News

POST TYPE

EDITORIAL

တန်ဖိုးကိစ္စ (Daily, Vol-6/No-86)
19-Jul-2018 tagged as

မြန်မာရှေးလူကြီးများ သို့မဟုတ် မြန်မာပညာရှိများ ပြောဆိုခဲ့သည့် ဆိုရိုးစကားတစ်ခွန်းရှိသည်။ ယင်းမှာ “စည်းကမ်းသည် လူ၏တန်ဖိုး”ဟူ၍ဖြစ်သည်။ လူတစ်ယောက်၏တန်ဖိုးကို ယင်းလူပုဂ္ဂိုလ် စည်းကမ်းမည်မျှရှိသနည်း ဆိုသည့်အပေါ်တွင် အကဲဖြတ်သည့်သဘောဟု ဆိုနိုင်သည်။

စည်းဆိုသည်မှာ အရာဝတ္ထုတစ်ခုနှင့်တစ်ခု သို့မဟုတ် နေရာတစ်ခုနှင့် တစ်ခုအကြား ကွဲပြားစေရန် ပိုင်းခြားပေးထားသည့် မျဉ်းကြောင်းဟု တိုက်ရိုက်အဓိပ္ပာယ် သက်ရောက်ပြီး ကမ်းဆိုသည်မှာ မြစ်၊ ချောင်းများ၏ ဘေးတစ်ဖက်တစ်ချက်ကို အနားသတ်များကို ခေါ်ဆိုခြင်းဖြစ်သည်။ 

ယင်းသို့ သီးခြား အဓိပ္ပာယ်နှစ်ခု ရှိသော်လည်း အနက်သဘောချင်း များစွာ မကွာခြားလှသည့် စကားလုံးနှစ်ခု ပေါင်းထားသောစည်းကမ်းမှာ လူ့အဖွဲ့အစည်းတို့အတွက်မူ ဆောင်ရန်၊ ရှောင်ရန် သတ်မှတ်ပြဋ္ဌာန်းချက်များဟု ယေဘုယျ ပြောရမည်ဖြစ်သည်။

လူ့အဖွဲ့အစည်းတို့၏တန်ဖိုးကို စည်းကမ်းရှိမှု အတိုင်းအတာဖြင့် ယတိပြတ်သတ်မှတ်၍မရသော်လည်း ဖွံ့ဖြိုးတိုးတက်၊ ချမ်းသာသော လူ့အဖွဲ့အစည်းတိုင်း သူ့အတိုင်းအတာနှင့်သူ စည်းကမ်းရှိကြသည်မှာ မငြင်းနိုင်သောအချက် ဖြစ်သည်။ တစ်ဖန် ဖွံ့ဖြိုးမှုနောက်ကျ ဆင်းရဲသော လူ့အဖွဲ့အစည်းတို့ကို လေ့လာကြည့်သည့်အခါ စည်းကမ်းပိုင်းတွင် များစွာ လျော့ရဲနိမ့်ကျနေသည်ကို တွေ့နိုင်သည်။

စည်းကမ်းဆိုသည်မှာ သာမန် မိသားစုတစ်စု၊ စာသင်ခန်းတစ်ခန်း၊ တက္ကသိုလ်တစ်ခုမှသည် နိုင်ငံတော်တစ်ခု၊ လူ့အဖွဲ့အစည်းတစ်ရပ်လုံးအတွက် ပြောရပါက မည်သူမဆို၊ နိုင်ငံသားမှန်သမျှ လေးစားလိုက်နာရမည့်ဥပဒေများဟု ဆိုနိုင်သည်။ ဥပဒေဟုဆိုပါက ဥပဒေပြုရေးနှင့် တရားစီရင်ရေး မဏ္ဍိုင်တို့က ထိပ်ဆုံးတွင်ရှိနေသည်။

တစ်နည်းအားဖြင့်ဆိုရပါက နိုင်ငံသားတို့၏ တန်ဖိုးမြင့်ခြင်း၊ နိမ့်ခြင်းမှာ သက်ဆိုင်ရာ နိုင်ငံတို့၏ ဖွဲ့စည်းပုံအခြေခံဥပဒေမှသည် တည်ဆဲဥပဒေများ၊ တရားရုံး အဆင့်ဆင့်တို့၏ တရားမျှတမှု၊ ခေတ်နှင့်လျော်ညီအပ်စပ်မှု၊ နိုင်ငံသားများအပေါ် မတရားမှုများ၊ ခြိမ်းခြောက်မှုများမှ အကာအကွယ်ပေးနိုင်မှုတို့အပေါ်တွင် မူတည်သည်။

