News

POST TYPE

EDITORIAL

အဆိုးကျော့သံသရာ ဖြတ်ပစ်ပါ (Daily, Vol-6/No-87)
21-Jul-2018 tagged as

မြန်မာလူ့အဖွဲ့အစည်းနဲ့ပတ်သက်ပြီး ဆွေးနွေးစကားပြောကြရင် အစိုးရ၊ တပ်မတော်နဲ့ နိုင်ငံသားတွေအကြောင်းက မကြာခဏဆိုသလို မပါမဖြစ် အဓိက ပလေယာတွေလို့ဆိုရမယ်။ ပြောတိုင်းလည်း အစိုးရက အဓိကနေရာမှာရှိတယ်။

ဝေဖန်စရာရှိရင်လည်း သူက ထိပ်ဆုံးမှာ။ တပ်မတော်ကတော့ အားလုံး သိတဲ့အတိုင်း မြန်မာပြည်ကို ဆယ်စုနှစ် တော်တော်ကြာကြာ တင်းတင်းကျပ်ကျပ် အုပ်ချုပ်ခဲ့တော့ ဝေဖန်တာထက်တောင် ပိုတယ်။ များသောအားဖြင့်တော့ နိုင်ငံနဲ့ ပြည်သူကို အလေးမထားကြောင်း၊ ထမ်းဆောင်ရမယ့် ကိုယ့်တာဝန်ကို မှန်မှန်ကန်ကန် မထမ်းဆောင်နိုင်ကြောင်း၊ ဆင်းရဲတွင်းနက်ပြီး အစစ အရာရာ နောက်ကျနေတဲ့တိုင်းပြည်ကို ဆွဲတင်ကယ်မနိုင်တဲ့ အရည်အချင်းမရှိကြောင်း၊ အာဏာရှင် အဆက်ဆက် ဥပဒေကို လိုသလို အသုံးချခဲ့၊ မလျော်ဩဇာသုံးပြီး ဥပဒေကျော်လွန်တာတွေ လုပ်ခဲ့တဲ့အတွက် တရားဥပဒေစိုးမိုးရေးကို ဒီနေ့အထိ ပီပြင်အောင် မလုပ်နိုင်ကြောင်းတွေက အဖန်တစ်ရာတေနေတဲ့ ဝေဖန်ဆွေးနွေးမှုတွေပေါ့။

တော်တော်များများ မေ့နေကြတာက နိုင်ငံသားတွေကိုယ်တိုင်ရော ကိုယ်လိုချင်တဲ့ အစိုးရ၊ အုပ်ချုပ်တဲ့စနစ်၊ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံဖြစ်ဖို့ ကိုယ်တိုင် က ဘယ်လောက် လေ့ကျင့် ပြင်ဆင်ထားသလဲဆိုတဲ့ အကြောင်းပါ။

ဒါကို အလွယ်တကူတွေ့နိုင်တာက ရန်ကုန်မြို့ရဲ့ နောက်ဖေးလမ်းကြား တွေနဲ့ သင်္ကြန်အပြီး လူအများအပန်းဖြေတဲ့ နေရာတွေ၊ ပွဲလမ်းသဘင်၊ အခမ်းအနား ကျင်းပပြီးစ နေရာတွေပေါ့။ အဲဒီနေရာတွေမှာ အမှိုက်တွေ မြင်မကောင်းအောင် ပစ်ထားကြတာကို အမြဲလိုလို တွေ့ နေရတယ်။ ကျွန်တော်တို့ ပြည်သူတွေ ကိုယ်တိုင်က အမှိုက်ကို စနစ်တကျ အမှိုက်ပုံးထဲမထည့်ဘဲ စည်းမဲ့၊ ကမ်းမဲ့ တွေ့ကရာ ပစ်နေကြတာက တစ်နည်းပြောရရင် သိပ်ခက်ခဲလေးပင်တဲ့ ကိစ္စ မဟုတ်ဘဲ တာဝန်မဲ့နေကြတာမဟုတ်ဘူးလား။

