News

POST TYPE

EDITORIAL

ဒီမိုကရေစီ၏ အခြေခံစနစ်ကို ပြက်ရယ်ပြုခြင်းလော(Daily,Vol-4/No-150)
02-Oct-2016
ဥပဒေပြု လွှတ်တော် အရပ်ရပ်၏ သက်တမ်း ရှစ်လကျော် ကာလအတွင်း ရောက်ရှိလာသော အချိန်တွင် ယခင် အရပ်သား တစ်ပိုင်း အစိုးရလက်ထက်ကပင် မကြားခဲ့ဖူးသော အသံအချို့ ထွက်ပေါ်လာခြင်းမှာ ဒီမိုကရေစီ အခြေခံ သဘောတရား တစ်ခုကို ပြက်ရယ်ပြုသကဲ့သို့ ဖြစ်နေပေသည်။

မန္တလေး တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်ကိုယ်စားလှယ်များ၏ မေးခွန်းများသည် တိုင်းဒေသကြီး အစိုးရကို အကျပ် ရိုက်စေမည့် မေးခွန်းများ မဖြစ်စေရန် ထိန်းကျောင်းနေရကြောင်း ပြောဆိုချက်မှာ ဒီမိုကရေစီ စနစ်၏ လွှတ်တော်နှင့် အစိုးရအကြား အပြန်အလှန် ထိန်းညှိသည့် သဘောတရားနှင့် ဆန့်ကျင်နေသလောဟု စောကြောစရာ ဖြစ်သွားခဲ့သည်။

ထို့အပြင် လွှတ်တော်ကိုယ်စားလှယ်များက သက်ဆိုင်ရာ အစိုးရကို လွှတ်တော် အတွင်းသို့ လာရောက် ဖြေကြား စေလိုသော ကြယ်ပွင့်ပြ မေးခွန်းများကို ရိုးရိုး မေးခွန်းများအဖြစ် ပြောင်းကာ စာအိတ်ဖြင့်ပိတ်ပြီး သက်ဆိုင်ရာ ဒေသအစိုးရ ဝန်ကြီးဌာနထံ ပေးပို့ မေးမြန်းစေခြင်းမှာလည်း လွှတ်တော် ကိုယ်စားလှယ်များ၏ အခွင့်အရေးနှင့် လွှတ်တော်၏ ဒီမိုကရေစီ သဘောတရားနှင့် သွေဖည်သကဲ့သို့ ဖြစ်နေပေသည်။

လွှတ်တော်ကိုယ်စားလှယ်များ၏ အခြေခံ အကျဆုံး အနိမ့်ဆုံး တာဝန်မှာ မိမိတို့ ကိုယ်စားပြု မြို့နယ်၊ ခရိုင်ဒေသတို့တွင် ဖြစ်ပေါ်နေသော ပြဿနာများ၊ အခက်အခဲများ၊ စီမံကိန်းများကို ကွင်းဆင်း စုံစမ်းကာ ယင်းတို့နှင့် ပတ်သက်၍ သက်ဆိုင်သည့် အစိုးရဌာနများကို လွှတ်တော်မှတစ်ဆင့် မေးခွန်းများ မေးမြန်းခြင်း ဖြစ်သည်။

ထို့သို့ မေးမြန်းခြင်းအားဖြင့် တစ်ချိန်တည်းမှာပင် မိမိအား ရွေးကောက် တင်မြှောက်လိုက်သော ပြည်သူများကို ၎င်းတို့ကိုယ်စား တာဝန် ထမ်းဆောင်နေကြောင်း တရားဝင် အသိပေးရာလည်း ရောက်သောကြောင့် အလုပ် လုပ်သော လွှတ်တော် ကိုယ်စားလှယ် အများစုမှာ ကြယ်ပွင့်ပြ မေးခွန်းများ မေးမြန်းကြခြင်း ဖြစ်သည်။

