုလက်မှတ် ရရှိမထားသူများ ဝင်ရောက် စီမံခန့်ခွဲ ကြီးကြပ်နေခြင်းကြောင့် အဆောက်အအုံနှင့် ပတ်သက်ဆက်နွှယ်နေသူ လူနည်းစုကိုသာ အကျိုးသက်ရောက်မှုရှိနိုင်သည်။

ပညာရေးဝန်ဆောင်မှု ခေါင်းစဉ်အောက်ရှိ နိုင်ငံတကာ ပုဂ္ဂလိကကျောင်းများ၊ ဘွဲ့လွန်သင်တန်းများတွင် အရည်အချင်းနိမ့်ပါးသူ၊ ကျွမ်းကျင်အဆင့်၊ ဆရာဖြစ် အသိအမှတ်ပြု လက်မှတ်မရှိသူ၊ အနောက်တိုင်းသားဖြစ်ပြီးရော ပေါပေါပဲပဲ နိုင်ငံခြားသားများ ဝင်ရောက်နေရာယူမှု များပြားနေပါက နိုင်ငံ၏ပုဂ္ဂလိက ပညာရေးလောကအတွက် အထူးအန္တရာယ်ရှိလှသည်။

စင်စစ်အားဖြင့် မြန်မာနိုင်ငံရှိ နယ်ပယ်စုံသို့ ထိုကဲ့သို့ အရည်အချင်း ဟုတ်ဟုတ်ညားညား မရှိသူ အပေါစား နိုင်ငံခြားသားများ အဆီးအတားမရှိ ဝင်ရောက်နေခြင်းသည် သက်ဆိုင်ရာ အစိုးရဌာနအသီးသီး၏ ပေါ့ဆမှုနှင့် ၎င်းတို့နှင့်သက်ဆိုင်သော နိုင်ငံတော် စံချိန်စံညွှန်းများမရှိခြင်း၊ ရှိလျှင်လည်း တိုက်ဆိုင်စစ်ဆေးကာ စိစစ်ခွင့်ပြုမှု လုပ်ငန်းစဉ်မရှိခြင်း၊ ရှိနေသော နိုင်ငံခြားသားများ၏ လုပ်ခလစာငွေအပေါ်မှ အခွန်စည်းကြပ်နိုင်ခြင်း မရှိခြင်းကဲ့သို့ အားနည်းချက်များ ရှိနေသောကြောင့်ဖြစ်သည်။

နိုင်ငံတကာ လူလိမ်ရိုက်စားများ၊ ဘဏ်အကောင့်ဟက်၍ ငွေလိမ်ထုတ်သူများ၊ သက်ဆိုင်ရာ မိခင်နိုင်ငံများတွင် လက်သမားအဆင့်၊ အောက်ခြေသိမ်း အလုပ်သမားအဆင့်များက အဆင့်မြင်ရာထူးများဖြင့် လစာငွေ ထောင်သောင်းချီ ရယူနေခြင်းတို့မှာ မြန်မာနိုင်ငံနှင့် နိုင်ငံသားများကို နိုင်ငံတကာက တောသားများအဖြစ် ရှုမြင်ကာ အရပ်အခေါ် အချဉ်ဖမ်းနေခြင်းများကို စံချိန်စံညွှန်းသတ်မှတ်ချက်များ၊ စည်းမျဉ်း၊ စည်းကမ်းဥပဒေများဖြင့် အချိန်မီ ထိန်းသိမ်းကြပ်မတ်ပါမည့်အကြောင်း တိုက်တွန်းနှိုးဆော်လိုရင်းဖြစ်သည်။

အယ်ဒီတာ (၂၉-၇-၂၀၁၈)