News

POST TYPE

EDITORIAL

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးအဖွဲ့မှ ထိုင်းသံအမတ်ဟောင်းနုတ်ထွက်
21-Jul-2018
ရန်ကုန်၊ ဇူလိုင် ၂၁

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ၏ အကြံပေးအဖွဲ့မှ ထိုင်းသံအမတ်ကြီးဟောင်းဖြစ်သူ မစ္စတာ Kobasal Churikul က နုတ်ထွက်လိုက်ပြီဖြစ်ကြောင်း အဆိုပါ သံအမတ်ဟောင်း၏ ပြောကြားချက်ကို နိုင်ငံတကာ သတင်းဌာနများက ဖော်ပြခဲ့သည်။

အဆိုပါ အကြံပေးကော်မတီမှ အမေရိကန် နယူးမက္ကဆီကို ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း ပြီးခဲ့သည့် ဇန်နဝါရီလက နုတ်ထွက်သွားခဲ့ပြီးနောက်ပိုင်း ဒုတိယမြောက် ထပ်မံနုတ်ထွက်သူ ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။

အဆိုပါ အကြံပေးကော်မတီကို ၂၀၁၇ ဒီဇင်ဘာလက ဖွဲ့စည်းထားခဲ့ခြင်းဖြစ်ပြီး အကြံပေးကော်မတီ၏ ဥက္ကဋ္ဌအဖြစ် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း မစ္စတာ Surakiart Sathiathai က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေခြင်းဖြစ်သည်။

ထိုင်းသံအမတ်ဟောင်း မစ္စတာ Kobasal Churikul က ယင်းအကြံပေးအဖွဲ့သည် လွတ်လွတ်လပ်လပ် ဆောင်ရွက်နိုင်ခြင်းမရှိခဲ့ဘဲ နိုင်ငံတကာ အသိုင်းအဝိုင်းများ၏ စိုးရိမ်မှုများအပေါ်တွင်လည်း လစ်လျှူရှုထားပြီး တရားဝင်ရုံးဖွင့်ခွင့်လည်း မရရှိသေးသောကြောင်း အောင်မြင်မှု မရှိသည့်အဖွဲ့ဖြစ်ကြောင်း နိုင်ငံတကာ သတင်းဌာနများကို ပြောကြားထားသည်။

၎င်း၏ နုတ်ထွက်မှုအပေါ် နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူထံ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းဆက်သွယ်၍ မရခဲ့ပေ။

ပြီးခဲ့သည့် အမေရိကန်နယူးမက္ကဆီကို ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း ဘီလ်ရစ်ချက်ဆင် နုတ်ထွက်သည့်ဖြစ်စဉ် ဖြစ်ပွားစဉ်က ဘီလ်ရစ်ချက်ဆင်အနေနှင့် ကော်မတီ၏လုပ်ပိုင်ခွင့်တွင် မပါဝင်သည့် ပြည်တွင်းရေး ကိစ္စရပ်များကို ဝင်ရောက်စွက်ဖက်ပြောဆိုခဲ့ပြီး ရိုက်တာသတင်းထောက် အမှုများတွင်လည်း ဝင်ရောက်စွက်ဖက် ပြောဆိုခဲ့ကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားခဲ့သည်။

အဆိုပါ အကြံပေးကော်မတီ စတင်ဖွဲ့စည်းစဉ်က ပြည်တွင်းမှ ပညာရှင်ငါးဦးနှင့် ပြည်ပပညာရှင် ငါးဦးတို့ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ပြည်ပမှ ပါဝင်သူများတွင် ထိုင်းနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးဟောင်း၊ ဆွီဒင်ပါလီမန်အမတ်၊ နယူးမက္ကဆီကို ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း၊ တောင်အာဖရိက ကာကွယ်ရေးဝန်ကြီးဟောင်းတစ်ဦးနှင့် ထိုင်းသံအမတ်တစ်ဦးတို့အပြင် ပြည်တွင်းမှပါဝင်သူများတွင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြ၊ အငြိမ်းစား ကုလသမဂ္ဂလက်ထောက်အတွင်းရေးမှူးချုပ် ဦးထွန်းမြတ်၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်လေး၊ အငြိမ်းစားသံအမတ်ကြီး ဦးလှမြင့်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဒေါ်ခင်ညိုတို့ ပါဝင်နေသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ ကော်မရှင်များ၏အကြံပြုချက်များနှင့်စပ်လျဉ်း၍ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မြေပြင်အခြေအနေအပေါ်မူတည်၍ အကျိုးရှိစွာ ထိထိရောက်ရောက် ဖော်ဆောင်နိုင်ရေးအတွက် လိုအပ်သော အကြံဉာဏ်များကို ရယူနိုင်ရန် ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း ယင်းကော်မတီ စတင်ဖွဲ့စည်းခဲ့သည့် အမိန့်ကြေညာစာတွင် ဖော်ပြထားသည်။

J-08