လက်ရှိအစိုးရတက်စမှာတော့ နိုင်ငံတော်အတိုင်ပင်ခံကိုယ်တိုင် ရှေ့က ဦးဆောင်ပြီး အမှိုက်ကောက်ပြလိုက်တော့ နိုင်ငံတစ်ဝန်း အမှိုက်စနစ်တကျ ပစ်ရေး၊ အမှိုက်ကင်းစင်ရေးအတွက် စနစ်တကျ စီမံချက်ချပြီး အကောင်အထည် ဖော်တော့မယ်လို့ မျှော်လင့်ခဲ့ကြတယ်။ လူတချို့လည်း အတိုင်ပင်ခံကိုယ်တိုင် အမှိုက်ကောက်ပြလိုက်တော့ အမှိုက်ပစ်ရမှာ လက်တွန့်သွားကြတယ်။ ဒါပေမဲ့ အဲဒါက သိပ်ကြာကြာမခံလိုက်ဘူး။ နောက်ဆက်တွဲ အကောင်အထည် ဖော်မှု၊ စည်းကမ်းဥပဒေနဲ့ ထိန်းသိမ်းကြပ်မတ်မှု၊ အရေးတယူ လေးစား လိုက်နာမှု မရှိတော့ ဒုံရင်း ဒုံရင်း ပြန်ရောက်သွားတယ်။

ပြဿနာက မြန်မာပြည်သူလူထုအများစု စည်းကမ်းမဲ့အမှိုက်ပစ်တာကို လုပ်ရိုးလုပ်စဉ်တစ်ခုလို အသားကျနေတာပေါ့။ အဲလိုအလွယ်တကူ အမှိုက်ပစ် လိုက်တာက စည်းကမ်းမဲ့တဲ့ နိုင်ငံသား၊ တာဝန်မဲ့တဲ့ နိုင်ငံသား ဖြစ်သွားတာ၊ ကိုယ့်ကြောင့် ပတ်ဝန်းကျင် ညစ်နွမ်းပေစွန်းသွားတယ်ဆိုတာ မသိကြဘူး။

အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက ဆိုတဲ့ ဆိုင်းဘုတ်ကို အခြေခံပညာကျောင်း တော်တော်များများမှာ ချိတ်ဆွဲထားပေမယ့် အခု နောက်ပိုင်း စည်းကမ်းတကျ အမှိုက်စွန့်ပစ်ဖို့ အတန်းအလိုက်၊ အရွယ်အလိုက် စနစ်တကျ ကျောင်းမှာ သင်ပေးနိုင်ရဲ့လားလို့ မေးစရာဖြစ်လာတယ်။

ကျောင်းမှာ သင်ရရင်တောင် အပြင်မှာ ပစ်ချင်တဲ့နေရာ ပစ်နေကြတော့ ကျောင်းမှာ အမှိုက်ပုံးထဲ အမှိုက်ပစ်ပြီး အပြင်ရောက်တာနဲ့ ပစ်ချင်သလို ပစ်လို့ရတယ်လို့ နှစ်မျိုးခွဲမှတ်သွားကြတယ်။ အကျိုးဆက်က ကြာလာတာနဲ့ အမျှ ကျောင်းမှာသင်တာတွေက ပြင်ပကမ္ဘာနဲ့ ချိတ်ဆက်မှုမရှိဘူး၊ အသုံးမတည့်ဘူး လို့ ထင်လာကြမယ်။