ဥပဒေနှင့် တရားရုံးများအပေါ် သက်ဆိုင်ရာ နိုင်ငံသားများ၏ ယုံကြည်လေးစားမှု အတိုင်းအတာအပေါ် မူတည်ကာ ထိုနိုင်ငံများ မည်သည့်အဆင့်တွင်ရှိသည်၊ မည်မျှတန်ဖိုးရှိသည်ဆိုခြင်းကို အကြမ်းဖျင်း အကဲဖြတ်နိုင်သည်။

ယနေ့ မြန်မာလူ့အဖွဲ့အစည်းကိုလည်း ဥပဒေများ၊ တရားရုံးများ၊ တရားသူကြီးများ၊ ရဲတပ်ဖွဲ့ဝင်များစသည့် ဥပဒေအဝန်းအဝိုင်းအတွင်းရှိသူများအပေါ် ပြည်သူလူထုက မည်မျှ ယုံကြည်လေးစားသနည်း ဆိုသောအချက်ဖြင့် တိုင်းတာကြည့်ပါက နိုင်ငံနှင့် နိုင်ငံသားတို့၏ တန်ဖိုးကို အလွယ်တကူ သိနိုင်သည်။

သို့သော် ထိုအဝန်းအဝိုင်း တစ်ခုတည်းကြောင့် တန်ဖိုးကျနေသည်ဟုလည်း ယတိပြတ်ပြော၍မရဘဲ ယင်းသို့ဖြစ်စေရန် စေ့ဆော်ပေးသည့် အခြားသော အခြေအနေ များစွာလည်း ရှိနေပေသည်။ အများသိထားသည့် ယထာဘူတ အကျဆုံးအချက်မှာ ကျင့်သုံးသော အုပ်ချုပ်စီမံခန့်ခွဲသည့်ပုံစံ သို့မဟုတ် အသွင်သဏ္ဌာန်က အခြေခံ အကြောင်းအရင်းဖြစ်သည်။

အုပ်ချုပ်စီမံခန့်ခွဲသည့် ပုံစံသည် ဒီမိုကရေစီစနစ်ကို အခြေခံသည်ဖြစ်စေ၊ အာဏာရှင်စနစ်ကို အခြေခံသည်ဖြစ်စေ ခေါင်းဆောင်၏ ဉာဏ်ပညာ၊ အမြော်အမြင်၊ စိတ်ထား၊ ခံယူချက်တို့အပေါ် မူတည်ကာ သက်ဆိုင်ရာ နိုင်ငံများ တန်ဖိုးတက်ခြင်း တန်ဖိုးကျခြင်းတို့ ဖြစ်ပေါ်တတ်ပြန်သေးသည်။

ပြောရလျှင် “လူ”ဟုခေါ်သည့် ပုဂ္ဂိုလ်၊ တစ်ဦး၊ တစ်ဖွဲ့ကို မဏ္ဍိုင်ပြု၍ သို့မဟုတ် ဦးစားပေး၍ စီမံခန့်ခွဲ အုပ်ချုပ်သော ပုံစံနှင့် “မူ”ဟုခေါ်သော အင်စတီကျူးရှင်းများ၊ ဆီလျော်၊ မျှတ၊ ခေတ်မီ၊ လွှမ်းခြုံမှုရှိသော ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများကို အခြေပြု၍ စီမံခန့်ခွဲအုပ်ချုပ်မှုတို့အပေါ် မူတည်ကာ နိုင်ငံနှင့် နိုင်ငံသားတို့၏ တန်ဖိုးများ တက်ခြင်း၊ ကျခြင်း၊ မြင့်မားခြင်း၊ နိမ့်ကျခြင်းတို့ ဖြစ်ရကြောင်း သိစေလိုရင်းဖြစ်သည်။

အယ်ဒီတာ (၁၉-၇-၂၀၁၈)

(လက်ရှိဖြစ်ပေါ်နေသော အခြေအနေနှင့် ကိုက်ညီနေသောကြောင့် ၂၆-၃-၂၀၁၈ နေ့ထုတ် The Voice Daily သတင်းစာတွင် ဖော်ပြခဲ့ပြီးသော အယ်ဒီတာ့အာဘော်ကို ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။)

  • TAGS