သို့သော် မန္တလေး တိုင်းဒေသကြီး လွှတ်တော်က ထိုမျှ ရိုးစင်းလှသော ဒီမိုကရေစီ လွှတ်တော်နှင့် ပြည်သူ့ ကိုယ်စားလှယ်များ၏ တာဝန်၊ သက်ဆိုင်ရာ ဒေသ အသီးသီးရှိ ပြည်သူများနှင့် ၎င်းတို့ တင်မြှောက် လိုက်သော လွှတ်တော် ကိုယ်စားလှယ်များအကြား ချည်နှောင်ထားသည့် ပဋိညာဉ်ကြိုးတို့ကို ဖြတ်ချရန် ကြိုးစားခြင်းမှာ များစွာ အံ့သြသင့်ဖွယ် ကောင်းလှသည်။

အရပ်သား တစ်ပိုင်း အစိုးရလက်ထက်က တပ်မတော် ကျောထောက် နောက်ခံပြု ဥပဒေပြု လွှတ်တော်နှင့် အစိုးရအဖွဲ့များ ရှိခဲ့စဉ်ကာလကပင် ထိုကဲ့သို့ အခြေအနေမျိုး မရှိခဲ့ဘဲ ဒီမိုကရေစီ အလံတော် လွှင့်ထူထားပြီး ဒီမိုကရေစီ တိုက်ပွဲ ဝင်လာခဲ့သူ အများစု ကြီးစိုးထားသော လွှတ်တော်နှင့် အစိုးရလက်ထက်ရောက်မှသာ ဤသို့သော ကန့်သတ်ချက်မျိုး ပေါ်ပေါက်လာခြင်းမှာ မဆီမလျော် ရှိလှသည်။

ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ်ကလည်း ရန်ကုန် တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးများ မကျင်းပမီ အစိုးရအဖွဲ့အပေါ် မေးခွန်းများ မေးမြန်းခြင်း အပါအဝင် အခြားကိစ္စများအတွက် လွှတ်တော်ဥက္ကဋ္ဌနှင့် ကြိုတင် တွေ့ဆုံညှိနှိုင်းလျက် ရှိကြောင်း သတင်းများ ထွက်ပေါ်လာခြင်းမှာလည်း ဒီမိုကရေစီ ခေါင်းစဉ်နှင့် အံဝင်ခွင်ကျမှု ရှိ၊ မရှိ ဆန်းစစ်ကြည့်သင့်လှသည်။

ဥပဒေပြု လွှတ်တော်နှင့် အစိုးရအဖွဲ့တို့တွင် မည်သည့် နိုင်ငံရေးပါတီ အဖွဲ့အစည်းက အများစု ကြီးစိုးထားသည်ဖြစ်စေ ဖွဲ့စည်းပုံ အခြေခံဥပဒေက ပြည်သူလူထု အကျိုးအတွက် ပေးအပ်ထားသော အပြန်အလှန် ထိန်းညှိသည့် စနစ်ကို နှစ်ဦး သဘောတူ ညှိနှိုင်း၍ ချေဖျက်ပစ်ရန် အခွင့်အာဏာ မရှိပေ။
 
အကယ်၍ ထိုကဲ့သို့ ညှိနှိုင်းကာ လွှတ်တော်နှင့် အစိုးရအဖွဲ့ အသံတူရန် ဆောင်ရွက်လာပါက လက်ရှိ ဖွဲ့စည်ပုံ အခြေခံဥပဒေကို ဆန့်ကျင်ရာ ရောက်သည့်အပြင် ဒီမိုကရေစီ စနစ်၏ အခြေခံ အကျဆုံး အပြန်အလှန် ထိန်းညှိသည့် စနစ်ကို ပြက်ရယ်ပြုသည့်သဘော သို့မဟုတ် မဲဆန္ဒရှင် ပြည်သူလူထုကို မလေးမစား ပြုသည့်သဘော သက်ရောက်သွားနိုင်ကြောင်း သိစေအပ်ပေသည်။

အယ်ဒီတာ(၂-၁ဝ-၂ဝ၁၆)


  • VIA