တကယ်တော့ ဒီနေ့ မြန်မာပြည်ရဲ့အခြေအနေက အပြန်အလှန် အပြစ်တင်၊ အဆိုးပြော သံသရာထဲမှာ တဝဲဝဲလည်နေသလိုဖြစ်နေတာ။ အစိုးရကို ပြည်သူက အားမရ၊ အစိုးရက ပြည်သူကို အထင်သေး၊ အရွေးကောက်ခံ အစိုးရက အာဏာရှင်အစိုးရတွေကို လွှဲချ၊ လက်နက်ကိုင်ထားသူအချင်းချင်း အပြန်အလှန်အပြစ်ဖို့၊ ဌာနဆိုင်ရာ အချင်းချင်းအကြား အပြန်အလှန် တာဝန်ရှောင် ခေါင်းလွှဲနေကြတယ်။

အားလုံးသိတဲ့ လောကနိယာမနဲ့ ပြောရရင် ထိပ်ဆုံးမှာ ရှိတဲ့သူတွေ ကိုယ်တိုင်က တာဝန်သိ၊ တာဝန်ယူ၊ တာဝန်ခံစိတ်မရှိရင် အောက်ခြေအဆင့်ဆင့် က ဝန်ထမ်းတွေနဲ့ ပြည်သူပြည်သားတွေကလည်း တာဝန်မဲ့ပြည်သူတွေ ဖြစ်လာမှာပဲ။ တစ်နည်းပြောရရင် ဒါ အဆိုးကျော့ သံသရာလည်နေတာပေါ့။ 

ဒါပေမဲ့ ဒီကနေ့ အစိုးရဆိုတာ အရင်ကလို ကိုယ့်ဘာသာ ဇွတ်အတင်း တက်လုပ်တဲ့ အစိုးရမဟုတ်တော့ဘူး။ ပြည်သူက ရွေးချယ်တင်မြှောက်တဲ့အစိုးရ ဖြစ်နေတဲ့အတွက် ပြည်သူနဲ့ အစိုးရ ချိန်စက်ကြည့်ရင် အစိုးရမှာ တာဝန်ပို များတယ်။ တာဝန်မဲ့တဲ့ ပြည်သူတွေ မဖြစ်အောင် အစိုးရက နည်းလမ်းမျိုးစုံနဲ့ ပြုပြင်ပေးရမယ်။ ဒါကလည်း အစိုးရဖြစ်လာရင် မဖြစ်မနေထမ်းရမယ့် တာဝန်ပဲ။

ပြည်သူကလည်း အစိုးရတာဝန်ဆိုပြီး ကိုယ်နဲ့ မဆိုင်သလို နေလို့မရဘူး။ ရွေးကောက်ပွဲမှာ မဲပေးလိုက်ရုံနဲ့ တာဝန်ကျေသွားပြီလို့ မဆိုနိုင်ဘူး။ အနိမ့်ဆုံး အဆင့် စည်ပင်တာဝန်မကျေတဲ့ စည်ပင်ကအစ အစိုးရတာဝန်မကျေတဲ့ အစိုးရတွေ အထိ ထောက်ပြ အရေးဆိုတာ၊ တောင်းဆို ဆန္ဒပြတာ၊ ကန့်ကွက်မဲပေးတာ မျိုးနဲ့ ပြန်ပြီးထိန်းပေးနိုင်တယ်။ အရေးကြီးတာက ဒီနေ့အထိ လည်နေတဲ့ အဆိုးကျော့ သံသရာကို တစ်ဖက်ဖက်က ဖြတ်မပစ်နိုင်ရင် ဒီနိုင်ငံ ဘယ်တော့မှ ကြီးပွား ချမ်းသာမှာ မဟုတ်ဘူးဆိုတာကို သိစေချင်လို့ပါ။

အယ်ဒီတာ (၂၁-၇-၂၀၁၈)

(လက်ရှိဖြစ်ပေါ်နေသော အခြေအနေနှင့် ကိုက်ညီနေသောကြောင့် ၁၉-၅-၂၀၁၈ နေ့ထုတ် The Voice Daily သတင်းစာတွင် ဖော်ပြခဲ့ပြီးသော အယ်ဒီတာ့အာဘော်ကို ပြန်လည်ဖော်ပြခြင်း ဖြစ်ပါသည်။)

  • TAGS